Thursday, 13 January 2011

လမ်းကြောင်း ရွှေးချယ်စို့

  • Know this, that ev’ry body is free
  • To choose his life and what he’ll be;


ဒီအချက်ကို နားလည်ပါ။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ရွေးချယ်ဖို့၊ ကိုယ် ဘယ်လိုလူ ဖြစ်မယ်ဆိုတာကို ရွေးချယ်ဖို့ လွတ်လပ်မှု ရှိပါတယ်။

choose ဆိုတဲ့ စကားလုံးကို သေသေချာချာ မှတ်ထားပါ။

I have the freedom to be who I want to be. I am not going to give that freedom away.

ငါဖြစ်ချင်တဲ့သူ ဖြစ်လာဖို့ ငါ့မှာ လွတ်လပ်မှု ရှိတယ်။ အဲဒီ လွတ်လပ်မှုကို ငါဘယ်တော့မှ မပေးလိုက်ဘူး။

ကိုယ့်ကို သူများပုံသွင်းတာကို လက်ခံတဲ့ သူဟာ ဒီလွတ်လပ်မှုကို လက်လွတ်ဆုံးရှုံး ခံလိုက်သူပဲ။ ဒီ လွတ်လပ်မှုမျိုး ရှိတယ်လို့တောင် မတွေးမိကြ ပါဘူး။ ကိုယ် ဘယ်လိုလူ ဖြစ်ချင်လဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ လွတ်လပ်တဲ့သူ ဖြစ်ချင်တယ်လို့ ပြောတဲ့သူ သိပ် နည်းပါးတယ်။

ကလေးတွေကို မိဘတွေက မေးတတ်တယ်။ သားကြီးလာရင် ဘာလုပ်မလဲ… လို့ မေးတတ်တယ်။ ဆရာဝန် လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေရင် မိဘတွေက သိပ် သဘော ကျတတ်တယ်။ ဘာလုပ်မလဲလို့ မေးတတ်တယ်။ ဘာဖြစ်ချင် သလဲ လို့တော့ မေးလေ့ မရှိဘူး။ ဒီမေးခွန်း နှစ်ခုဟာ အတူတူပဲလို့ ထင်ချင် ထင်မယ်။ ဒါပေမယ့် တကယ်တော့ ဒီမေးခွန်း နှစ်ခုဟာ လုံးဝ မတူပါဘူး။

ဘာဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းက ဘယ်လို အလုပ်မျိုးကို လုပ်ချင်သလဲလို့ မေးတာ။ အလုပ်ကို လူနဲ့ ထပ်တူပြု တတ်တယ်။ ခင်ဗျား ဘာလုပ်သလဲလို့ မေးရင်- ဆရာဝန် လုပ်တယ်၊ အင်ဂျင်နီယာ လုပ်တယ်၊ ကျောင်းဆရာ လုပ်တယ်၊ ကုန်သည် လုပ်တယ်… စသည်ဖြင့် ဖြေကြမယ်။ ခင်ဗျား ဘယ်လိုလူလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို ကျောင်းဆရာလဲ… လို့ မေးရင်ကော ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို မြို့နယ် အရာရှိလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ဘယ်လို တရားသူကြီး မျိုးလဲ… လို့ မေးရင်ကော။

မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးဖို့ လိုတယ်။ အဖြေကိုလည်း စဉ်းစဉ်းစားစား ဖြေဖို့ လိုတယ်။

ဘယ်လိုလူလဲ ဆိုတဲ့ မေးခွန်းအတွက် ဖြေနိုင်တဲ့ အဖြေက… ကျွန်တော်က ကိုယ့်အား ကိုယ်ကိုးတဲ့သူ၊ ကျွန်တော်က လွတ်လွတ်လပ်လပ် နေတဲ့သူ၊ ကျွန်တော်က ရိုးရိုးသားသား လုပ်ကိုင် စားသောက်တဲ့သူ၊ ကျွန်တော်က ကျောင်းသူ ကျောင်းသား တွေကို တကယ် ပညာတတ်တွေ ဖြစ်လာအောင် စေတနာ အပြည့်နဲ့ သင်ပေးနေတဲ့ သူပါ၊ ကျွန်တော်က တရား မျှတမှုကို လိုလားတဲ့ မြို့နယ် အရာရှိပါ၊ ကျွန်တော်က တရား ဥပဒေကို တကယ် မြတ်နိုးလို့ တရား ဥပဒေအတိုင်း ဆုံးဖြတ်တဲ့ တရား သူကြီးပါ။ ဆက်ပြီး စဉ်းစားပါ။

Liberty, taking the word in its concrete sense, consists in the ability to choose. (Simone Weil)

လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို သူ့ရဲ့ အရိုးဆုံး၊ အရှင်းဆုံး အဓိပ္ပါယ် ကောက်ရရင် ရွေးချယ်နိုင်တဲ့ စွမ်းရည် ရှိခြင်းလို့ ဆိုရမယ်။

ရွေးချယ်နိုင်စွမ်း တစ်ခုတည်းက လွတ်လပ်မှုရဲ့ ပြည့်စုံတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးချယ် နိုင်စွမ်းဟာ လွတ်လပ် မှုရဲ့ အရေးပါဆုံး အဓိပ္ပါယ် တစ်ခု ဖြစ်ပါတယ်။ ရွေးချယ် နိုင်စွမ်းမှ မရှိရင် တခြား ဘာလွတ်လပ်မှုမှ မရှိတော့ဘူး။

ငါလုပ်နိုင်တဲ့ အလုပ် ဘယ်နှစ်မျိုး ရှိသလဲ။ အဲဒီ အလုပ်တွေ ထဲက ဘယ်ဟာကို ဦးစားပေးပြီး လုပ်မလဲ… ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ရင် လွတ်လပ်မှု မရှိဘူး။ ခိုင်းတာ လုပ်မယ်ဆိုတဲ့ လူမှာ လွတ်လပ်မှု ရှိသလား။

Patterning your life around other’s opinions is nothing more than slavery.

ကိုယ့်ဘ၀ကို သူများ အယူအဆ အတိုင်း ပုံသွင်းလိုက် တာဟာ ကျွန်ခံလိုက် တာထက် ပို မထူးပါဘူး။ သူများလုပ်လို့ လုပ်တယ်။ သူများ ကြိုက်လို့ ကြိုက်တယ်။ သူများ ယုံလို့ ယုံတယ်… ဆိုရင် ကျွန်ဖြစ်ပြီ။

မရွေးချယ်ရင် မလွတ်လပ်ဘူး။ ကိုယ် ဘယ်လို နေမယ်။ ဘာလုပ်မယ်။ ဘယ်လို ပညာကို တတ်အောင် လေ့လာမယ်၊ ရှာမယ် ဆိုတာကို ဘယ်သူက ရွေးချယ်ပေးသလဲ။ ကိုယ့်ဟာကိုယ် ရွေးချယ်သလား၊ သူများ ရွေးချယ်ပေး သလား။ များသော အားဖြင်တော့ သူများ ရွေးချယ်ပေး တာကို လက်ခံလိုက် ကြတယ်။ သက်သာ တာကိုး။

Everyrhing can be taken from a man but … the last of the human freedoms – to choose one’s attitude in any given set of circumstances, to choose one’s own way. (Victor Frankle)

လူတစ်ယောက် ဆီက ကျန်တာတွေ အားလုံး ယူသွားလို့ ရတယ်၊ ဒါပေမယ့် အခြေအနေ တစ်ခုမှာ ကိုယ် ဘယ်လို သဘောထား မလဲ၊ ဘယ်လိုလမ်းကို ရွေးမလဲ ဆိုတဲ့ နောက်ဆုံး လွတ်လပ်မှု ကိုတော့ ဘယ်သူမှ ယူသွားလို့ မရဘူး။


ကောင်းတာ လုပ်မလား၊ ဆိုးတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။

ရိုးသားတာ လုပ်မလား၊ မရိုးသားတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။

ရက်စက်မလား၊ ညှာတာမလား၊ ခွင့်လွှတ်မလား၊ လက်စားခြေ မလား။

အခြေအနေ အရ လုပ်လိုက်ရ တာပဲ လို့ ပြောတဲ့ သူမှာ ဘာ လွတ်လပ်မှုမှ မရှိဘူး။ ခံယူချက် မရှိတဲ့ သူမှာ လွတ်လပ်မှု မရှိဘူး။ အခြေအနေက အရာရာ တိုင်းကို အဆုံးအဖြတ် ပေးနေရင် ဘာရွေးချယ်လို့ ရမလဲ။

When a man ceases to choose, he ceases to be a man. (Anthony Burgess)

ရွေးချယ်တာကို မလုပ်တော့တဲ့ အခါမှာ သူဟာ လူ မဟုတ်တော့ဘူး။

ဒါကြောင့် လူ့အဆင့် အတန်းကနေ ကျမသွားချင်ရင် ကိုယ်ဘာကို ရွေးချယ်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားရမယ်။ ဉာဏ်နဲ့ ရွေးချယ်မှ လွတ်လပ်မှု ရှိတယ်။ ဉာဏ်မပါဘဲ ရွေးတယ် ဆိုတာ တကယ်ရွေးတာ မဟုတ်ဘူး။ ခေါင်းပန်း လှန်သလို လုပ်တာဟာ ရွေးချယ်တာ မဟုတ်ဘူး။ ရွေးချယ်မှု တိုင်းဟာ မှန်ကန်တဲ့ အချက်အလက် မှန်ကန်တဲ့ အကြောင်း အကျိုးမှာ အခြေခံ ရမယ်။

Your life is the sum result of all the choices you make, both consciously and unconsciously. If you can control the process of choosing, you can take control of all aspects of your life. You can find the freedom that comes from being in charge of yourself. (Robert F. Bennett)

ကိုယ့်ဘ၀ဟာ သိလျှက်ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ကိုယ့်ရဲ့ ရွေးချယ်မှုတွေ အားလုံးရဲ့ စုပေါင်း ရလာဒ်ပဲ။ ရွေးချယ်မှုကို ကိုယ့်လက်ထဲမှာ မိမိရရ ကိုင်ထားလို့ ရရင် ကိုယ့်ဘ၀မှာ ဖြစ်သမျှကို ထိန်းချုပ်လို့ ရပြီး ကိုယ့်ဘ၀ကို ကိုယ် စီမံနိုင်တဲ့ လွတ်လပ်မှုကို ရပြီ။

ရွေးချယ်မှုဆိုတာ လုပ်နေကြရ ပါတယ်။ များသော အားဖြင့်တော့ သေသေချာချာ မစဉ်းစားဘဲ ရွေးချယ်လိုက် ကြတယ်။ သူများ ၀တ်သလို ၀တ်မယ်… ဆိုတာလည်း ရွေးချယ်မှုပဲ။ ဒါပေမယ့် ဒီလို ရွေးချယ်မှုက ဉာဏ်ကို မသုံးရတဲ့ ရွေးချယ်မှု ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ ဘ၀ကို ရဖို့ အထောက်အပံ့ မဖြစ်ဘူး။ ငါ ဘယ်လိုလူလဲ၊ ငါနဲ့ တကယ် သင့်တော်တာ ဘာလဲ.. ဆိုတဲ့ မေးခွန်းကို မေးပြီး အဖြေကို ရှာမှ ဉာဏ်ပါတဲ့ ရွေးချယ်မှု ဖြစ်မယ်။ လွတ်လပ်တဲ့ ဘ၀ကို ပုံဖော်ဖို့ အထောက်အပံ့ ဖြစ်မယ်။

တကယ်လို့ လူ အများစုဟာ ကိုယ့်ဘ၀ကို ကိုယ် ရွေးချယ်တယ် ဆိုရင် ဒီစကားကို ပြောဖို့ လိုမလား။ မလိုဘူး.. နော်။

လွတ်လပ်မှု ဆိုတာ ဘာလဲ။


လွတ်လပ်မှု ဆိုတာ ရွေးချယ်ခွင့်ကို ဆိုတယ်။

ကိုယ် ရွေးချယ်ရမယ့် အရာတွေကို ကိုယ်ကိုယ်တိုင်

ဖန်တီးခွင့်ကို ဆိုတယ်။

ကောင်းတယ် ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သူများနောက် လိုက်ပြီး မဖြေဘဲ သူများ ပေးထားတဲ့ အဖြေကို အဆင်သင့် မယူဘဲ ကောင်းတယ် ဆိုတာကို ကိုယ့်ဉာဏ်နဲ့ကိုယ် လွတ်လွတ် လပ်လပ် သိပြီး လုပ်နိုင်မှ တကယ် စစ်မှန်တဲ့ ရွေးချယ်မှု ဖြစ်မယ်။

ကိုယ် ဘာကို ရွေးချယ်မယ် ဆိုတာ ကိုလည်း ကိုယ်ပဲ လုပ်ယူရမယ်။ ဖန်တီးယူရ မယ်နော်။ ဒီ နှစ်ခုထဲက တစ်ခုကို ရွေးပါ ဆိုတာ တကယ် စစ်မှန်တဲ့ ရွေးချယ်ခွင့် မဟုတ်ဘူး။ ကန့်သတ် ထားတဲ့ ရွေးချယ်ခွင့်ဟာ ရွေးချယ်ခွင့် အတုပဲ ဖြစ်တယ်။


ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင်

ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ

လူအဆင့်မှာ မရှိတော့ဘူး။

While we are free to choose, once we have made those choices, we are tied to the consequence of those choices. We are free to take drugs or not. But once we choose to use a habit-forming drug, we are bound to the consequences of that choice. Addiction surrenders later freedom to choose.

လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိတဲ့အခါမှာ ကိုယ်က တစ်ခုခုကို ရွေးချယ်လိုက်ပြီ ဆိုရင်တော့ ကိုယ် ရွေးချယ်မှုရဲ့ နောက်က လိုက်ပါလာမယ့် အကျိုးဆက် တွေက တွဲပြီး ပါလာမယ်။ မူးယစ်ဆေးကို သုံးမယ်၊ မသုံးဘူး ဆိုတာ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် စွဲစေတတ်တဲ့ မူးယစ်ဆေးကို ကိုယ်က ရွေးချယ်လိုက်ပြီ ဆိုရင် အဲဒီ ရွေးချယ်မှု နောက်က ပါလာတဲ့ ဆိုးကျိုးတွေနဲ့ နှောင်ဖွဲ့မိပြီ။ စွဲနေတာဟာ နောက်ပိုင်း လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်တာပဲ။ စွဲသွားရင် လွတ်လပ်မှု မရှိတော့ဘူး။

  • In nameless ways be good and kind,
  • But never force the human mind.

နာမည်တပ်လို့ မရတဲ့ နည်းမျိုးစုံနဲ့ ကောင်းတာကို လုပ်ပါ၊ စာနာပါ၊ ကြင်နာပါ။ ဒါပေမယ့် လူ့စိတ်ဓါတ် ကိုတော့ အတင်းအကျပ် အနိုင်မယူပါနဲ့။

မယုံချင်တာကို အတင်း ယုံခိုင်းတယ်၊ မလုပ်ချင် တာကို အတင်း လုပ်ခိုင်းတယ်၊ မထောက်ခံ ချင်တာကို အတင်း ထောက်ခံခိုင်းတယ်၊ ကိုယ့် အယူအဆနဲ့ မတူတဲ့သူကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ ခေတ် အဆက်ဆက် အဲသလို လုပ်ခဲ့ကြတယ်၊ အခုခေတ်လည်း လုပ်နေကြ တုန်းပဲ။

  • Freedom and reason make us men;
  • Take these away, what are we then?

လွတ်လပ်မှုနဲ့ အကြောင်းအကျိုး ကိုက်အောင် စဉ်းစား တွေးခေါ်နိုင် စွမ်းက ဒို့ကို လူဖြစ်အောင် လုပ်ပေးတယ်။ အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို့က ဘာလဲ…။

အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်း ရှိမှလည်း လွတ်လပ်မှု ရှိမယ်။ အကြောင်း အကျိုးကိုက်အောင် မတွေးနိုင်တဲ့ သူမှာ ဘယ်လို လွတ်လပ်မှုမျိုး ရှိမလဲ။ မယုံသင့်တာတွေ၊ သဘာဝ မကျတာတွေကို ယုံနေတဲ့ သူတွေဟာ လွတ်လပ်မှု မရှိတဲ့ သူတွေ ဖြစ်နေကြတယ်။

ဒါကြောင့် အကြောင်း အကျိုး ကိုက်အောင် တွေးခေါ်တတ်တဲ့ သူတွေ၊ စဉ်းစားတတ်တဲ့ သူတွေ ဖြစ်ဖို့ ကြိုးစားရမယ်။ လူတစ်ယောက်ကို အကြောင်း အကျိုး မကိုက်တာ တွေကို ယုံအောင် လုပ်လိုက်မယ်၊ သဘာဝ ကျကျ မစဉ်းစား တတ်အောင် လုပ်လိုက်မယ် ဆိုရင် သူ့ကို မလွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါကြောင့်


ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင်

သဘာဝ မကျတဲ့ အကြောင်းအကျိုး မကိုက်တာကို

ဘယ်တော့မှ မယုံဘူးလို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ

သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်။

ကိုယ့်ကို သူများက လှည့်စားလို့ ရရင် ကိုယ့်လွတ်လပ်မှု ဆုံးရှုံး နေပြီ။ ဘယ်သူတွေက ဘယ်လို နည်းတွေနဲ့ ကိုယ့်ကို လှည့်စားနေ သလဲ။ ဘာကြောင့် သူတို့က လူတွေကို လှည့်စားဖို့ ဒီလောက် ကြိုးစားနေကြ သလဲ။

  • Mere animals, and just as well
  • The beasts may think of heav’n or hell.

(လွတ်လပ်မှုနဲ့ အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်းကို ဖယ်ရှား လိုက်ရင် ငါတို့က ဘာလဲ။) တိရစ္ဆာန် မျှပဲ။ ကောင်းကင်ဘုံ သို့မဟုတ် ငရဲဘုံကို တွေးကောင်း တွေးမယ့် တိရစ္ဆာန် အရိုင်းပဲ။

  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.

ငါတို့ရဲ့ စွမ်းရည် သတ္တိတွေကို ငါတို့ အလွဲသုံးစား မလုပ်ကြပါ စို့နဲ့။ အဲဒါ လုပ်မယ့် အစား မှန်ကန်တာ လုပ်မယ့် လမ်းနဲ့ ကောင်းမွန်တာ လုပ်တဲ့ လမ်းကို ရွေးကြပါစို့။

ကိုယ့်ရဲ့ စွမ်းရည် သတ္တိဆိုတာ အကြောင်းအကျိုး သဘာဝ ကျကျ စဉ်းစား နိုင်တဲ့ စွမ်းရည် သတ္တိပဲ။ ဒါဟာ လူသားရဲ့ အကြီးမားဆုံး စွမ်းရည် ဖြစ်တယ်။ ဒီစွမ်းရည်ကို အလွဲသုံးစား မလုပ်ရဘူး။ ဒီစွမ်းရည်ကို သုံးပြီးတော့ပဲ မှန်ကန်တဲ့လမ်း၊ ကောင်းတဲ့လမ်းကို ရွေးရမယ်။ ဒီစွမ်းရည်ကို မသုံးနိုင်ရင် မမှန်တဲ့ လမ်းကို ရောက်ဖို့ များတယ်။ ကိုယ်က ကိုယ့်ဉာဏ်နဲ့ကိုယ် မရွေးနိုင်ရင် သူများက ကိုယ့်အတွက် ရွေးပေးလိမ့်မယ်။

အကြောင်းအကျိုး ကိုက်အောင် မစဉ်းစား တတ်တဲ့ သူတွေက သူများကို ဆရာလုပ်နေ ကြတာ တော်တော် များပါတယ်။ လူအများစုဟာ အဲဒီလို လူတွေကို ဆရာ တင်ထားကြတယ်။ ဆရာက အကြောင်း အကျိုး ကိုက်အောင် မတွေးနိုင်ဘူး ဆိုရင် သူ့တပည့်က ဘယ်လို လုပ်ပြီး အကြောင်း အကျိုး ကိုက်အောင် သဘာဝ ကျအောင် တွေးနိုင်တော့ မလဲ။

ဗေဒင် ဆရာတွေ၊ နတ်ကတော်တွေ၊ ဘိုးတော်တွေ၊ မယ်တော်တွေ၊ ၀ိဇ္ဇာဆိုတဲ့ သူတွေကို ဆရာ တင်ထားကြတဲ့ သူတွေဟာ ဘယ်လိုလုပ် အကြောင်း အကျိုး ကိုက်အောင် တွေးနိုင်မလဲ။ အခက်အခဲ တစ်ခု ရှိတဲ့ အခါ သဘာဝကျတဲ့ အဖြေနဲ့ လုပ်နည်းကို မရှာဘဲ သဘာဝ မကျတဲ့ လုပ်နည်းနဲ့ ဖြေရှင်းနေရင် အဲဒီ အခက်အခဲဟာ ဘယ်လို အဆင်ပြေနိုင် မလဲ။

———-*****———-

ကဗျာလေးကို တစ်စု တစ်ဝေးတည်း ပြန်ကြည့်ရင်

  • “Know this, that ev’ry body is free
  • To choose his life and what he’ll be;
  • In nameless ways be good and kind,
  • But never force the human mind.
  • Freedom and reason make us men;
  • Take these away, what are we then?
  • Mere animals, and just as well
  • The beasts may think of heav’n or hell.
  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.”

ဆရာတော် ဦးဇောတိက




No comments: