Thursday 11 April 2013

ကိလေသာ ၁၀-ပါး



ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှင်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ (သို့) စိတ်အစဉ်ကို ညစ်နွမ်းစေတက်သော တရားများကို ကိလေသာဟု ခေါ်သည်။ ယင်းကိလေသာတရားတို့သည်-

၁) လောဘ= လိုချင်တပ်မက်မှု (ထိုထိုဘ၀ ထိုထိုအာရုံကို လိုလားတပ်မက်မှုသဘော)၊
၂) ဒေါသ= ကြမ်းတမ်းပြစ်မှားမှု (စိတ်ခက်ထန်ကြမ်းတမ်းမှုသဘော၊ ဖျက်ဆီးလိုမှုသဘော)၊
၃) မောဟ= အမှန်မသိမြင် မိုက်မဲမှု (အသိမှားမှု၊အမှန်ကို မသိမှုသဘော)၊
၎) မာန= ထောင်လွှားတတ်ကြွမှု  (စိတ်ဓာတ် တက်ကြွ မြင့်မောက်မှုသဘော)၊
၅) ဒိဋ္ဌိ= အထင်အမြင် အယူအဆ လွဲမှားမှု (သင်္ခရတရားတို့ကို နိစ္စ အတ္တ သုခ သုဘဟု စွဲလမ်းယုံကြည်ခြင်း သဘော၊ အယူမှားခြင်းသဘော)၊
၆) ဝိစိကိစ္ဆာ= အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု (ရတနာ သုံးတန် ကံ-ကံ၏အကျိုးတရားစသည်တို့၌ သို့လော သို့လော တွေးတော ယုံမှားခြင်းသဘော)၊
၇) ထိန= ပျင်းရိ ထိုင်းမှိုင်းလေးလံမှု (စိတ်၏ လေးလံ ထိုင်းမှိုင်းခြင်းသဘော)၊
၈) ဥဒ္ဓစ္စ= မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု (စိတ်ပျံ့ လွင့်မှုသဘော)၊
၉) အဟိရိက= မကောင်းမှုပြုရန် မရှက်မှု (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မရှက်ခြင်းသဘော)၊
၁၀) အနောတ္တပ္ပ= မကောင်းမှုဖြစ်မှာ မကြောက်မှု (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မကြောက်ခြင်းသဘော)၊
ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။

ကိလေသာ ၁၅၀၀။…..။ အကျယ်အားဖြင့်မူ ယင်းကိလေသာဆယ်ပါးကိုမူတည်၍ ကိလေသာ၏ အာရုံဖြစ်သော ရုပ် နာမ်တရား ၇၅-ပါးနှင့် မြှောက်ရသည်။ ၁၀X၇၅ = ၇၅၀။
ဤ၌-
(က) ရုပ်တရားဟူသည်မှာ နပ္ဖန္နရုပ် ၁၈-ပါးနှင့် လက္ခဏာရုပ် ၄-ပါး ပေါင်း ၂၂-ပါး။
(ခ) နာမ်တရားဟူသည်မှာ စိတ်-၁၊ စေတသိက်-၅၂၊ ပေါင်း ၅၃-ပါး။
(ဂ) ယင်းရုပ်တရား ၂၂-နှင့် နာမ်တရား-၅၃ ပေါင်း ရုပ် နာမ်တရား ၇၅ ဖြစ်သည်။
ဖော်ပြခဲ့သည့် ၇၅၀ ကို (အတွင်း အဇ္ဈတ္တနှင့် အပ ဗဟိဒ္ဓ) သန္တာန် ၂-ပါးဖြင့် မြှောက်လျှင် ၇၅၀X၂= ၁၅၀၀ ဖြစ်သည်။
ဤသဘောတရား (၁၀) မျိုး ဦးဆောင်နေသည့် အကုသိုလ်တရားတို့သည် စိတ်အစဉ်ကို ညစ်နွမ်းစေတက်သောကြောင့်ကိလေသာဟု ခေါ်ဆို၏။ ယင်းကိလေသာအညစ်အကြေးတို့ကို စင်ကြယ်အောင်
ဆေးကြောသုတ်သင်ဖို့ရန် မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားတို့ကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသော သူတော်ကောင်းတို့ကို ပဗ္ဗဇိတ = ကိလေသာ တို့ကို နှင်ထုတ်နေသူများဟု ခေါ်ဆိုပေသည်။
/\.../\..../\..
ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏  (သေရာညောင်စောင်း လျောင်းစက်သော အခါ) စာအုပ်မှ
/\.../\..../\..
. Type the rest of your post here.

1 comment:

Unknown said...

အခုလိုတရားတွေ တင်ပေးတဲ့အတွက် ကျေးဇူးအများကြီတင်ပါတယ်