မနက်မိုးလင်းထဲက ကျင့်ကြံအားထုတ်နေတဲ့ ဘာဝနာကမ္မဌာန်းကို ခေတ္တနားကာ လိုဏ်ဂူတော်အတွင်းကနေ ပတ်ဝန်းကျင်ကို ကြည့်မိသည် နောက်များမကြာမှီမှာ နေ့ခင်းဆွမ်းစားချိန်ရောက်တော့မည်မို့ ဆွမ်းခံကြွရန် ပြင်ဆင်လိုက်၏။ ကျေးဌက် တိရစ္ဆာန်များ၏ တွန်ကျူးသံများ၊ စမ်းရေစီးကျသံများဖြင့် သာယာ ရှုမောဖွယ်ကောင်းတဲ့ တောအုပ်လေး မှ တောလမ်းလေးကနေ ရွှာငယ်လေးဆီသို့ ကမ္မဌာန်း စီးဖြန်း၍ ဆွမ်းခံကြွလာခဲ့ ၏။ ရွှာအ၀င် ရောက်ခါနီး အသံ တိုးတိုးလေးတစ်ခုကို မိမိနားဖြင့် ကြားမိသည်၊ ပိုသေချာအောင် ဒိဗ္ဗသောတအဘိဥာဏ်နားဖြင့် စိုက်ပြီးကြည့်လိုက်လေတော့ ဆွမ်းလောင်းနေကျ အလှူရှင် ဒါယိကာမ အမယ်အိုကြီး နှင့် သူ့သမီးတို့ စကားပြောသံ လေးတွေဘဲဖြစ်၏။
ရွှာလယ်အတွင်းရှိ တဲအိုလေး တစ်အုံးတွင် သားအမိ နှစ်ဦး အေးချမ်းစွာ နေထိုင်ကြပါသည်။ အသက်အရွှယ်ကြီးရင့်သော်လည်း ဘာသာတရား ကိုင်းရှိုင်းမှု၊ မေတ္တာဘာဝနာ ပွားများပြီး နေထိုင်သော ဖြစ်သည်ကြောင့် ရုပ်အဆင်းမှာ တည်ငြိမ်တင့်တယ် နေကြ၏။ အလှူအတန်း၊ စေတနာ သဒ္ဒါအားကြီးသော သူတို့ကို ရပ်မိ ရပ်ဖများကလည်း လေးစား ကြင်နာကြ၏။ မိခင်ကြီး၏ ချစ်လှစွာသော ခင်ပွန်းလည်း ဘ၀တပါးသို့ တိမ်းပါးသွားသည်မှာ ကြာလေပြီ သို့သော် သူ့မှာ အလွန်တရာမှ ယဉ်ကျေးလိမ္မာသော သမီးငယ် တစ်ယောက်တော့ ရှိချေသေးသည်။ သို့သော်လည်း သားငယ် တစ်ဦးလောက် လိုချင်တောင့်တ မိသည့် ဆန္ဒတစ်ခုတော့ရှိသည်။ ထိုဆန္ဒတစ်ခုက သူ့ခင်ပွန်းလောင်း ရှိကတည်းမှာ ဖြစ်တည်လာသည်မှာ အမှန်၊ သူဖြစ်ချင်သော လိုအင် ကိုဖြေသိမ့်နိုင်လိုက်သည့်နေ့ ထူးကို သူကြုံတွေ့ခဲ့၏။ ထိုနေ့က မှတ်မှတ်ရရပင်
" မေကြီးရေ ဒီမှာ ကိုယ်တော်လေး တစ်ပါး အိမ်ရှေ့ မှာ ဆွမ်းခံရပ်တော် မှုနေတယ် " ဟု အိမ်အပြင်မှာ ဆန်ဖွတ်နေတဲ့ သမီးငယ်ရဲ့  အော်သံလေးကို ကြားမိ၏်။ ဒီအရပ် ဒေသက ခေါင်တော့ သာသနာပြုပုဂိုလ်မျိုးတွေ့ရဖို့က ခက်သည်မဟုတ်လား။ အိမ်ရှေ့ လေးကို ပြတင်းပေါက်ကနေ လှမ်းမျှော်ကြည့်မိသည်။ ဟုတ်ပါ့ ကိုယ်တော်လေး တစ်ပါးပါလား ကိုယ်တော်လေးကို အဝေးကနေ မြင်မြင်ခြင်း လှူချင်တန်းချင်စိတ် ချက်ချင်း ဖြစ်ပေါ်မိသွားသည်.။ ဒါနဲ့ ချက်ထားတဲ့ ဟင်း၊ ထမင်းကို ခူးခပ်ပြီး ကိုယ်တော်လေးဆီသို့ သမီးကိုပါ ခေါ်ကာ လှမ်းလာခဲ့တော့၏။ ကိုယ်တော်လေးကို ဦးခိုက်ဖူးမော်ပြီး ဆွမ်းဟင်း များကို ဆပ်ကပ်လှူဒါန်းပြီးနောက် ကိုယ်တော်လေး၏ သာဓုအနုမောဒနာတရား ကိုနာယူပူဇော်နေမိသည်။ ကိုယ်တော်လေးကလည်း ထိုနေ့အတွက် ဆွမ်းဟင်းပြည့်စုံပြီမို့ ကြွလာရာလမ်းအတိုင်း ပြန်ကြွဖို့ပြင်လိုက်သည်။ ထိုအချိန် တွင် " အရှင်ဘုရား ခေတ္တဆိုင်းငံတော်မှုပါအုံး ဘုရား၊ တပည့်တော်မ မှာ အရှင်ဘုရားကို မြင်မြင်တွေ့ခြင်း မိမိသားတော် တစ်ဦးကဲ့သို့ ခံစားမိရုံမျှမက၊ အရှင်ဘုရားရဲ့ တည်ကြည်တင့်တယ်သော အမှုအရာ အကျင့်မြတ်တို့ကိုလည်း ကြည်ညိုမိပါသည် ဘုရား၊ ထို့အတွက်ကြောင့် တပည့်တော်မရဲ့  နေအိမ်မှာ နေ့စဉ် ဆွမ်းအလှူခံပေးတော်မှုပါ ဘုရား" မိမိနှုတ်ကနေ ဖွင့်လျှောက်ထားလိုက်၏။ ကိုယ်တော်လေးထံမှ " ဒါယိကာမကြီး ဆန္ဒအတိုင်း ပြည့်မြောက်အောင် နေ့တိုင်းဆွမ်းခံကြွတော်မှုမယ်" ဟု မိန့်ဆိုသံကို ကြားလိုက်ရရင် ရင်တွင် ကြည်နှုးပီတိ ဖြစ်ရသည်မှာ ပြောမပြတက်အောင်ပင်။ သားတော်လေးတစ်ပါး ရလိုက်ပြီဟု စိတ်ထဲက အသိနဲ့ တကွ လောင်းလှူခွင့်ရလိုက်သော ဒါနကုသိုလ် ပီတိအရှိန်တို့ကြောင့် မိမိအိမ်ထဲကို မည်သို့ လျှောက်လှမ်းလာမိမှန်းကို မသိတော့ ပေ။ အိမ်ထဲရောက်တော့ သမီးငယ်မျက်နှာကို လှမ်းကြည့်မိတော့ သူလည်း ပြုံရွှင် ပျော်မြူးကျေနပ်နေသည်ကို တွေ့မြင်ရတော့ ထိုနေ့အတွက် နှစ်ဦးသား ထမင်းစားဖို့တောင် သတိမရချင်တော့ ကြည်နှုးပီတိတွေက သူတို့ရင်ထဲမှာ အပြည့်ဖြစ်နေသည်မို့..။
တစ်နေ့တော့ သူ တောထဲကိုသွားခါနီးလေးကို အိမ်ထဲမှာရှိနေတဲ့ သမီးငယ်ဖြစ်သူကို လှမ်းပြောလိုက်တယ်။ " ချစ်သမီး ဟိုနေရာမှာကတော့ နှစ်ချို့ ဆန် ဆန်ဟောင်းကလေး တွေရှိလေရဲ့ ၊ ဟိုနေရာမှာကတော့ နွားနို့ တွေ့ရှိတယ်၊ ဟိုနေရာမှာ ထောပတ်ရှိတယ်၊ ဟိုမှာတော့ တင်လဲခဲတွေရှိတယ်။ သင်၏မော်တော်ကြီး ဆွမ်းခံကြွလာတဲ့ အချိန်မှာ ဆွမ်းကို ချက်ပြီး နွားနို့ ထောပတ် တင်လဲတို့ဖြင့် ရောစပ်ပြီးတော့ လှူဒါန်းပူဇော်လိုက်နော်၊ သမီးလည်း လှူဒါန်းပြီး ပိုတာကို စားလိုက်နော် " ဟု မှာကြားလိုက်တယ်။ ဒီလို ဒါယိကာမကြီးပြောတဲ့ စကားသံလေးကို ကိုယ်တော်လေးကြားမိခြင်းပါ။
မိမိကြားမိတဲ့ နေရာက ရဟန်းတော်များအတွက် သင်္ကန်းရုံဖို့ ထားရှိထားတဲ့ ရွှာအ၀င်နေရာလေးမှာပါ။ သင်္ကန်လေးရုံပြီးတော့ သင်္ကန်းရုံပြီးစမှာ သပိတ်အိတ် အတွင်းကနေ သပိတ်ကို ထုတ်ပြီးတော့ ဆွမ်းခံဖို့ရန် ပြင်လိုက်တဲ့ အချိန်အခါမှာ လှမ်းပြီးကြားမိတာပါ။ ဆက်ပြောမည့် စကားလေးကို ဆက်ပြီးတော့ စူးစိုက် အာရုံခံလိုက်မိတယ်။ " အမေရော ဘာစားမလဲ။ အမေ့အတွက် ဘာပြင်ဆင်ထားလိုက်ရမလဲ " ဟု သမီးငယ် ဖြစ်သူက မေးလိုက်၏။
"ငါကတော့ မနေ့တုန်းက ကျန်တဲ့ ထမင်းကြမ်းလေးကို ပအုန်းရည်နဲ့ ခုစားပြီးပြီ " လို့ အမေကြီးကလှမ်းပြောပြန်တယ်။ ဒီအခါ သမီးကထပ်ပြီး "နေ့အခါကျရင်ကော အမေဘာစားမလဲ " လို့မေးလိုက်တဲ့ အချိန်အခါကျတော့ "နေ့အခါတော့ကွယ် ဟင်းရွှက်ကလေးနဲ့ ဆန်ကွဲလေးနဲ့ ရောပြုတ်ထားတဲ့ ချဉ်စပ်စပ်ရှိနေတဲ့ ယာဂုလေးကိုပဲ ငါ့အတွက် စီစဉ်ထားလိုက်ပေတော့ " လို့ ဒီလိုပြောလိုက်ပြီး တောလမ်းလေးဆီသို့ ထွက်ခွာသွားတာကို မြင်လိုက်တယ်။
. .ဒီပြောနေတဲ့ စကားသံကို မိမိ ကြားလိုက်မိလေတော့ စိတ်ထဲမှာ တော်တော်လေးမကောာင်းဖြစ်သွားမိတယ်။ ပြီးတော့ မိမိတစ်ကိုယ်တည်း အတွေးထဲဝင်လာတာကတော့ " ဥပါသိကာမကြီးက မအုန်းရည်နဲ့ ရောထားတဲ့ ယမန်နေ့က ကျန်နေတဲ့ ထမင်းကြမ်းကိုတော့ စားပြီး၊ နေ့အခါကျတော့လည်း ဆန်ကွဲလေးနဲ့ ဟင်းရွှက်နဲ့ရေပြုတ်ထားတဲ့ ချဉ်စပ် အရသာရှိနေတဲ့ ယာဂုလေးကို စားမယ်လို့ပြောနေတယ်၊ သင့်အတွက်ကျတော့ ဆန်ကောင်းတွေ ထောပတ်တွေ တင်လဲတွေ ပျားတွေ ဒါတွေနဲ့ ရောစပ်ပြီးတော့ ဆွမ်းကို ကျကျနန လှူခိုင်းနေပြီ။ ဘာအတွက်လှူနေတာလည်းလို့ ဝေဖန်ဆန်းစစ်တော့လည်း ဒီ ဒါယိကာမကြီးက သင့်ကို အမှီပြုပြီးတော့ လယ်တွေ ရဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်လည်း မရှိဘူး။ ယာတွေ ထမင်းတွေ ရဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်တွေလည်း မရှိပြန်ဘူး ဘာကိုမျှော်လင့်သလဲ ဆိုတော့ လူချမ်းသာ နတ်ချမ်းသာ နိဗာန်ချမ်းသာ ဆိုတဲ့ လူနတ် နိဗာန် သုံးတန်သော စည်းစိမ်ချမ်းသာတို့ကို မျှော်လင့်တောင့်တ ပြီးတော့ လှူဒါန်းပူဇော် နေပါသကောဟု သုံးသပ်မိလိုက်တယ်။ ထပ်ပြီးတော့ " သင်သည် ဒီဒကာမကြီး မျှော်လင့်တောင့်တနေတဲ့ လူနတ် နိဗာန် သုံးတန်သော စည်းစိမ်ချမ်းသာ တွေကို သမ္ပတိတွေကို ပေးဖို့ရန်အတွက် စွမ်းအားရှိပါရဲ့ လား စွမ်းအားမရှိ ဖြစ်နေလေရော့သလားလို့ " မိမိကိုယ်ကို မေးကြည့်တယ်။ ပြီးတော့ မိမိတစ်ကိုယ်တည်း စိတ်ထဲကနေပြီး " ဤဆွမ်းကို ရာဂတန်းလန်းနဲ့ ဒေါသတန်းလန်းနဲ့ မောဟ တန်းလန်းနဲ့ သင်ကဲ့သို့သော ပုဂိုလ်မျိုးကတော့ မစားသုံးထိုက်တော့ဘူး" ဟု နှလုံးပိုက်ပြီးတော့ သပိတ်ကို သပိတ်အိပ်ထဲထည့်၊ နားပတ်ကွင်းအိမ်ထဲမှာ တပ်ထားတဲ့ နားပတ်သီးကို ဖြုတ်လိုက်တယ်၊ ဖြုတ်ပြီး သင်္ကန်းရုံကို ဖျက်ပြီး ပြန်လှည့်လာခဲ့တော့တယ်။ မိမိ သီတင်းသုံး ကျင့်ကြံရာ ကဿကလိုဏ်ဂူကို ပြန်ကြွလာလိုက်တော့တယ်။ လိုဏ်ဂူအတွင်း ရောက်တဲ့ အချိန်အခါမှာတော့ သပတိကို ကုဋ္ဋင်ညောင်စောင်းအောက်မှာ ထားလိုက်တယ်။ အပေါ်ရုံ ဧကသီကိုလည်း သင်္ကန်းတန်းပေါ်မှာ တင်ထားလိုက်ပြီးနောက် ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက့်တယ်။ အရဟတ္တဖိုလ် မရောက်မချင်း ဒီလိုဏ်ဂူအတွင်းမှ ငါဘယ်တော့မှ မထွက်တော့ဘူးလို့ စိတ်ကနေ ဆောက်တည်လိုက်တယ်။ ဒီလိုဆောက်တည်ပြီးတော့ တကယ်လက်တွေ့ သမထ-၀ိပဿနာ ဘာဝနာတွေကို ပွားများအားထုတ်တော်မှုလိုက်တယ်။ နောက်ဆုံး ကျင့်ကြံအားထုတ်လိုက်တာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အာသဝေါကုန်ခမ်းတဲ့ ရဟန္တာ အဖြစ်ကို ဆိုက်ရောက်တော်မှုပြီး လိုဏ်ဂူတော်ထဲမှာဘဲ ထိုင်ပြီးတော့ သီတင်းသုံးနေတော်မှုလိုက်တယ်။ အဲ့ဒီအချိန်မှာ လိုဏ်ဂူတံခါးဝ သစ်ပင်မှာအုပ်စိုးပြီး နေထိုင်တဲ့ နတ်က မိမိရှေ့မှောက်မှာ လာရောက်ဖူးမြော်လာတာကို တွေ့လိုက်၏။ ပြီးတော့ ထိုနတ်သားက လျှောက်ထားလေရဲ့  " ယောက်ျားမြတ်၊ ယောက်ျား အာဇာနည် ဖြစ်တော်မှုပါပေသော အရှင်ဘုရားအား တပည့်တော် ရှိခိုးပါတယ်။ ဆင်းရဲခြင်း ကင်းတော်မှုသော အရှင်မြတ်ဘုရား ၊ အရှင်မြတ်ဘုရား၏ သန္တာန်မှာ အာသဝေါတရားတွေ ကုန်ခန်းသွားပြီ ဖြစ်တယ်။ ဒါကြောင့် အရှင်ဘုရားသည် ကံ နှင့် အကျိုးတရားကို မျှော်လင့်တောင့်တပြီးတော့ လှူဒါန်းပူဇော်နေတဲ့ အလှူကောင်း အလှူမှန်ဟူသမျှကို စိုးယူပိုင်သ ခံယူတော်မှုထိုက်တဲ့ ဒက္ခိဏေယျပုဂိုလ်အစစ် ဖြစ်တော်မှုပါပေတယ် " လို့ ဒီလိုလျှောက်ထားပြီး ထပ်ပြီး တိုက်တွန်းပြန်သေးရဲ့ ။
" အရှင်ဘုရား…ဆွမ်းအလို့ဌာ ရွှာအတွင်းသို့ ကြွဝင်တော်မှုကြတဲ့ အရှင်ဘုရားကဲ့သို့သော ရဟန္တာပုဂိုလ်တွေကို ဆွမ်းလှူဒါန်းပူဇော်ရခြင်း တည်းဟူသော အကြောင်းကြောင့် အသက်အရွှယ် ကြီးရင့်နေတဲ့ အိုမင်းမစွမ်းဖြစ်တဲ့ အမျိုးသမီးကြီးတွေသည် သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ပြီး သွားနိုင်ကြပါတယ်။ ဒါကြောင့် အရှင်ဘုရား ဆွမ်းကို ကြွရောက်ပြီး ချီးမြှင့်အလှူခံပေးတော်မှုပါ" ဆိုပြီးတော့ လျှောက် ထားတိုက်တွန်းခြင်းပါ။
ထိုလျှောက်ထားပြီး အပြီးမှာတော့ မိမိလည်း ဆွမ်းစားချိန် မှီသေးသည့် အတွက်ကြောင့် ဆွမ်းအလှူခံ ကြွလာလိုက်တော့တယ်။ ဒါယိကာမကြီး သမီးလောင်းလှူသည့် ဆွမ်းအလှူကို ခံယူပြီးနောက် သာဓု အနုမောဒနာ တရားဟောကြားက တည်ငြိမ်ရင့်ကျက်သော ခြေလှမ်းများဖြင့် မိမိသီတင်းသုံးရာဆီသို့ ကြွလှမ်းတော်မှုခဲ့လိုက်တော့၏်။
မထေရ်မြတ်ကြီး ဆွမ်းအလှူခံပြီးနောက် ဒါယိကာမကြီးလည်း တောထဲကနေ ပြန်ရောက်လာတယ် ပြီးတော့ သူ့သမီးကို " ချစ်သမီး အမေပြောတဲ့အတိုင်း လောင်းလှူလိုက်လားသမီး" ဟု ခရီးရောက်မဆိုက်မေးလိုက်တယ်။ ထိုအခါမှာ သမီးက " ဟုတ် မေကြီး သမီးလောင်းလှူပြီးပါပြီ ဒီနေ့ အကိုတော်ကို ဖူးရတာ ခါတိုင်းနေ့တွေနဲ့ မတူဘူးအမေ ပိုပြီး ရွှင်ပြ တင့်တယ် တည်ငြိမ်သွားသလိုဘဲ အမေ၊ သမီးတောင် ဖူးဖော် ကြည်ညိုလို့ မ၀နိုင်အောင်ဘဲ အမေရယ်" ဟုပြောလိုက်တယ်။ ထိုအခါမှာ မိမိလည်း " သမီးရဲ့  အကိုတော်ကတော့ ရဟန်းကိစ္စပြီးမြောက် သွားပြီ ထင်တယ်၊ ကြည်နှုးပီတိ ဖြစ်လိုက်တာ သမီးရယ်" ဟုဆိုကာ မြေပြင်တွင် ပဆစ်တုပ်ကွေး ထိုင်ချလိုက် ကာ တလှမ်းခြင်း တရွှေ့ ရွှေ့ ပြန်ကြွသွားတော်မှုသော ကိုယ်တော်မြတ်ကို ဖူးမော်ရှိခိုး ပူဇော်လိုက်လေတော့၏………………..။။။။။။။။။။။။။။။
စာကြွင်း။ ။ ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏ (သေရာညောင်စောင်း လျောင်းစက်သောအခါ) တရားတော်မှ ဆွမ်းကို တုံ့လှည့် တဖန် ပူဇော်တဲ့ လုပ်ငန်းရပ်မှာ စံပြဖြစ်တဲ့ မဟာမိတ္တ (အယျမိတ္တ) မထေရ်မြတ်ကြီးအကြောင်းကို ဟောပြထားသည်ကို ၀တ္တုသဖွယ် ခံစားတင်ပြထားခြင်းဖြစ်ပါသည်။ တော်တော်များများကို ဆရာတော် ဘုရားကြီး၏ တရားတော်မှ မှုရင်းအတိုင်း ကောက်နှုတ် တင်ပြထားပါသည်။ တချို့ အမှားအယွင်းများ ရှိပါက မိမိတွင် မှုတည်ပါသောကြောင့် နားလည် ခွင့်လွတ် ပြင်ဆင်ပေးကြဖို့လည်း တောင်းဆိုပါသည်။ မိမိအနေနဲ့တော့ ကိုယ်တော်မြတ်ကြီး၏ မိမိဆွမ်းဒါယိကာမ တို့အပေါ်ထားရှိသော စေတနာ၊ သုံးသပ်နားလည် သိမြင်တက်သော ခံယူချက် နှင့် ဥာဏ်ပညာ၊ မလျော့သော လုံ့လ ၀ီရိယ ရှိမှုတို့အား လေးစားပူဇော် ဦးခိုက်မိပါတော့သည်။ ပြီးတော့ " ငါကော ငါလုပ်နေရတဲ့ အလုပ်နဲ့၊ ရနေတဲ့ လစာနဲ့ ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုးတွေ ပေးစွမ်းနိုင်ပြီလား " ဆိုတာကို မိမိကိုယ်ကို ထပ်ခါထပ်ခါ ပြန်မေးကြည့်မိ၏။ တုံ့လှည့်တဖန် ကျေးဇူးဆပ်ဖူးချင်စိတ်တို့ ဖြစ်ပေါ်လာမိသည်တော့ အမှန်။ မိတ်ဆွေအေပါင်းအသင်းတို့လည်း မိမိတို့ ရပ်တည်နေသောအသင်းအဖွဲ့ ၊ မိမိတို့ အပေါ်တွင် ထားရှိခဲ့ကြသော မိတ်ဆွေ အပေါင်းအသင်းတို့များ၏ မေတ္တာစေတနာ ကျေးဇူးတရားများကိုလည်း ပြန်လည်ပြီးတော့ တုံ့ပြန် ကျေးဇူးဆပ်နိုင်ကြစေကြောင်း ဆုမွန် ကောင်းဖြင့် နှစ်သစ်မှာ တောင်းဆုချွေလိုက်မိပါတော့သည်.။
ငြိမ်းအေးထွန်း ၁၃.၄.၂၀၁၃ (သင်္ကြန်အကြိုနေ့)
No comments:
Post a Comment