Saturday 1 November 2008

သရဏဂုံ(၃)ပါးမှတ်ဖွယ်




သရဏဂုံ။ ။ သရဏ +ဂမန ဟူသောပါဠိမှ သရဏဂုံ ဟုမြန်မာစကားဖြစ်လာသည်။
(သရဏ= ကိုးကွယ်ရာဟူ၍ +ဂမန= အသိအမှတ်ပြုလျှက် ဆည်းကပ်ခြင်း) ဘုရား တရား
အရိယာ သံဃာသည် ကိုးကွယ်ရာ အစစ်ဖြစ်၏ ဟုအသိအမှတ်ပြုလျက် ရိုသေလေးမြတ်ဆည်းကပ်လိုသော
ကုသိုလ်စေတနာကို သရဏဂုံ ဟုခေါ်၏။ ၁- ဘုရားကိုးကွယ်မှု၊ ၂-တရားကိုးကွယ်မှု ၊၃- အရိယာသံဃာကိုးကွယ်မှုအားဖြင့် ၃ပါးရှိသည်။ သရဏဂုံသုံးပါးဟု ယခုကာလခေါ်ဆိုကြသည်မှာလည်း
ဤသုံးပါးပင်ဖြစ်ပါသည်။ မိမိသန္တာန်၌ ထိုရတနာသုံးပါးကိုဆည်းကပ်ကိုးကွယ်လိုသော စိတ်စေတနာဖြစ်နေကြောင်း ထင်ရှားပြဖို့ရာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသောပါဠိကိုဖြစ်စေ ။ဘုရားကိုးကွယ်ပါ၏
စသောမြန်မာစကားကိုဖြစ်စေ ၊ရွတ်ဆိုခြင်းသည် သရဏဂုံဆောက်တည်ခြင်းမည်၏။
ထိုသို့ဆောက်တည်ရာဝယ်........

ဗုဒ္ဓံ။ ။ ဗုဒ္ဓံ- အရဘုရားဟုဆိုရာ၌ရုပ်ပုံ ရုပ်ပွားဆင်းတုတော်များလောက်တွင် စိတ်မထားဘဲဘုရားဂုဏ်တော်
ဖွင့်၌ပြခဲ့သော ဘုရားရှင်ကို ရည်မှန်း၍ထားရာ၏။
ဓမ္မံ။ ။ဓမ္မံ-အရ တရားဟုဆိုရာ၌ ယခုကာလဓမ္မကတိကတွေ၊ သံရှည်သံတိုဆွဲ၍ ယပ်လှဲယပ်ထောင်တရားများနှင့် စာအုပ်စာပေတွေလောက်တွင် စိတ်မထားဘဲ ဓမ္မစကြာ၊
အနတ္တလက္ခဏာသုတ် မဟာသတိပဋ္ဌာန် စသောဘုရားဟောပါဠိတော် ၊အဋ္ဌကထာကျမ်းစာအစဉ်နှင့်
မဂ်ဖိုလ် နိဗ္ဗာန်တရားများကို ရည်မှန်း၍ထားရာ၏။
သံဃံ။ ။သံဃံ- အရ သံဃာဟုဆိုရာ၌စိတ်မထားဘဲ သံဠာဂုဏ်တော်၌ပြခဲ့သော အရိယာသံဃာကိုရည်မှန်း
ထားရာ၏။ ဤသို့ရည်မှန်းနိုင်မှသာသရဏဂုံ အစစ်အမှန်ရမည်ဖြစ်ပါသည်။
ရတနာမြတ်သုံးပါးသည် အပ္ပါယ်ဆင်းရဲ ၊သံသရာဆင်းရဲတို့မှ မကျရောက်အောင်ဟောတော်မူသောအားဖြင့်
စောင့်ရှောက်တော်မှုပေရကား........
ကိုး =ရတနာသုံးပါးကို ကိုးစားရာ(အားကိုးစရာ)ဟူ၍လည်းကောင်း။
ကွယ်= ဘေးရန်ပေါ်လာလျင်ကာကွယ်ဖို့ရာ ဟူ၍လည်းကောင်း။
လဲလျောင်း=(မဘအပေါ်မှာယုံကြည်၍ သားသမီးများလဲလျောင်းအိပ်နေသလို) ရတနာသုံးပါးအပေါ်တွင်ကောင်းစွာယုံကြည်၍လဲလျောင်းဖိုရာ ဟူ၍လည်းကောင်း၊
ပုန်းအောင်း=အပ္ပါယ်ဘေး မရောက်အောင်ပုန်းအောင်းနေဖို့ရာ ဟူ၍ လည်းကောင်း။
မှီခို=မိဘကို သားသမီးကမှီခိုသကဲ့သို့ မှီခိုဖို့ရာ ဟူ၍လည်းကောင်း အသိအမှတ်ပြုလျက်
နှစ်နှစ်သက်သက်မှီဝဲဆည်းကပ်ပါ၏ ဟုဆိုလိုသည်။
တစ်ကြိမ်ဆောက်တည် တစ်သက်တည်။ ။ဤသို့ယုံကြည်လေးမြတ်စွာ တစ်ကြိမ်လောက်ဆောက်တည်ထားလျှင်ယုံကြည်စိတ်မပျက်သမျှ တသက်လုံး
သရဏဂုံတည်သူ မည်တော့၏။

No comments: