Monday, 6 July 2009

လမြတ်ဝါဆို

ဒီနေ့ဟာ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အထွက်အမြတ်နေထူးဖြစ်တဲ့ ၀ါဆိုလပြည့်လေးဖြစ်ပါတယ်.။
မနက်ပိုင်း မိမိတို့ကျောင်းမှာ အိန္ဒိယမှ PHD စာတမ်းပြုစုနေတော်မှုတဲ့ ဆရာတော်တစ်ပါးထံမှSkype .VZO တို့၏အကူအညီဖြင့် သီလယူခြင်း၊ နေ့ထူးလေးမှာတရားနာခွင့်ရခဲ့ပါတယ်။ဤသို့တရားပွဲလေးဖြစ်မြောက်အောင် ကူညီလုပ်ဆောင် လမ်းပြပေးတဲ့ ဆရာတော်နှင့်တကွ ကျွန်တော့်အကိုကိုဝင်းမြင့်ဇော်တို့ကိုလည်း ဤနေရာမှနေ၍ ရိုသေလေးစား ကျေးဇူးတင်မိပါကြောင်း နှင့်တရားပွဲအပြီးတည့်ခင်းကျွေးမွေး အလှူဒါနပြုကြသည့် ညီငယ်များကိုလည်း ထပ်လောင်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်။။
လမြတ်ဝါဆိုဆောင်းပါးလေးက ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာပါရှိတဲ့ ဆရာဦးအောင်မွန်(မဟာဝိဇ္ဇာ) ရဲ့
ဆောင်းပါးလေးတစ်ပုဒ်ကို မှတ်သားနာယူဖွယ်အဖြစ် အဝေးရောက်နေသော ဗုဒ္ဓဘာသာဝင်တို့အတွက်
တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။...
မြန်မာဆယ့်နှစ်လတွင် ဝါဆိုလသည် စတုတ္ထမြောက်လ ဖြစ်သည်။
ဝါဆိုလသည် ဝဿန္တမိုးဥတုဖြစ်သည်။ ရာသီမှာ ကရကဋ်၊ ရာသီရုပ်ကား
ပုစွန်လုံး၊ တာရာမှာ ဆင်တာရာ ဖြစ်၏။ ပြုဗ္ဗာသာဠ်နက္ခတ်သည် လမင်းနှင့်
ယှဉ်ပြိုင်လင်းလက်သည်။ ရာသီပန်းမှာ ပုန်းညက်ပန်းဖြစ်၍ ရာသီပွဲကား
ပဉ္စင်းခံပွဲတော် ဖြစ်ပါသည်။ ဤသည်ကို နဝဒေး၏ ဆယ့်နှစ်ရာသီဘွဲ့၌....
''ဝါဦးခေါ်မှတ်၊ ကရကဋ်လက်၊
ပြိုးပြက်ရောင်ဝှန်၊ ပြုဗ္ဗာသာဠ်နှင့်၊
နတ်မွန်ပျော်စက်၊ ပုန်းညက်ကြာခိုင်၊
ကြူလှိုင်ပျံ့သင်း၊ ပဉ္စင်းတော်ပွဲ
ညံမစဲသည်၊ ရိုက်နွှဲကြွေးကြော်ကာတည့်လေး''ဟူ၍လည်းကောင်း
ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား (၁၂)ပိုဒ်တွင်
''ပန်းများလှိုင်ကြူ၊မဉ္ဇူရွှေရွက်၊ ပုန်းညက်ကြိုင်သင်း၊
ပဉ္စင်းတော်ပွဲ၊ သဲသဲအုတ်အော်၊ ရွှင်ပျော်လှည့်ပတ်...'' ဟူ၍
လည်းကောင်း တွေ့ရှိရပါသည်။
ဝါဆိုလပြည့်နေ့သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဘဝဖြစ်တော်စဉ်၌
ထူးခြားမွန်မြတ် မင်္ဂလာအထပ်ထပ်ဖြင့် ပြည့်စုံသော ရက်မွန်နေ့မြတ်လည်း
ဖြစ်ပေ၏။
မဟာသက္ကရာဇ်(၆၇)ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ
အချိန်တွင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင် သီရိမဟာမာယာဒေဝီသည်
၎င်း၏ ဝမ်းကြာတိုက်အတွင်း ဆင်ဖြူတော်မြတ်သည် လက်ယာရစ်လှည့်ပြီး
လက်ယာနံပါးမှ ဝင်ရောက်သည်ဟု အိပ်မက်မြင်မက်တော်မူသည်။ ဤကား
အလောင်းတော် သိဒ္ဓတ္ထ ပဋိသန္ဓေယူတော်မူခြင်းတည်း။
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် (၁၆)နှစ် ရောက်သော်
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သားတော်အား တောထွက်သွားမည်ကို
စိုးရိမ်ပူပန်ခဲ့သည်။ ထို့ကြောင့် တောမထွက်စေရန် နွေရာသီ၌ စံမြန်းစေရန်
''သုရမ္မ'' မည်သော စံနန်းပြာသာဒ်၊ မိုးရာသီတွင် စံမြန်းရန် ''သုဘ''
စံနန်းပြာသာဒ်၊ ဆောင်းရာသီအတွက် ''ရမ္မ'' စံနန်း ပြာသာဒ်များ
တည်ဆောက်စေပြီး လှည့်လည်စံမြန်းစေသည်။ ရွှေအဆင်းနှယ်လှပသည့်
ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူ၍ အာရုံငါးပါးဖြင့် ထီးနန်း
စည်းစိမ်ကို ခံစားတော်မူစေပါသည်။
မဟာသက္ကရာဇ် (၉၆)ခုနှစ် ဝါဆိုလပြည့်နေ့တွင် အလောင်းတော်သည်
မြင်းလေးစီးကသော ရထားဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့၏။ ဤတွင်
သူအိုတစ်ဦးကို မြင်တွေ့ခဲ့၏။ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်
တော်မူသည်။ နောက်အကြိမ်များ၌လည်း သူနာ၊ သူသေတို့ကို မြင်မိပြန်သော်
မိမိလည်း ထိုသို့ နာရ၊ သေရမည်ကို စဉ်းစားဆင်ခြင်မိလေသည်။နောက်ဆုံး
တစ်ကြိမ်၌ကား ရဟန်းတစ်ပါးကို မြင်တွေ့တော်မူရာ ရဟန်း၏ အကျင့်
သီလသည် သတ္တဝါတို့အကျိုးကို ဖြစ်ထွန်းစေပုံနှင့် ဘဝမှ လွတ်မြောက်နိုင်ပုံကို
ဆင်ခြင်မိသဖြင့် မိမိလည်း ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူလေသည်။
ဤသို့ဖြင့် မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ဝါဆိုလပြည့် တနင်္လာနေ့
ညဥ့်သန်းခေါင်ယံမှာ ဆန္နအမတ်ကိုခေါ်လျက် ကဏ္ဍကမြင်းတော်ဖြင့်
တောထွက်တော်မူခဲ့လေသည်။ အနော်မာမြစ်ကမ်းရောက်သော် တစ်ကိုယ်
တည်း ကျင့်ကြံအားထုတ်ရန်ရည်သန်၍ အဝတ်တန်ဆာများနှင့် ကဏ္ဍက
မြင်းကို ဆန္ဒအမတ်အားလွှဲအပ်ကာ နေပြည်တော်သို့ ပြန်လွှတ်လိုက်တော်
မူပါသည်။
အလောင်းတော်သည် ဥရုဝေလတောဝယ် သဗ္ဗညုတဥာဏ်ကိုရလို၍
ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင် ကျင့်တော်မူခဲ့လေသည်။
သို့ရာတွင် သဗ္ဗညုတဥာဏ်မရနိုင်သဖြင့် မဇ္ဈိမပဋိပဒါလမ်းကြောင်း
ပြောင်းကာ ကျင့်ရာတွင်မှ ဘုရားအဖြစ်သို့ ရောက်တော်မူလေ၏။ မဟာ
သက္ကရာဇ် (၁ဝ၃) ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီး
မဟာသက္ကရာဇ် (၁ဝ၃)ခုနှစ် ဝါဆိုလပြည့် စနေနေ့ ညချမ်း နေမင်းဝင်လုဆဲ၊
လမင်းထွက်ပြူဆဲတွင်၊ ''ဒွေမေ ဘိက္ခဝေ'' အစချီလျက် တရားဦးဓမ္မစကြာ
ကို မိဂဒါဝုန်တောအတွင်း ပဉ္စဝဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့လေသည်။
ဝါဆိုလ၌ ပဉ္စင်းခံပွဲကျင်းပရခြင်းမှာလည်း ဘုရားရှင်သည် မိဂဒါဝုန်
တောတွင် ပဉ္စဝဂ္ဂီငါးဦးနှင့်အတူ နတ်ဗြဟ္မာများစွာအား ဓမ္မစကြာတရားဦး

ဟောတော်မူပြီးနောက် ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ထံ ရဟန်းပြုခွင့် ပန်ကြားကြ
သည်။ ဘုရားရှင်က ခွင့်ပြုတော်မူ၍ ''ဧဟိဘိက္ခု'' ရဟန်းအဖြစ်ကို ရကြ
သည်။ ဤသည်ကို အရင်းခံ၍ ဝါဆိုလတွင် ပဉ္စင်းခံပွဲကို အစဉ်အဆက်
တခမ်းတနား ကျင်းပကြခြင်းဖြစ်ပါသည်။
ဤလမြတ်ဝါဆိုမှာပင် မြတ်ဘုရားရှင်သည် သတ္တမဝါကို တာဝတိံသာ
နတ်ပြည်၌ ကပ်တော်မူလျက် မယ်တော်နတ်သားအမှူးပြုသော နတ်၊ သိကြား၊
ဗြဟ္မာအပေါင်းအား တစ်ဝါတွင်းလုံးအဘိဓမ္မာတရားကိုဟောတော်မူပါသည်။
နေ့စဉ် လူ့ပြည်သို့ကြွတော်မူ၍ စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေးကာ နေ့သန့်
နေတော်မူစဉ် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို
ဟောတော်မူပါသည်။ တာဝတိံသာ နတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က
ဆက်လက် ဟောကြားတော်မူနေသည်။ ဤသို့တစ်ဝါတွင်းလုံး တာဝတိံသာ၌
ဟောတော်မူပြီး ဝါပကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်လူ့ရပ်
သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူပါသည်။
ဤလမြတ်ဝါဆိုမှာပင် တိတ္ထိတက္ကတွန်းတို့အား တန်ခိုးပြာဋိဟာပြတော်မူ
ခဲ့သည်။ မဟာသက္ကရာဇ် (၁ဝ၉)ခုနှစ် ဝါဆိုလပြည့်ညချမ်း၌ သာဝတ္ထိပြည်၊
ကဏ္ဍမည်သော သရက်ဖြူပင်အနီး၌ ရတနာစင်္ကြံကိုဖန်ဆင်း၍ နှစ်ဆယ့်လေး
ယူဇနာရှိသော လူပရိသတ်နှင့်တကွ နတ်ဗြဟ္မာတို့အား ရေအစုံ မီးအစုံ
တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
ဝါဆိုလအမည်ကို ရှေးဟောင်း ကျောက်စာများ၌ 'မြွမယ်တာလ၊
နွယ်တာလ၊ နွေတာလ၊ မလွယ်တာလဟု' အမျိုးမျိုးတွေ့ရပါသည်။
မလွယ်မှာ မြေသို့မဟုတ် လယ်မြေဟု အဓိပ္ပာယ်ရသည်။ မိုးတွင်းကာလ
စိမ်းလန်း ရှင်သန်လျက်ရှိသော လယ်မြေယာတောများအတွင်း ဖြတ်သန်းကာ
ဒေသစာရီလှည့်လည်သွားလာကြသော ရဟန်း သံဃာတို့ကြောင့် လယ်
ယာများ၊ မြက်၊ သစ်ပင်၊ သီးနှံပင်များ ပျက်စီးကုန်ကြသည်။ ထိုအကြောင်းကို
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသော မြတ်စွာ
ဘုရား ကြားသိတော်မူသည်တွင် ရဟန်းတို့အား စည်းဝေးစေပြီး ''ရဟန်းတို့
ဝါတွင်းသုံးလပတ်လုံး ဝါဆိုခြင်းကို ငါဘုရား ပညတ်တော်မူ၏''ဟု မိန့်တော်
မူသည်။
ဤသို့နှင့် ဝါဆိုလပြည့်ကျော် ၁ရက်နေ့တွင် သံဃာတော်များသည်
မိမိတို့ သီတင်းသုံးမည့်ကျောင်း၌ မြတ်စွာဘုရား၏ ရှေ့တော်မှောက်ဝယ်
''ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံဝဿံ ဥပေမိ'' ဤကျောင်းတွင် မိုးသုံးလ
ပတ်လုံး ဆည်းကပ်ပါမည်ဟု ရွတ်ဆိုဝါကပ်ကြရသည်။ ထိုအခါမှစ၍ ရဟန်း
တော်တို့သည် မိမိတို့သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အတွင်းမှ အရပ်
တစ်ပါးသို့ ညဥ့်အိပ်ညဥ့်နေ ခရီးထွက်ခွာခြင်း မပြုရဘဲ ဝါဆိုလပြည့်ကျော်
၁ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆို ဝါကပ်တော်မူကြရပေသည်။
သံဃာတော်အရှင်မြတ်တို့ ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်ကျင့်သုံး
ဆောက်တည်တော်မူကြသောကာလ၌ ဗုဒ္ဓနွယ်ဝင် သူတော်စင်အပေါင်းသည်
လည်း ဥပုသ်သီတင်းနေ့တိုင်း ဆောက်တည်ကြ၊ တရားဓမ္မနာကြားဆွေးနွေး
ခြင်းများ ပြုကြ၏။ ဝိပဿနာစခန်းများ၌ စခန်းဝင် တရားအားထုတ်ကြပါ
သည်။ ဘုရားကျောင်းကန်များမှာ လှူဒါန်းကျွေးမွေးခြင်း၊ သက်ကြီးဝါကြီး
များအား ပူဇော်သက္ကာရပြုခြင်း၊ သက်သတ်လွတ်စားခြင်း၊ ကျွဲ၊ နွား၊ ငါး၊
ငှက်တို့ကို ဘေးမဲ့လွှတ်ခြင်းစသည့် ကောင်းမှုများပြုကြသည်။ ဝါတွင်း
ကာလအတွင်း ထိမ်းမြားလက်ထပ်မင်္ဂလာပြုခြင်းများကိုလည်း ရှောင်ကြဉ်
ကြရလေသည်။
ခြုံငုံ၍ဆိုရလျှင် ဝါဆိုလ၊ ဝါဆိုလပြည့် ဝါတွင်းသုံးလပတ်လုံး အခါ
သမယတို့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ လထူးလမြတ်၊ နေ့ထူးနေ့မြတ်၊
အခါထူး အခါမြတ်ကြီး ဖြစ်ပေသည်။ ဝါဆိုလပြည့်နေ့ကျရောက်တိုင်း
နိုင်ငံတစ်ဝန်း ဗုဒ္ဓနွယ်ဝင်တို့၏ ဓမ္မစကြာတရားတော်မြတ် ရွတ်ဖတ်
သရဇ္ဈာယ်သံများ ခြိမ့်ခြိမ့်အုန်းအုန်း ရှိလှပေသည်။
လမြတ်ဝါဆိုသည် ဘာသာ၊ သာသနာ အစဉ်အလာကောင်းများ၊ ကုသိုလ်
ရေးရာများ၊ ရိုးရာဓလေ့ကောင်းများပြည့်စုံလျက်၊ မင်္ဂလာ ကျက်သရေရှိ
လှသော အခါတော်ထူး ဖြစ်ပေသည်။ ဤရက်မြတ်အခါတွင် သတ္တဝါ
ခပ်သိမ်း၊ ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြစေကြောင်း ဆုမွန်တောင်းလိုက်ရ
ပါသည်။

2 comments:

boon tall said...

ကြည်ညိုဖွယ်ကောင်းသော လမြတ်ဝါဆို အကြောင်းလေး အခုလိုသိရလို့ သာဓုခေါ်ပါတယ်ဗျာ
သာဓု သာဓု သာဓု

forever lover said...

သာဓု သာဓု သာဓု