Thursday, 13 January 2011

ဓမ္မပူဇာတေးများ

ရောင်တော်ဖွင့်


http://www.blogger.com/img/blank.gif
ရောင်တော်ဖွင့်(စိန်ပါတီ)ဘာသာရေး တေးကို ဦးရွှေတိုင်ညွှန့် မှရေးစပ်ပူဇော်ထားခြင်းဖြစ်ပါတယ်..။

ဇေယျတု သဗ္ဗမင်္ဂလာ



၂၄ ပစ္စည်း

ဇေယျတု သဗ္ဗမင်္ဂလံ = မင်္ဂလာအပေါင်းနဲ့ အစဉ်အလာကောင်းကြပါစေ....။


ဇေယျတု = အောင်မြင်ကြောင်း မင်္ဂလာစကား (မင်္ဂလာရှိစေရန် ပထမဆုံး ဆိုသည့်စကား၊ အောင်စေသတည်းဟု အဓိပ္ပါယ်ရသည်)။ပထမဆုံး ဆိုသည့်စကား၊ အောင်စေသတည်းဟု အဓိပ္ပာယ်ရသည်။
သဗ္ဗ = အလုံးစုံ။ အကုန်။
မင်္ဂလံ = မင်္ဂလာ။ အလိုပြည့်ခြင်း။ အောင်မြင်ခြင်း။ ကြီးပွားခြင်း။ ပြည့်စုံခြင်း။

လမ်းကြောင်း ရွှေးချယ်စို့

  • Know this, that ev’ry body is free
  • To choose his life and what he’ll be;


ဒီအချက်ကို နားလည်ပါ။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ရွေးချယ်ဖို့၊ ကိုယ် ဘယ်လိုလူ ဖြစ်မယ်ဆိုတာကို ရွေးချယ်ဖို့ လွတ်လပ်မှု ရှိပါတယ်။

choose ဆိုတဲ့ စကားလုံးကို သေသေချာချာ မှတ်ထားပါ။

I have the freedom to be who I want to be. I am not going to give that freedom away.

ငါဖြစ်ချင်တဲ့သူ ဖြစ်လာဖို့ ငါ့မှာ လွတ်လပ်မှု ရှိတယ်။ အဲဒီ လွတ်လပ်မှုကို ငါဘယ်တော့မှ မပေးလိုက်ဘူး။

ကိုယ့်ကို သူများပုံသွင်းတာကို လက်ခံတဲ့ သူဟာ ဒီလွတ်လပ်မှုကို လက်လွတ်ဆုံးရှုံး ခံလိုက်သူပဲ။ ဒီ လွတ်လပ်မှုမျိုး ရှိတယ်လို့တောင် မတွေးမိကြ ပါဘူး။ ကိုယ် ဘယ်လိုလူ ဖြစ်ချင်လဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ လွတ်လပ်တဲ့သူ ဖြစ်ချင်တယ်လို့ ပြောတဲ့သူ သိပ် နည်းပါးတယ်။

ကလေးတွေကို မိဘတွေက မေးတတ်တယ်။ သားကြီးလာရင် ဘာလုပ်မလဲ… လို့ မေးတတ်တယ်။ ဆရာဝန် လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေရင် မိဘတွေက သိပ် သဘော ကျတတ်တယ်။ ဘာလုပ်မလဲလို့ မေးတတ်တယ်။ ဘာဖြစ်ချင် သလဲ လို့တော့ မေးလေ့ မရှိဘူး။ ဒီမေးခွန်း နှစ်ခုဟာ အတူတူပဲလို့ ထင်ချင် ထင်မယ်။ ဒါပေမယ့် တကယ်တော့ ဒီမေးခွန်း နှစ်ခုဟာ လုံးဝ မတူပါဘူး။

ဘာဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းက ဘယ်လို အလုပ်မျိုးကို လုပ်ချင်သလဲလို့ မေးတာ။ အလုပ်ကို လူနဲ့ ထပ်တူပြု တတ်တယ်။ ခင်ဗျား ဘာလုပ်သလဲလို့ မေးရင်- ဆရာဝန် လုပ်တယ်၊ အင်ဂျင်နီယာ လုပ်တယ်၊ ကျောင်းဆရာ လုပ်တယ်၊ ကုန်သည် လုပ်တယ်… စသည်ဖြင့် ဖြေကြမယ်။ ခင်ဗျား ဘယ်လိုလူလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို ကျောင်းဆရာလဲ… လို့ မေးရင်ကော ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို မြို့နယ် အရာရှိလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ဘယ်လို တရားသူကြီး မျိုးလဲ… လို့ မေးရင်ကော။

မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးဖို့ လိုတယ်။ အဖြေကိုလည်း စဉ်းစဉ်းစားစား ဖြေဖို့ လိုတယ်။

ဘယ်လိုလူလဲ ဆိုတဲ့ မေးခွန်းအတွက် ဖြေနိုင်တဲ့ အဖြေက… ကျွန်တော်က ကိုယ့်အား ကိုယ်ကိုးတဲ့သူ၊ ကျွန်တော်က လွတ်လွတ်လပ်လပ် နေတဲ့သူ၊ ကျွန်တော်က ရိုးရိုးသားသား လုပ်ကိုင် စားသောက်တဲ့သူ၊ ကျွန်တော်က ကျောင်းသူ ကျောင်းသား တွေကို တကယ် ပညာတတ်တွေ ဖြစ်လာအောင် စေတနာ အပြည့်နဲ့ သင်ပေးနေတဲ့ သူပါ၊ ကျွန်တော်က တရား မျှတမှုကို လိုလားတဲ့ မြို့နယ် အရာရှိပါ၊ ကျွန်တော်က တရား ဥပဒေကို တကယ် မြတ်နိုးလို့ တရား ဥပဒေအတိုင်း ဆုံးဖြတ်တဲ့ တရား သူကြီးပါ။ ဆက်ပြီး စဉ်းစားပါ။

Liberty, taking the word in its concrete sense, consists in the ability to choose. (Simone Weil)

လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို သူ့ရဲ့ အရိုးဆုံး၊ အရှင်းဆုံး အဓိပ္ပါယ် ကောက်ရရင် ရွေးချယ်နိုင်တဲ့ စွမ်းရည် ရှိခြင်းလို့ ဆိုရမယ်။

ရွေးချယ်နိုင်စွမ်း တစ်ခုတည်းက လွတ်လပ်မှုရဲ့ ပြည့်စုံတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးချယ် နိုင်စွမ်းဟာ လွတ်လပ် မှုရဲ့ အရေးပါဆုံး အဓိပ္ပါယ် တစ်ခု ဖြစ်ပါတယ်။ ရွေးချယ် နိုင်စွမ်းမှ မရှိရင် တခြား ဘာလွတ်လပ်မှုမှ မရှိတော့ဘူး။

ငါလုပ်နိုင်တဲ့ အလုပ် ဘယ်နှစ်မျိုး ရှိသလဲ။ အဲဒီ အလုပ်တွေ ထဲက ဘယ်ဟာကို ဦးစားပေးပြီး လုပ်မလဲ… ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ရင် လွတ်လပ်မှု မရှိဘူး။ ခိုင်းတာ လုပ်မယ်ဆိုတဲ့ လူမှာ လွတ်လပ်မှု ရှိသလား။

Patterning your life around other’s opinions is nothing more than slavery.

ကိုယ့်ဘ၀ကို သူများ အယူအဆ အတိုင်း ပုံသွင်းလိုက် တာဟာ ကျွန်ခံလိုက် တာထက် ပို မထူးပါဘူး။ သူများလုပ်လို့ လုပ်တယ်။ သူများ ကြိုက်လို့ ကြိုက်တယ်။ သူများ ယုံလို့ ယုံတယ်… ဆိုရင် ကျွန်ဖြစ်ပြီ။

မရွေးချယ်ရင် မလွတ်လပ်ဘူး။ ကိုယ် ဘယ်လို နေမယ်။ ဘာလုပ်မယ်။ ဘယ်လို ပညာကို တတ်အောင် လေ့လာမယ်၊ ရှာမယ် ဆိုတာကို ဘယ်သူက ရွေးချယ်ပေးသလဲ။ ကိုယ့်ဟာကိုယ် ရွေးချယ်သလား၊ သူများ ရွေးချယ်ပေး သလား။ များသော အားဖြင်တော့ သူများ ရွေးချယ်ပေး တာကို လက်ခံလိုက် ကြတယ်။ သက်သာ တာကိုး။

Everyrhing can be taken from a man but … the last of the human freedoms – to choose one’s attitude in any given set of circumstances, to choose one’s own way. (Victor Frankle)

လူတစ်ယောက် ဆီက ကျန်တာတွေ အားလုံး ယူသွားလို့ ရတယ်၊ ဒါပေမယ့် အခြေအနေ တစ်ခုမှာ ကိုယ် ဘယ်လို သဘောထား မလဲ၊ ဘယ်လိုလမ်းကို ရွေးမလဲ ဆိုတဲ့ နောက်ဆုံး လွတ်လပ်မှု ကိုတော့ ဘယ်သူမှ ယူသွားလို့ မရဘူး။


ကောင်းတာ လုပ်မလား၊ ဆိုးတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။

ရိုးသားတာ လုပ်မလား၊ မရိုးသားတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။

ရက်စက်မလား၊ ညှာတာမလား၊ ခွင့်လွှတ်မလား၊ လက်စားခြေ မလား။

အခြေအနေ အရ လုပ်လိုက်ရ တာပဲ လို့ ပြောတဲ့ သူမှာ ဘာ လွတ်လပ်မှုမှ မရှိဘူး။ ခံယူချက် မရှိတဲ့ သူမှာ လွတ်လပ်မှု မရှိဘူး။ အခြေအနေက အရာရာ တိုင်းကို အဆုံးအဖြတ် ပေးနေရင် ဘာရွေးချယ်လို့ ရမလဲ။

When a man ceases to choose, he ceases to be a man. (Anthony Burgess)

ရွေးချယ်တာကို မလုပ်တော့တဲ့ အခါမှာ သူဟာ လူ မဟုတ်တော့ဘူး။

ဒါကြောင့် လူ့အဆင့် အတန်းကနေ ကျမသွားချင်ရင် ကိုယ်ဘာကို ရွေးချယ်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားရမယ်။ ဉာဏ်နဲ့ ရွေးချယ်မှ လွတ်လပ်မှု ရှိတယ်။ ဉာဏ်မပါဘဲ ရွေးတယ် ဆိုတာ တကယ်ရွေးတာ မဟုတ်ဘူး။ ခေါင်းပန်း လှန်သလို လုပ်တာဟာ ရွေးချယ်တာ မဟုတ်ဘူး။ ရွေးချယ်မှု တိုင်းဟာ မှန်ကန်တဲ့ အချက်အလက် မှန်ကန်တဲ့ အကြောင်း အကျိုးမှာ အခြေခံ ရမယ်။

Your life is the sum result of all the choices you make, both consciously and unconsciously. If you can control the process of choosing, you can take control of all aspects of your life. You can find the freedom that comes from being in charge of yourself. (Robert F. Bennett)

ကိုယ့်ဘ၀ဟာ သိလျှက်ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ကိုယ့်ရဲ့ ရွေးချယ်မှုတွေ အားလုံးရဲ့ စုပေါင်း ရလာဒ်ပဲ။ ရွေးချယ်မှုကို ကိုယ့်လက်ထဲမှာ မိမိရရ ကိုင်ထားလို့ ရရင် ကိုယ့်ဘ၀မှာ ဖြစ်သမျှကို ထိန်းချုပ်လို့ ရပြီး ကိုယ့်ဘ၀ကို ကိုယ် စီမံနိုင်တဲ့ လွတ်လပ်မှုကို ရပြီ။

ရွေးချယ်မှုဆိုတာ လုပ်နေကြရ ပါတယ်။ များသော အားဖြင့်တော့ သေသေချာချာ မစဉ်းစားဘဲ ရွေးချယ်လိုက် ကြတယ်။ သူများ ၀တ်သလို ၀တ်မယ်… ဆိုတာလည်း ရွေးချယ်မှုပဲ။ ဒါပေမယ့် ဒီလို ရွေးချယ်မှုက ဉာဏ်ကို မသုံးရတဲ့ ရွေးချယ်မှု ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ ဘ၀ကို ရဖို့ အထောက်အပံ့ မဖြစ်ဘူး။ ငါ ဘယ်လိုလူလဲ၊ ငါနဲ့ တကယ် သင့်တော်တာ ဘာလဲ.. ဆိုတဲ့ မေးခွန်းကို မေးပြီး အဖြေကို ရှာမှ ဉာဏ်ပါတဲ့ ရွေးချယ်မှု ဖြစ်မယ်။ လွတ်လပ်တဲ့ ဘ၀ကို ပုံဖော်ဖို့ အထောက်အပံ့ ဖြစ်မယ်။

တကယ်လို့ လူ အများစုဟာ ကိုယ့်ဘ၀ကို ကိုယ် ရွေးချယ်တယ် ဆိုရင် ဒီစကားကို ပြောဖို့ လိုမလား။ မလိုဘူး.. နော်။

လွတ်လပ်မှု ဆိုတာ ဘာလဲ။


လွတ်လပ်မှု ဆိုတာ ရွေးချယ်ခွင့်ကို ဆိုတယ်။

ကိုယ် ရွေးချယ်ရမယ့် အရာတွေကို ကိုယ်ကိုယ်တိုင်

ဖန်တီးခွင့်ကို ဆိုတယ်။

ကောင်းတယ် ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သူများနောက် လိုက်ပြီး မဖြေဘဲ သူများ ပေးထားတဲ့ အဖြေကို အဆင်သင့် မယူဘဲ ကောင်းတယ် ဆိုတာကို ကိုယ့်ဉာဏ်နဲ့ကိုယ် လွတ်လွတ် လပ်လပ် သိပြီး လုပ်နိုင်မှ တကယ် စစ်မှန်တဲ့ ရွေးချယ်မှု ဖြစ်မယ်။

ကိုယ် ဘာကို ရွေးချယ်မယ် ဆိုတာ ကိုလည်း ကိုယ်ပဲ လုပ်ယူရမယ်။ ဖန်တီးယူရ မယ်နော်။ ဒီ နှစ်ခုထဲက တစ်ခုကို ရွေးပါ ဆိုတာ တကယ် စစ်မှန်တဲ့ ရွေးချယ်ခွင့် မဟုတ်ဘူး။ ကန့်သတ် ထားတဲ့ ရွေးချယ်ခွင့်ဟာ ရွေးချယ်ခွင့် အတုပဲ ဖြစ်တယ်။


ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင်

ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ

လူအဆင့်မှာ မရှိတော့ဘူး။

While we are free to choose, once we have made those choices, we are tied to the consequence of those choices. We are free to take drugs or not. But once we choose to use a habit-forming drug, we are bound to the consequences of that choice. Addiction surrenders later freedom to choose.

လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိတဲ့အခါမှာ ကိုယ်က တစ်ခုခုကို ရွေးချယ်လိုက်ပြီ ဆိုရင်တော့ ကိုယ် ရွေးချယ်မှုရဲ့ နောက်က လိုက်ပါလာမယ့် အကျိုးဆက် တွေက တွဲပြီး ပါလာမယ်။ မူးယစ်ဆေးကို သုံးမယ်၊ မသုံးဘူး ဆိုတာ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် စွဲစေတတ်တဲ့ မူးယစ်ဆေးကို ကိုယ်က ရွေးချယ်လိုက်ပြီ ဆိုရင် အဲဒီ ရွေးချယ်မှု နောက်က ပါလာတဲ့ ဆိုးကျိုးတွေနဲ့ နှောင်ဖွဲ့မိပြီ။ စွဲနေတာဟာ နောက်ပိုင်း လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်တာပဲ။ စွဲသွားရင် လွတ်လပ်မှု မရှိတော့ဘူး။

  • In nameless ways be good and kind,
  • But never force the human mind.

နာမည်တပ်လို့ မရတဲ့ နည်းမျိုးစုံနဲ့ ကောင်းတာကို လုပ်ပါ၊ စာနာပါ၊ ကြင်နာပါ။ ဒါပေမယ့် လူ့စိတ်ဓါတ် ကိုတော့ အတင်းအကျပ် အနိုင်မယူပါနဲ့။

မယုံချင်တာကို အတင်း ယုံခိုင်းတယ်၊ မလုပ်ချင် တာကို အတင်း လုပ်ခိုင်းတယ်၊ မထောက်ခံ ချင်တာကို အတင်း ထောက်ခံခိုင်းတယ်၊ ကိုယ့် အယူအဆနဲ့ မတူတဲ့သူကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ ခေတ် အဆက်ဆက် အဲသလို လုပ်ခဲ့ကြတယ်၊ အခုခေတ်လည်း လုပ်နေကြ တုန်းပဲ။

  • Freedom and reason make us men;
  • Take these away, what are we then?

လွတ်လပ်မှုနဲ့ အကြောင်းအကျိုး ကိုက်အောင် စဉ်းစား တွေးခေါ်နိုင် စွမ်းက ဒို့ကို လူဖြစ်အောင် လုပ်ပေးတယ်။ အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို့က ဘာလဲ…။

အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်း ရှိမှလည်း လွတ်လပ်မှု ရှိမယ်။ အကြောင်း အကျိုးကိုက်အောင် မတွေးနိုင်တဲ့ သူမှာ ဘယ်လို လွတ်လပ်မှုမျိုး ရှိမလဲ။ မယုံသင့်တာတွေ၊ သဘာဝ မကျတာတွေကို ယုံနေတဲ့ သူတွေဟာ လွတ်လပ်မှု မရှိတဲ့ သူတွေ ဖြစ်နေကြတယ်။

ဒါကြောင့် အကြောင်း အကျိုး ကိုက်အောင် တွေးခေါ်တတ်တဲ့ သူတွေ၊ စဉ်းစားတတ်တဲ့ သူတွေ ဖြစ်ဖို့ ကြိုးစားရမယ်။ လူတစ်ယောက်ကို အကြောင်း အကျိုး မကိုက်တာ တွေကို ယုံအောင် လုပ်လိုက်မယ်၊ သဘာဝ ကျကျ မစဉ်းစား တတ်အောင် လုပ်လိုက်မယ် ဆိုရင် သူ့ကို မလွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါကြောင့်


ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင်

သဘာဝ မကျတဲ့ အကြောင်းအကျိုး မကိုက်တာကို

ဘယ်တော့မှ မယုံဘူးလို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ

သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်။

ကိုယ့်ကို သူများက လှည့်စားလို့ ရရင် ကိုယ့်လွတ်လပ်မှု ဆုံးရှုံး နေပြီ။ ဘယ်သူတွေက ဘယ်လို နည်းတွေနဲ့ ကိုယ့်ကို လှည့်စားနေ သလဲ။ ဘာကြောင့် သူတို့က လူတွေကို လှည့်စားဖို့ ဒီလောက် ကြိုးစားနေကြ သလဲ။

  • Mere animals, and just as well
  • The beasts may think of heav’n or hell.

(လွတ်လပ်မှုနဲ့ အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်းကို ဖယ်ရှား လိုက်ရင် ငါတို့က ဘာလဲ။) တိရစ္ဆာန် မျှပဲ။ ကောင်းကင်ဘုံ သို့မဟုတ် ငရဲဘုံကို တွေးကောင်း တွေးမယ့် တိရစ္ဆာန် အရိုင်းပဲ။

  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.

ငါတို့ရဲ့ စွမ်းရည် သတ္တိတွေကို ငါတို့ အလွဲသုံးစား မလုပ်ကြပါ စို့နဲ့။ အဲဒါ လုပ်မယ့် အစား မှန်ကန်တာ လုပ်မယ့် လမ်းနဲ့ ကောင်းမွန်တာ လုပ်တဲ့ လမ်းကို ရွေးကြပါစို့။

ကိုယ့်ရဲ့ စွမ်းရည် သတ္တိဆိုတာ အကြောင်းအကျိုး သဘာဝ ကျကျ စဉ်းစား နိုင်တဲ့ စွမ်းရည် သတ္တိပဲ။ ဒါဟာ လူသားရဲ့ အကြီးမားဆုံး စွမ်းရည် ဖြစ်တယ်။ ဒီစွမ်းရည်ကို အလွဲသုံးစား မလုပ်ရဘူး။ ဒီစွမ်းရည်ကို သုံးပြီးတော့ပဲ မှန်ကန်တဲ့လမ်း၊ ကောင်းတဲ့လမ်းကို ရွေးရမယ်။ ဒီစွမ်းရည်ကို မသုံးနိုင်ရင် မမှန်တဲ့ လမ်းကို ရောက်ဖို့ များတယ်။ ကိုယ်က ကိုယ့်ဉာဏ်နဲ့ကိုယ် မရွေးနိုင်ရင် သူများက ကိုယ့်အတွက် ရွေးပေးလိမ့်မယ်။

အကြောင်းအကျိုး ကိုက်အောင် မစဉ်းစား တတ်တဲ့ သူတွေက သူများကို ဆရာလုပ်နေ ကြတာ တော်တော် များပါတယ်။ လူအများစုဟာ အဲဒီလို လူတွေကို ဆရာ တင်ထားကြတယ်။ ဆရာက အကြောင်း အကျိုး ကိုက်အောင် မတွေးနိုင်ဘူး ဆိုရင် သူ့တပည့်က ဘယ်လို လုပ်ပြီး အကြောင်း အကျိုး ကိုက်အောင် သဘာဝ ကျအောင် တွေးနိုင်တော့ မလဲ။

ဗေဒင် ဆရာတွေ၊ နတ်ကတော်တွေ၊ ဘိုးတော်တွေ၊ မယ်တော်တွေ၊ ၀ိဇ္ဇာဆိုတဲ့ သူတွေကို ဆရာ တင်ထားကြတဲ့ သူတွေဟာ ဘယ်လိုလုပ် အကြောင်း အကျိုး ကိုက်အောင် တွေးနိုင်မလဲ။ အခက်အခဲ တစ်ခု ရှိတဲ့ အခါ သဘာဝကျတဲ့ အဖြေနဲ့ လုပ်နည်းကို မရှာဘဲ သဘာဝ မကျတဲ့ လုပ်နည်းနဲ့ ဖြေရှင်းနေရင် အဲဒီ အခက်အခဲဟာ ဘယ်လို အဆင်ပြေနိုင် မလဲ။

———-*****———-

ကဗျာလေးကို တစ်စု တစ်ဝေးတည်း ပြန်ကြည့်ရင်

  • “Know this, that ev’ry body is free
  • To choose his life and what he’ll be;
  • In nameless ways be good and kind,
  • But never force the human mind.
  • Freedom and reason make us men;
  • Take these away, what are we then?
  • Mere animals, and just as well
  • The beasts may think of heav’n or hell.
  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.”

ဆရာတော် ဦးဇောတိက




Tuesday, 15 September 2009

ညွှန်းဆို ဖွဲ့သီအပ်သော မေတ္တာတရား

မေတ္တာသည် ရန်ကင်းငြိမ်း၏

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ် ၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တသုတ် .. ၄၄၃။)

မေတ္တာ၏ အကျိုးအာနိသင်

မေတ္တာ၏ အကျိုးအာနိသင်သည် အလွန်များပြား ကြီးမားမြင့်မြတ်၏။ ဘဝသမ္ပတ္တိ
အကျိုးပေးသန်သော ကောင်းသောကံတကာထဲတွင် ဤမေတ္တာကံသည် အထွတ်မြတ်ဆုံး
အသာဆုံးတည်း။ မေတ္တာကံကို တုပြိုင်နိုင်သော ကံဟူ၍ မရှိပေ။
သေက္ချတောင်ဆရာတော်ဦးတိလောက

မေတ္တာအာနိသင်

မေတ္တာတရားကို ပွားများခြင်းသည် အကျိုး စီးပွားကို
အလိုရှိသူတို့အတွက်လည်း ကောင်း ၊ အလိုမရှိသူတို့အတွက်လည်းကောင်း
ကုသိုလ်ကျေးဇူးကို ဆောင်ရွက်နိုင်၏။
လူတိုင်း လူတိုင်းသည် အာနိသင်ကြီးမားလှသော မေတ္တာ
ပွားများခြင်းကို ကောင်းစွာ မှီဝဲအပ်၏။
(မိလိန္ဒပဥှာ၊ မေတ္တာဘာဝနာနိသံသ-၁၉၇။)

ဒေါသကိုမေတ္တာဖြင့်ဖြေသိမ့်

ဒေါသကို သူယုတ်တို့ မှီဝဲ၏။
မေတ္တာကို သူတော်ကောင်းတို့ မှီဝဲ၏။
မေတ္တာသည် အရှုံးပေးခြင်း မဟုတ်။
ဒေါသသည်သာ ဆုံးရှုံးခြင်းဖြစ်၏။
ဒေါသဟူသည် ထွက်စရှိလျှင် ထွက်ချင်၏။
မေတ္တာဖြင့် ဖြေသိမ့်နှိပ်ကွပ်ဖန်များလျှင်
ဒေါသသည် အပိုးသေ၍လာ၏။
ခြံခုန်တတ်သော နွားကို နှိပ်ကွပ်ဖန်များလျှင်
ခြံမခုန်တော့သကဲ့သို့ ဖြစ်၏။

(ဒေါသကထာ၊ မောင်းထောင်ဆရာတော်)


မေတ္တာသည် သီတာရေစင်

မေတ္တာတရားတည်ရှိရာ ထွန်းကားရာ အရပ်များ၌
မည်သို့သော ချမ်းသာမှုမျိုးနှင့်မျှ မတူသော
ချမ်းမြေ့မှုများ ကိန်းဝပ်နေမြဲဖြစ်၏။
ထို့ကြောင့် သီလကို ပန်းရနံ့နှင့်နှိုင်း၏။
မေတ္တာကို သီတာရေစင်နှင့် ဥပမာပြုကြသည်။




Type the rest of your post here.

Monday, 6 July 2009

လမြတ်ဝါဆို

ဒီနေ့ဟာ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အထွက်အမြတ်နေထူးဖြစ်တဲ့ ၀ါဆိုလပြည့်လေးဖြစ်ပါတယ်.။
မနက်ပိုင်း မိမိတို့ကျောင်းမှာ အိန္ဒိယမှ PHD စာတမ်းပြုစုနေတော်မှုတဲ့ ဆရာတော်တစ်ပါးထံမှSkype .VZO တို့၏အကူအညီဖြင့် သီလယူခြင်း၊ နေ့ထူးလေးမှာတရားနာခွင့်ရခဲ့ပါတယ်။ဤသို့တရားပွဲလေးဖြစ်မြောက်အောင် ကူညီလုပ်ဆောင် လမ်းပြပေးတဲ့ ဆရာတော်နှင့်တကွ ကျွန်တော့်အကိုကိုဝင်းမြင့်ဇော်တို့ကိုလည်း ဤနေရာမှနေ၍ ရိုသေလေးစား ကျေးဇူးတင်မိပါကြောင်း နှင့်တရားပွဲအပြီးတည့်ခင်းကျွေးမွေး အလှူဒါနပြုကြသည့် ညီငယ်များကိုလည်း ထပ်လောင်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်။။
လမြတ်ဝါဆိုဆောင်းပါးလေးက ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာပါရှိတဲ့ ဆရာဦးအောင်မွန်(မဟာဝိဇ္ဇာ) ရဲ့
ဆောင်းပါးလေးတစ်ပုဒ်ကို မှတ်သားနာယူဖွယ်အဖြစ် အဝေးရောက်နေသော ဗုဒ္ဓဘာသာဝင်တို့အတွက်
တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။...
မြန်မာဆယ့်နှစ်လတွင် ဝါဆိုလသည် စတုတ္ထမြောက်လ ဖြစ်သည်။
ဝါဆိုလသည် ဝဿန္တမိုးဥတုဖြစ်သည်။ ရာသီမှာ ကရကဋ်၊ ရာသီရုပ်ကား
ပုစွန်လုံး၊ တာရာမှာ ဆင်တာရာ ဖြစ်၏။ ပြုဗ္ဗာသာဠ်နက္ခတ်သည် လမင်းနှင့်
ယှဉ်ပြိုင်လင်းလက်သည်။ ရာသီပန်းမှာ ပုန်းညက်ပန်းဖြစ်၍ ရာသီပွဲကား
ပဉ္စင်းခံပွဲတော် ဖြစ်ပါသည်။ ဤသည်ကို နဝဒေး၏ ဆယ့်နှစ်ရာသီဘွဲ့၌....
''ဝါဦးခေါ်မှတ်၊ ကရကဋ်လက်၊
ပြိုးပြက်ရောင်ဝှန်၊ ပြုဗ္ဗာသာဠ်နှင့်၊
နတ်မွန်ပျော်စက်၊ ပုန်းညက်ကြာခိုင်၊
ကြူလှိုင်ပျံ့သင်း၊ ပဉ္စင်းတော်ပွဲ
ညံမစဲသည်၊ ရိုက်နွှဲကြွေးကြော်ကာတည့်လေး''ဟူ၍လည်းကောင်း
ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား (၁၂)ပိုဒ်တွင်
''ပန်းများလှိုင်ကြူ၊မဉ္ဇူရွှေရွက်၊ ပုန်းညက်ကြိုင်သင်း၊
ပဉ္စင်းတော်ပွဲ၊ သဲသဲအုတ်အော်၊ ရွှင်ပျော်လှည့်ပတ်...'' ဟူ၍
လည်းကောင်း တွေ့ရှိရပါသည်။
ဝါဆိုလပြည့်နေ့သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဘဝဖြစ်တော်စဉ်၌
ထူးခြားမွန်မြတ် မင်္ဂလာအထပ်ထပ်ဖြင့် ပြည့်စုံသော ရက်မွန်နေ့မြတ်လည်း
ဖြစ်ပေ၏။
မဟာသက္ကရာဇ်(၆၇)ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ
အချိန်တွင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင် သီရိမဟာမာယာဒေဝီသည်
၎င်း၏ ဝမ်းကြာတိုက်အတွင်း ဆင်ဖြူတော်မြတ်သည် လက်ယာရစ်လှည့်ပြီး
လက်ယာနံပါးမှ ဝင်ရောက်သည်ဟု အိပ်မက်မြင်မက်တော်မူသည်။ ဤကား
အလောင်းတော် သိဒ္ဓတ္ထ ပဋိသန္ဓေယူတော်မူခြင်းတည်း။
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် (၁၆)နှစ် ရောက်သော်
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သားတော်အား တောထွက်သွားမည်ကို
စိုးရိမ်ပူပန်ခဲ့သည်။ ထို့ကြောင့် တောမထွက်စေရန် နွေရာသီ၌ စံမြန်းစေရန်
''သုရမ္မ'' မည်သော စံနန်းပြာသာဒ်၊ မိုးရာသီတွင် စံမြန်းရန် ''သုဘ''
စံနန်းပြာသာဒ်၊ ဆောင်းရာသီအတွက် ''ရမ္မ'' စံနန်း ပြာသာဒ်များ
တည်ဆောက်စေပြီး လှည့်လည်စံမြန်းစေသည်။ ရွှေအဆင်းနှယ်လှပသည့်
ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူ၍ အာရုံငါးပါးဖြင့် ထီးနန်း
စည်းစိမ်ကို ခံစားတော်မူစေပါသည်။
မဟာသက္ကရာဇ် (၉၆)ခုနှစ် ဝါဆိုလပြည့်နေ့တွင် အလောင်းတော်သည်
မြင်းလေးစီးကသော ရထားဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့၏။ ဤတွင်
သူအိုတစ်ဦးကို မြင်တွေ့ခဲ့၏။ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်
တော်မူသည်။ နောက်အကြိမ်များ၌လည်း သူနာ၊ သူသေတို့ကို မြင်မိပြန်သော်
မိမိလည်း ထိုသို့ နာရ၊ သေရမည်ကို စဉ်းစားဆင်ခြင်မိလေသည်။နောက်ဆုံး
တစ်ကြိမ်၌ကား ရဟန်းတစ်ပါးကို မြင်တွေ့တော်မူရာ ရဟန်း၏ အကျင့်
သီလသည် သတ္တဝါတို့အကျိုးကို ဖြစ်ထွန်းစေပုံနှင့် ဘဝမှ လွတ်မြောက်နိုင်ပုံကို
ဆင်ခြင်မိသဖြင့် မိမိလည်း ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူလေသည်။
ဤသို့ဖြင့် မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ဝါဆိုလပြည့် တနင်္လာနေ့
ညဥ့်သန်းခေါင်ယံမှာ ဆန္နအမတ်ကိုခေါ်လျက် ကဏ္ဍကမြင်းတော်ဖြင့်
တောထွက်တော်မူခဲ့လေသည်။ အနော်မာမြစ်ကမ်းရောက်သော် တစ်ကိုယ်
တည်း ကျင့်ကြံအားထုတ်ရန်ရည်သန်၍ အဝတ်တန်ဆာများနှင့် ကဏ္ဍက
မြင်းကို ဆန္ဒအမတ်အားလွှဲအပ်ကာ နေပြည်တော်သို့ ပြန်လွှတ်လိုက်တော်
မူပါသည်။
အလောင်းတော်သည် ဥရုဝေလတောဝယ် သဗ္ဗညုတဥာဏ်ကိုရလို၍
ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင် ကျင့်တော်မူခဲ့လေသည်။
သို့ရာတွင် သဗ္ဗညုတဥာဏ်မရနိုင်သဖြင့် မဇ္ဈိမပဋိပဒါလမ်းကြောင်း
ပြောင်းကာ ကျင့်ရာတွင်မှ ဘုရားအဖြစ်သို့ ရောက်တော်မူလေ၏။ မဟာ
သက္ကရာဇ် (၁ဝ၃) ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီး
မဟာသက္ကရာဇ် (၁ဝ၃)ခုနှစ် ဝါဆိုလပြည့် စနေနေ့ ညချမ်း နေမင်းဝင်လုဆဲ၊
လမင်းထွက်ပြူဆဲတွင်၊ ''ဒွေမေ ဘိက္ခဝေ'' အစချီလျက် တရားဦးဓမ္မစကြာ
ကို မိဂဒါဝုန်တောအတွင်း ပဉ္စဝဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့လေသည်။
ဝါဆိုလ၌ ပဉ္စင်းခံပွဲကျင်းပရခြင်းမှာလည်း ဘုရားရှင်သည် မိဂဒါဝုန်
တောတွင် ပဉ္စဝဂ္ဂီငါးဦးနှင့်အတူ နတ်ဗြဟ္မာများစွာအား ဓမ္မစကြာတရားဦး

ဟောတော်မူပြီးနောက် ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ထံ ရဟန်းပြုခွင့် ပန်ကြားကြ
သည်။ ဘုရားရှင်က ခွင့်ပြုတော်မူ၍ ''ဧဟိဘိက္ခု'' ရဟန်းအဖြစ်ကို ရကြ
သည်။ ဤသည်ကို အရင်းခံ၍ ဝါဆိုလတွင် ပဉ္စင်းခံပွဲကို အစဉ်အဆက်
တခမ်းတနား ကျင်းပကြခြင်းဖြစ်ပါသည်။
ဤလမြတ်ဝါဆိုမှာပင် မြတ်ဘုရားရှင်သည် သတ္တမဝါကို တာဝတိံသာ
နတ်ပြည်၌ ကပ်တော်မူလျက် မယ်တော်နတ်သားအမှူးပြုသော နတ်၊ သိကြား၊
ဗြဟ္မာအပေါင်းအား တစ်ဝါတွင်းလုံးအဘိဓမ္မာတရားကိုဟောတော်မူပါသည်။
နေ့စဉ် လူ့ပြည်သို့ကြွတော်မူ၍ စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေးကာ နေ့သန့်
နေတော်မူစဉ် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို
ဟောတော်မူပါသည်။ တာဝတိံသာ နတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က
ဆက်လက် ဟောကြားတော်မူနေသည်။ ဤသို့တစ်ဝါတွင်းလုံး တာဝတိံသာ၌
ဟောတော်မူပြီး ဝါပကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်လူ့ရပ်
သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူပါသည်။
ဤလမြတ်ဝါဆိုမှာပင် တိတ္ထိတက္ကတွန်းတို့အား တန်ခိုးပြာဋိဟာပြတော်မူ
ခဲ့သည်။ မဟာသက္ကရာဇ် (၁ဝ၉)ခုနှစ် ဝါဆိုလပြည့်ညချမ်း၌ သာဝတ္ထိပြည်၊
ကဏ္ဍမည်သော သရက်ဖြူပင်အနီး၌ ရတနာစင်္ကြံကိုဖန်ဆင်း၍ နှစ်ဆယ့်လေး
ယူဇနာရှိသော လူပရိသတ်နှင့်တကွ နတ်ဗြဟ္မာတို့အား ရေအစုံ မီးအစုံ
တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
ဝါဆိုလအမည်ကို ရှေးဟောင်း ကျောက်စာများ၌ 'မြွမယ်တာလ၊
နွယ်တာလ၊ နွေတာလ၊ မလွယ်တာလဟု' အမျိုးမျိုးတွေ့ရပါသည်။
မလွယ်မှာ မြေသို့မဟုတ် လယ်မြေဟု အဓိပ္ပာယ်ရသည်။ မိုးတွင်းကာလ
စိမ်းလန်း ရှင်သန်လျက်ရှိသော လယ်မြေယာတောများအတွင်း ဖြတ်သန်းကာ
ဒေသစာရီလှည့်လည်သွားလာကြသော ရဟန်း သံဃာတို့ကြောင့် လယ်
ယာများ၊ မြက်၊ သစ်ပင်၊ သီးနှံပင်များ ပျက်စီးကုန်ကြသည်။ ထိုအကြောင်းကို
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသော မြတ်စွာ
ဘုရား ကြားသိတော်မူသည်တွင် ရဟန်းတို့အား စည်းဝေးစေပြီး ''ရဟန်းတို့
ဝါတွင်းသုံးလပတ်လုံး ဝါဆိုခြင်းကို ငါဘုရား ပညတ်တော်မူ၏''ဟု မိန့်တော်
မူသည်။
ဤသို့နှင့် ဝါဆိုလပြည့်ကျော် ၁ရက်နေ့တွင် သံဃာတော်များသည်
မိမိတို့ သီတင်းသုံးမည့်ကျောင်း၌ မြတ်စွာဘုရား၏ ရှေ့တော်မှောက်ဝယ်
''ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံဝဿံ ဥပေမိ'' ဤကျောင်းတွင် မိုးသုံးလ
ပတ်လုံး ဆည်းကပ်ပါမည်ဟု ရွတ်ဆိုဝါကပ်ကြရသည်။ ထိုအခါမှစ၍ ရဟန်း
တော်တို့သည် မိမိတို့သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အတွင်းမှ အရပ်
တစ်ပါးသို့ ညဥ့်အိပ်ညဥ့်နေ ခရီးထွက်ခွာခြင်း မပြုရဘဲ ဝါဆိုလပြည့်ကျော်
၁ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆို ဝါကပ်တော်မူကြရပေသည်။
သံဃာတော်အရှင်မြတ်တို့ ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်ကျင့်သုံး
ဆောက်တည်တော်မူကြသောကာလ၌ ဗုဒ္ဓနွယ်ဝင် သူတော်စင်အပေါင်းသည်
လည်း ဥပုသ်သီတင်းနေ့တိုင်း ဆောက်တည်ကြ၊ တရားဓမ္မနာကြားဆွေးနွေး
ခြင်းများ ပြုကြ၏။ ဝိပဿနာစခန်းများ၌ စခန်းဝင် တရားအားထုတ်ကြပါ
သည်။ ဘုရားကျောင်းကန်များမှာ လှူဒါန်းကျွေးမွေးခြင်း၊ သက်ကြီးဝါကြီး
များအား ပူဇော်သက္ကာရပြုခြင်း၊ သက်သတ်လွတ်စားခြင်း၊ ကျွဲ၊ နွား၊ ငါး၊
ငှက်တို့ကို ဘေးမဲ့လွှတ်ခြင်းစသည့် ကောင်းမှုများပြုကြသည်။ ဝါတွင်း
ကာလအတွင်း ထိမ်းမြားလက်ထပ်မင်္ဂလာပြုခြင်းများကိုလည်း ရှောင်ကြဉ်
ကြရလေသည်။
ခြုံငုံ၍ဆိုရလျှင် ဝါဆိုလ၊ ဝါဆိုလပြည့် ဝါတွင်းသုံးလပတ်လုံး အခါ
သမယတို့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ လထူးလမြတ်၊ နေ့ထူးနေ့မြတ်၊
အခါထူး အခါမြတ်ကြီး ဖြစ်ပေသည်။ ဝါဆိုလပြည့်နေ့ကျရောက်တိုင်း
နိုင်ငံတစ်ဝန်း ဗုဒ္ဓနွယ်ဝင်တို့၏ ဓမ္မစကြာတရားတော်မြတ် ရွတ်ဖတ်
သရဇ္ဈာယ်သံများ ခြိမ့်ခြိမ့်အုန်းအုန်း ရှိလှပေသည်။
လမြတ်ဝါဆိုသည် ဘာသာ၊ သာသနာ အစဉ်အလာကောင်းများ၊ ကုသိုလ်
ရေးရာများ၊ ရိုးရာဓလေ့ကောင်းများပြည့်စုံလျက်၊ မင်္ဂလာ ကျက်သရေရှိ
လှသော အခါတော်ထူး ဖြစ်ပေသည်။ ဤရက်မြတ်အခါတွင် သတ္တဝါ
ခပ်သိမ်း၊ ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြစေကြောင်း ဆုမွန်တောင်းလိုက်ရ
ပါသည်။

Friday, 15 May 2009

အလုပ်ဖြစ်မှာလား ၊ အဖြစ်လုပ်မှာလား

ဝီရိယကိုမှီ၍ အသက်ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကိုမှီ၍အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမှီ၍ အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမမှီဘဲ အသက်ရှင်ရသူဟု ပုဂ္ဂိုလ်လေးမျိုးရှိကြောင်းဘုရားရှင် အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောကြားတော်မူခဲ့သည်။
အထက်ပါသုတ္တန်ကို ကြည့်ကသာမန်လူအများစုက လက်လှုပ်မှ ပါးစပ်လုပ်ဆိုသည့်အတိုင်း ပါးစပ်လုပ်နိုင်ဖို့အတွက် လက်ကအမြဲလှုပ်နေရသောသဘောရှိပါသည်။ ဒါကိုထောက်ကဘ၀ဆိုတာ ရုံးကန်လှုပ်ရှားခြင်းဟူသောအဆိုက မှန်ကန်ပေသည်. သာမန်လူအများစုမှာဝီရိယမရှိ၍မရ၊ ၀ီရိယမစိုက်၍မရ ၊မရုန်း၍မရ မလှုပ်ရှား၍မရ၊ မကြိုးစား၍မရ၊ သူ့အရွှယ်နဲ့သူ ၀ီရိယစိုက်ထုတ်ကာရုန်းကန်နေရ၊ လှုပ်ရှားနေရ၊ ကြိုးစားနေရသည်သာ၊ မိမိတို့ဘ၀အနေအထားကိုက ၀ီရိယကိုမှီ၍အသက်ရှင်နေရသည်မဟုတ်ပါလား။
လူ၏တန်ဖိုးကား အလုပ်သာဖြစ်သည်၊ လူ၏အရည်အသွေးကိုတောက်ပြောင်စေသည်ကား အလုပ်သာဖြစ်သည် လူ၏အရည်အသေးကိုတောင်ပြောင်စေသည်ကား အလုပ်သာဖြစ်သည်၊လူ၏တန်ဖိုးကိုမြင့်တင်ပေးနိုင်သည်ကား အလုပ်သာဖြစ်သည်၊ အလုပ်လုပ်သူတို့ ကြီးပွားကြသည်၊ အလုပ်လုပ်သူတို့အထက်ရောက်ကြသည်။ ထိပ်မှာရောက်နေသူအများစုကိုကြည့်လျှင် အလုပ်ကြိုးစားသူတို့သာဖြစ်သည်ကို တွေ့ရပါမည်။
ကိုယ်တက်ထားသည့် အတက်ပညာပေါ်မှုတည်၍ လုပ်ငန်းခွင်ကိုဝင်ကြရသည်၊ အသက်ရှိသူတိုင်းအသက်မွေးဖို့၊၀မ်းရှိသူတိုင်းဝမ်းကျောင်းဖို့အလုပ်တစ်ခုခု
ကတော့လုပ်နေကြရသည်၊ တစ်ချို့ကတစ်ကိုယ်ရေ တစ်ကာယအတွက်၊ တချို့ကမိသားစုအတွက်၊ တစ်ချို့ကမိသားစုအတွက်၊ တစ်ချို့ကမြို့ရွာအတွက် တိုင်းပြည်နဲ့လူမျိုးအတွက်၊ ဘာသာသာသနာအတွက် ကိုယ်နီးစပ်ရာ၊ကိုယ်သန်ရာ လုပ်နေကြရသည်။
ထိုကဲ့သို့အလုပ်လုပ်ရာတွင် အလုပ်ဖြစ်ခြင်းနှင့်အဖြစ်လုပ်ခြင်းဟုနှစ်မျိုးတွေ့ရသည်၊ အလုပ်ဖြစ်ခြင်းဟူသည် စံချိန်စံညွှန်းမီခြင်း၊ မမှီသော်မှ လက်ခံနိုင်လောက်သည့်အနေအထား၊ တူတူတန်တန်ဖြစ်ခြင်းဖြစ်သည်၊ အဖြစ်လုပ်ခြင်းဟူသည် မည်ကာမတ္တအဖြစ်မျှသာလုပ်ခြင်း
ဖြစ်သည်၊ တစ်ချို့လည်းအလုပ်ဖြစ်ကြသည်၊ တစ်ချို့လည်းအလုပ်မဖြစ်ကြ၊ တစ်ချို့အလုပ်မဖြစ်
သဖြင့်အဖြစ်လုပ်နေကြရသည်။အလုပ်မဖြစ်မှန်းသိပါလျက်ပေတေစွာလုပ်နေသောအခါပို၍
ပင်အလုပ်မဖြစ်ဘဲရှိတော့သည်။အဖြစ်လုပ်သူတွေပို၍များများလာသည်၊တစ်ချို့ကိုယ်ကိုယ်ကိုယ်“
အလုပ်ဖြစ်သူလား၊ အဖြစ်လုပ်သူလား”ဟုပင်စဉ်းစားမည့်ပုံမပေါ်၊ လုပ်မြဲတိုင်းသာ ပေ၍သာလုပ်နေကြသည်။
လူဟူသည်လုပ်ချင်ကိုင်ချင်စိတ်ရှိရမည်၊ လုပ်တက်ကိုင်တက်ရှိရမည်၊အလုပ်လုပ်နေရမည်
အလုပ်ပေါ်စေတနာထက်သန်ရမည့်၊ အလုပ်နှင့်ဆက်စပ်ပြီး လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေဖြစ်ပေါ်လာပေမည်၊ ရပိုင်ခွင့်ဟူသည် ခံစားခွင့်ပင်စြဖ်သည်။ ထိုလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့်တို့သည် မိမိတို့၏ လုပ်တက်ကိုင်တက်ဟူသော အရည်အသွးပေါ်၌သာတည်ရမည်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်ခံစားခွင့်တို့ကတို့က အကျိုးဖြစ်သည်၊ လုပ်တက်ကိုင်တက်ဟူသော အရည်အသွေးကအကြောင်းဖြစ်သည်၊ အကျိုးသည်အကြောင်းပေါ်၍သာ မှီတည်သည် “အကြောင်းရှိမှ အကျိုးဖြစ်မည်”.။အကြောင်းကောင်းကောင်းတည်ဆောက်ပြီးမှသာ အကျိုးကောင်းကောင်းမျှော်လင့်ရမည်၊ လက်ခံ၇မည်ဖြစ်သည်။
မေတ္တသုတ်နိဒါန်း၌ သကော- စွမ်းနိုင်သူသည်၊အဿ-ဖြစ်ရမည်ဟုဆိုသည်။ကိုယ်လုပ်သည့်အလုပ်ကိုစွမ်းရမည်၊ ကျွမ်းရမည်။စွမ်းဆောင်ဟုဆိုသဖြင့် စွမ်းမှသာဆောင်နိုင်လိမ့်မည်၊ ကျွမ်းကျင်မှလိမ္မာဟူသောအဆိုရှိ၏ ကိုယ်လုပ်တဲ့အလုပ်ကိုကျွမ်းကျင်မှသာ လိမ္မာသူဖြစ်လိမ့်မည်၊ လိမ္မာရာရောက်လိမ့်မည် အသိအမှတ်ပြုခြင်းခံရပေမည်။အလုပ်လုပ်ကြပြီဆိုလျှင်တော့ သို့မဟုတ် အလုပ်တစ်ခုလုပ်ကြတော့မည်ဆိုလျှင်တော့ “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား” ဆိုတာကိုတော့ မဖြစ်မနေကိုစဉ်းစားရမည်။မိမိကိုယ်ပိုင် ပုဂ္ဂလိကအလုပ်က မြေခရမ်းပျိုး၍ ရနိုင်သော်လည်းအများနှင့်သက်ဆိုင်သော အလုပ်ကမြေခရမ်းပျိုးလုပ်၍မရ။ လုပ်ပြီဆိုလျှင်အလုပ်နှင့်တူအောင် လုပ်ပေးရတော့မည်၊ အဖြစ်လုပ်၍မရ၊ အလုပ်ဖြစ်ရတော့မည် ၊အလုပ်ဖြစ်အောင်လုပ်ပေးရတော့မည်။ ထိုအလုပ်အတွက် မိမိ၌ကျွမ်းကျင်မှုအရည်အချင်းမရှိမဖြစ်လိုအပ်လာသည်။
ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသလို ထိုအလုပ်ကို တာဝန်ခံလုပ်တော့မည်ဆိုလျှင်တော့ ထိုအလုပ်နှင့်စပ်၍ မိမိမှာတက်မှု၊ သိမှု၊ ကျွမ်းကျင်မှုအရည်အချင်းတွေ ရှေးဦးစွာဖြည့်ဆည်းထားမှတော်ကာာကျမည်၊။ အလှူဒါနပြုလုပ်ရာတွင်လည်း လှူမည့်ကြံ၊ မလှူခင်ကစဉ်းစား၊ မပြတ်သားလျှင် မလှူနဲ့ဆိုသလိုမစွမ်းလျှင် မဆောင်တာဘဲကောင်းသည်။
အလုပ်ဖြစ်အောင်မလုပ်တက်လျှင် ၊မဆောင်ရွှက်တက်လျှင်မလုပ်တာပဲကောင်းသည်၊ အဖြစ်ကိုတော့မလုပ်သင့်၊ အလုပ်တစ်ခုကိုလုပ်တော့မည်ကြံလျှင် “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား”ဆိုတာတော့ မိမိကိုယ်ကိုမေးဖြစ်အောင်မေးကြရလိမ့်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့် ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ ရေးသားဆုံးမတော်မှုတဲ့ “အလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား”တရားဆောင်းပါးမှ ကောက်နှုတ်မှီးငြမ်းရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်အနေဖြင့်လည်း စာဖတ်သူများကို
ခုလက်ရှိလျှောက်လမ်းနေရတော့ လမ်းကြောင်း၊ လုပ်ငန်းအသွယ်သွယ်တွင် အမှန်တကယ်
လက်ခံယုံကြည်ရသော အလုပ်ကြိုးစားသူ အလုပ်ဖြစ်ကြသူတွေများဖြစ်ကြစေဖို့ တိုက်တွန်းလိုပါတယ်။ ပတ်ဝန်းကျင် ကဒီကောင် “အဖြစ်ဘဲလုပ်တက်ပါလား”ဆိုတဲ့မှတ်ချက်မျိုးမထင်ကျန်ရစ်အောင် ကြိုးစားဖို့နှင့်
ရည်မှန်းချက်ပန်းတိုင်ကို နိုးနိုးကြားကြား ကြိုးကြိုးစားစားရင်ဆိုင်ဖြတ်သန်းနိုင်ကြစေဖို့
နိုးဆော်တိုက်တွန်းလိုက်ရပေတော့သည်။
ငြိမ်းအေးထွန်း
(၁၆.၀၅.၂၀၀၉)

Thursday, 2 April 2009

အဘိဓဇမဟာရဋ္ဌဂုရု ၀န်းသိုမြို့၊ ခနီး္တစာသင်တိုက် ဆရာတော် (၁၂၅၆-၁၃၄၈)

စစ်ကိုင်းတိုင်း၊ကသာခရိုင် ၊၀န်းသိုမြို့၊ခနီး္တစာသင်တိုက်ဆရာတော်ဘဒ္ဒန္တသုဇန၏
ထေရုပ္ပတ္တိအကျဉ်း



ပြည်ပရောက်နေတုန်း၊ ကိုယ့်မွေးရပ်မြေဒေသမှ ထူးခြားမွန်မြတ်သည့်ဆရာတော်ကြီး
ဖြစ်တော်မှုသော အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ကျေးဇူးတော်ရှင် စစ်ကိုင်းတိုင်း၊ကသာခရိုင် ၊၀န်းသိုမြို့၊ ခနီး္တစာသင်တိုက်ဆရာတော်ဘဒ္ဒန္တသုဇန၏
ထေရုပ္ပတ္တိအကျဉ်းအားကြည်ညို ဂုဏ်ဖော် တင်ပြလိုက်မိပါတော့သည်…
“ဆရာတော်သည် မကွေးတိုင်း ထီးလင်းမြို့၊ ကဇွန်းဒေါင့်ရွှာ ခမည်းတော် ဦးလယ်ရောက်၊
မယ်တော် ဒေါ်ရွှေမြင့်တို့မှ သက္ကရာဇ် ၁၂၅၆ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ရက်၊ သောကြာနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မှုသည်။မွေးချင်း ၁၂ယောက်ရှိသည့်အနက်
ဆရာတော်သည် ဒုတိယသားရတနာဖြစ်သည်။ ဆရာတော်လောင်းလျာမွေးဖွားပြီးချိန်မှစ၍
မိဘတို့မှာ စီးပွားဥစ္စာ တိုးတက်လာသဖြင့် မောင်သာတိုးဟုအမည်တော် တွင်ခဲ့လေသည်။
ပဗ္ဗဇဖ္ဖ နှင့် ဥပသမ္ပဒ
ဆရာတော်လောင်းလျာသည် ၁၁နှစ်သားအရွယ်တွင် ခမည်းတော် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ကဇွန်းဒေါင့်ရွာ ဂိုဏ်းဖောက်ဆရာတော်ထံ၌ ရှင်သာမဏေအဖြစ်သို့
ရောက်ရှိတော်မှုသည်။ ရှင်သာမဏေ ဘွဲ့မှာ ရှင်သီရိဖြစ်သည်။။
၁၂၇၅ ခုနှစ်၊ နတ်တော်လဆန်း ၉ရက်နေ့တွင် ၀န်းသိုမြို့ ရွှေကျောင်းအရှေ့ရွှေဂူကြီးဘုရားအနီး ခဏ္ဍသိမ်ကြီး၌ ၀န်းသိုမြို့ အရှေ့ရေ၀န်းတိုက်
ဆရာတော် ဦးဇယန္တကို ဥပဇ္ဈာယ်ပြုလျှက် ၀န်းသိုမြို့ စပါးနှင့်ဆန်ကုန်သည်ကြီး ဦးသာပြော၊ ဒေါ်ဒေါ်အဲတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာမြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်တော်မှုသည်။
ရဟန်းဖြစ်တော်မှုပြီးနောက် ၀န်းသိုမြို့ ပထမခန္တီးဆရာတော်ကြီးက ရှင်သီရိဟူသော ဘွဲ့တော်ဟောင်းမှ ဆန်းဂုဏ်နှင့်ညီညွတ်သည့် ဦးသုဇနဟူသော ဘွဲ့တော်သစ်သို့ ပြောင်းပေးတော်မှုရာ ထိုဘွဲ့တော်ဖြင့်ပင် ယနေ့တိုင်ထင်ရှားလျက်ရှိသည်။
ပရိယတ္တိကို သင်ကြားတော်မှုခြင်း
ဆရာတော်သည် ရှင်သာမဏ ဖြစ်သည်မှစ၍ ကဇွန်းဒေါင့်ရွာကျောင်းဆရာတော် အရှင်ဥေယျ၊
စင်ပုံရွာကျောင်း ဆရာတော်အရှင်စန္ဒ၊ ကင်းပန်းရွာဂိုဏ်းထောက်ဆရာတော်ကြီး အရှင်ဂန္ဓမာ။
ဝန်းသိုမြို့ ပထမခနီး္တဆရာတော်ကြီး အရှင်စန္တိမာတို့အထံ၌ အခြေခံပိဋက ကျမ်းစာများကို သင်ယူတော်မှုသည်။အထူးသဖြင့် လောကီ လောကုတ္တရာ စွယ်စုံပညာရှင်ကြီးဖြစ်တော်မှုသော
စင်ပုံတရာတော်ကြီးထံ၌ ဗေဒင်ပညာကို ဇာတာဖွဲ့နိုင်သည်အထိ ဆည်းပူးတော်မှုခဲ့ပါသည်။
ရဟန်းဖြစ်ပြီးလျှင် ခုနစ်ဝါမြောက် သင်ရိုးပေါက်ရမည်ဟူသော အဓိဋ္ဌာန်ချက်ဖြင့် ကျေးဇူးတော်ရှင် ပထမခနီး္တဆရာတော်ကြီးအထံ၌ ပ်ါဠိတော် အဋ္ဌကထာ၊ ဋီကာစသော ကျမ်းများကို သင်တော်မှုစဉ် ရဟန်းငါးဝါ အရ၌ထုံနာ၊ လေနာရောဂါများစွဲကပ်လာသဖြင့်
ပါဠိတော် ကျမ်းရင်း ၂၀နှင့် အဋ္ဌကထာ ၁၀ကျမ်းတို့သာ ပြီးမြောက်ခဲ့ပါသည်။
ထို့နောက် ရဟန်း ၉၀ါအရ ကျေးဇူးတော်ရှင် ပထမ ခန္တီးဆရာတော်ကြီး၏ အစီအစဉ်ဖြင့်
မန္တလေးမြို့အရှေ့ပြင်ခင်မကန်တိုက် သုဓမ္မာဥက္ကဋ္ဌဆရာတော်၊ နန်းရှေ့တိုက်ကျောင်း ကျောက်ပန်းတောင်း ဆရာတော်တို့အထံ၌လည်းကောင်း၊ တောင်ပြင်ဘုရားကြီးတိုက်၊ ပထမတိုက်အုပ်ဆရ်ာတော်ဘုရားကြီး၊ ရွှေရေးဆောင်ဆရာတော်ဘုရားကြီး၊ ကဗျာနန် ဆရာတော်ဘုရားကြီးများ အထံ၌လည်းကောင်း၊ အနောက်ပြင်ခင်မကန်တိုက်၊ ဗန်းမော်ကျောင်းဆရာတော်ဦးသုတ၊ စကုတိုက် ဆရာတော်ဦးပဏ္ဍိတတို့ အထံ၌လည်းကောင်း၊
ဆန်း၊ အလင်္ကာ ၊နေတ္တိ စသည်တို့ဖြင့် ပါဠိ၊ အဋ္ဌကထာ ၊ဋီကာကျမ်းရိုးသွားကိုလေ့လာသင်ကြားတော်မှုခဲ့ပါသည်။
ဆရာတော်သည် ရဟန်းဖြစ်စ ပထမ ခနီး္တဆ၇ာတော်ဘုရားကြီးထံတွင် ပရိယတ္တိ စာပေများကို
လေ့လာဆည်းပူးနေစဉ် စာသင်သား ရဟန်း သာမဏေ တို့အား နေ့ဝါ ည၀ါ တစ်နေ့လျှင် စာဝါ ၁၂၀ါအထိ ပို့ချတော်မှုသည်။ ထို့နောက် ရဟန်း ၆၀ါအရ ကျေးဇူးရှင် မိခင်ကြီးကို အကြောင်းပြု၍ မိမိရပ်ရွာ ယောနယ်သို့ပြန်ကြွတော်မှုကာ ရွှေယင်းမာပင်ကျောင်း၌ ၃နှစ်၊ ၃၀ါတိုင်တိုင် ရဟန်းငယ်ရှင်ငယ်တို့အား စာပေပို့ချ သင်ကြားပေးတော်မှုပါသည်။ရဟန်း ၁၂၀ါအရတွင် ပထမခနီး္တဆရာတော်ကြီး၏ တာဝန်ပေးချက်အရ ခနီး္တစာသင်တိုက်ကြီး၌ တိုက်အုပ်ဆရာတော်အဖြစ် တာဝန်ယူ စီမံအုပ်ချုပ်တော်မှုသည်။
၁၂၉၃ ခုနှစ် ၁၉၀ါအရတွင် ပထမ ခနီး္တဆရာတော်ကြီး ဘ၀နတ်ထံပျံလွန်တော်မှုချိန်မှစပြီး တိုက်ပိုင်ဆရာတော်ဖြစ်တော်မှုသည်။ ထိုအချိန်မှစပြီး မိမိကျေးဇူးရှင်ဆရာတော်ကြီးချမှတ်တော်မှုခဲ့သည့် ပရိယတ္တိ သာသနာတော်ကြီးမပျက်စီး မညိုးမှိန်ရအောင် ၊တိုးတက်သည်ထက် တိုးတက်အောင်ဆောင်ရွက်တော်မှုခဲ့သည်။

ဆရာတော်သည် သံဃသုဋ္ဌု သံဃာဖာသု သာသနာ့ဝိပုလ သမဂ္ဂသမောဓန ဖြစ်မြောက်ရေးအကျင့်စရိတ္တ ကောင်းမွန်ရေး ပရိယတ္တိတိုးတက်ရေးတို့ကို ရှေးရှုတော်မှုလျက် ဥပုသ်နေ့တိင်း ဥပုလ်ပြုအပြီးတွင် ဆုံးမသြ၀ါဒပေးတော်မှုသည်။
သက်တော် ၅၈နှစ်၊ သိက္ခာတော် ၃၉၀ါအရတွင် ရဟန်းရှင်လူတို့၏ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို ရှာမှီးရာ ဗဟိုဌာနကြီးသဖွယ် ဖြစ်သည့် ၀န်းသိုမြို့နှင့် တစ်မိုင်သာသာခန့်ဝေးကွာသည့် တောင်ကုန်းတစ်ခုတွင် ခရီးရိပ်သာကို (မန္တလေး မြစ်ကြီးနားရထားလမ်းတွင် ၊ ၀န်းသိုမြို့ဘူထာအ၀င် ၁မိုင်သာသာခန့်ခန့်တွင် ရထားပေါ်မှနေဖူးမြင်နိုင်ပါသည်) တည်ထောင်တော်မှုကာ အတ္တာနမေ၀ ပထမံ ပဋိရူပ နိဝ သယေ ဒေသနာတော်နှင့်အညီ မိမိကိုယ်တိုင်လည်း ကြိုးစားအားထုတ်တော်မှု၍ ရောက်လာသည့် ရဟန်းရှင်လူတို့အားလည်း ၀ိပဿနာကမ္မဋ္ဌာန်း အားထုတ်နည်းတို့ကို
နေ့ညဥ့်မလပ် ဟောကြားပြသတော်မှုသည်။
ဆဋ္ဌသင်္ဂါယနာ တင်ပွဲကြီး၌ ပါဠိဝိသောဓက တာဝန်နှင့် ဆဋ္ဌသံဂီတိဘာဏကတာဝန်များကို
ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အပြင် ကသာခရိုင်၊ ၀ိနိစ္ဆယဌာနတွင် ခရိုင်ဝိနည်းဓိုရ်ဆရာတော်အဖြစ်ဆောင်ရွက်တော်မှုခဲ့ပါသည်။။
၁၉၆၅ ခုနစ်၊ မှော်ဘီမြို့ သာသနာသန့်ရှင်းပြန့်ပွားရေး ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးဖြစ်မြောက်ရေးဦးစီးဆရာတော် ၂၁ပါးတွင် ပါဝင်ဆောင်ရွက်တော်မှုခဲ့ပါသည်။
၁၃၂၃ခုနှစ် တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မှုသည်။



စာပေကျမ်းဂန် ရေးသားပြုစုတော်မှုခြင်း

ဆရာတော်ဘုရားသည် ခနး္တီစာသင်တိုက်ကြီး၌ အုပ်ချုပ်ရေးတာဝန်၊ စာပေကျမ်းဂန်ပို့ချမှုတာဝန်( ရောက်လာသော ဒါယကာ၊ ဒါယိကာမများအား
ဒါနကထာ၊ သီလကထာ စသော ဟောပြောမှုတာဝန် )များကုထမ်းဆောင်တော်မှုစဉ်
အားလပ်ချိန်များ၌ ရဟန်းရှင်လူတို့၏ အကျိုးအတက် အောက်ပါကျမ်းစာများကို ရေးသားတော်မှုခဲ့ပါသည်။
၁။ ဘာသာအလင်းပြ(ပထမတွဲ)၊ဘာသာအလင်းပြ(ဒုတိယတွဲ)၊ဘာသာအလင်းပြ(တတိယတွဲ)
၎။သစ္စာအလင်းပြကျမ်းကြီး
၅။သစ္စာဆောင်ပုဒ်များ
၆။ သစ္စသင်္ခေပ
ရ။စတုသစ္စကမ္မဋ္ဌာန်း
၈။ ဥပုသ်စောင့်လက်စွဲ၊
၉။ ငြိမ်းချမ်းရေးလမ်းစဉ်
၁၀။သုဂတိလမ်းညွှန်၊
၁၁။ ၀န်းသိုရာဇ၀င်၊
၁၂၊ ပညတ်ပရမတ်ခွဲ၊
၁၃။ ကလျာဏပုထုဇ္ဇနပကာသနီ၊
၁၄။ခန္ဓာဒိပကာသနီ၊
၁၅။ ပရိဝါသ၀တ္တပကာသနီ၊
၁၆။ ဒွတ္တိံသကာနုပဿနာ၊
၁၇၊ခနီး္တတိုက် ၀တ်ရွတ်စဉ်၊
၁၈၊ခနီး္တရိပ်သာ ၀တ်ရွက်စဉ်၊
၁၉။ ခနီး္တတိုက် ရှင်ကျင့်ဝတ်၊
၂၀။ ကျောက်မြောင်းစာတမ်း၊
၂၁။ စေတီယစာတမ်း၊
၂၂၊ဒါနသီလအလင်းပြ၊
၂၃၊ ၀ိနယသံခေပကျမ်း (နောက်ဆုံးရေးသားသည်) စသည်ဖြင့် ကျမ်းပေါင်း၂၃ကျမ်ရေးသား
ပြုစုတော်မှုခဲ့သည်။ (ငယ်စဉ်ဘုရားဖူးထွက်ရစဉ်က ရဟန္တာအရှင်မြတ်တစ်ပါးဟု ကျော်စောတဲ့ဆရာတော်တစ်ပါးက ခနီး္တဆရာတော်ဘုရားကြီးရေးသားပြုစုတော်မှုတဲ့
သစ္စာအလင်းပြကျမ်းကြီးကို ကြည့်ရှု့ချင်ကြောင်းမိန့်ကြားခဲ့သည်ကို ခုထိမမေ့နိုင်ပါ။)
၁၃၄၁ ခုနှစ်တါင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်တော်၊ နိုင်ငံတော်ကောင်စီက ဆက်ကပ်လှူဒါန်းသည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တိဆပ်တော်မြတ်ကို အလှူခံရရှိတော်မှုခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည်
၁၃၄၈ ခုနှစ်၊ ၀ါဆိုလဆန်း ၈ရက်နေ့ ၊နံနက် ၁၁နာရီ ၄၅မိနစ်တွင် ခန္ဓာဝန်ချတော်မှုသည်။

(ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်းကို “ကျေးဇူးရှင်ဆရာတော်ကြီးများ၏ ၀ိပဿနာရှုနည်းများ ”စာအုပ်မှတွေ့ရှိရေးသားပူဇော်ခြင်းဖြစ်ပါသည် )
စာဖတ်သူ ဓမ္မမိတ်တွေများ ကိုယ်စိတ်နှလုံးရွှင်ပြုးံနိုင်ကြပါစေ)

ငြိမ်းအေးထွန်း (၀န်းသို)
mgnyeinae@gmail.com

Monday, 30 March 2009

အချိန်မှီနောင်တ

မြင်သူရင်မော
တပ်မက်မောတဲ့
လှသွေးကြွယ်ဒေ၀ီ
မဟေသီလေမို့
ငါ၏ အလှဂုဏ်ထွန်းလင်းသည်ကို
ငါသည်ကြည်နှုးခဲ့ပြီလေ။

ငါပျိုးသည်ပန်း
အသွင်ဆန်း၍
လန်းဆန်းတင့်တယ်
ဤမြေပြင်ဝယ်
လှရက်ပေသည်
မြင်သူလိုချင် တပ်မက်မောသမို့
ငါသည်ကြည်နှုး ရပြီလေ။

ခုတော့ ငါသည်
လှပမှုကင်း
ရွယ်အိုသက်ဆင်း
နောက်ဆုံးလမ်းသို့ လျှောက်နေပြီမို့
ပန်းနှင့်ထပ်တူ
ကြွေကျမည်ကို
တွေးကာဝမ်းနည်း
ကုန်ချိန်တမ်းတ
သံဝေဂထားလျက်
မြတ်တရား ကျင့်ကြံပွားကာ
နေ၀င်ချိန်ကို စောင့်စားရပြီလေ.။။

ငြိမ်းအေးထွန်း (၀န်းသို)
www.nyeinayetun.blogspot.com



Type the rest of your post here.

သစ္စာဟူသည်

ပို့စ်အသစ်တွေမရေးရသေးတာလည်းတော်တော်ကြာသွားပြီ ဒီနေ့တော့ သစ္စာတရားနဲ့ပတ်သတ်တဲ့ အကြောင်းအရာအချက်အလက်တွေကို
တင်ပြလိုပါတယ်…
“ သစ္စာဟူသော စကားသည် ပါဠိမှဆင်းသက်လာသော ပါဠိသက်ဝေါဟာရစကားဖြစ်ပါသည်။ ထိုစကားနှင့်ပတ်သက်၍ ပါဠိအဘိဓာန်တွင် မဖောက်မပြန် အမှန်ဆုံးတရား၊ မှန်ကန်သောစကား၊ မှန်ကန်စွာဆိုအပ်သောကတိဟုဖွင့်ဆိုထားပါသည်။”
ဗုဒ္ဓ၀င်အဋ္ဌကထာ၌ မည်သည့်အချိန်အခါမဆို သောကြာပြိုလ်သည် မိမိ၏သွားမြဲလမ်းမှ တိမ်းစောင်းပြောင်းလွဲခြင်းမရှိ တည့်မတ်ဖြောင့်တမ်းစွာသာ သွားသည်။ ထို့အတူဖြောင့်မှတ်စွာပြောဆိုမှုသည် သစ္စာမည်၏ဟု ဖွင့်ဆိုပြထားပါသည်။
ရှင်မဟာသီလ၀ံသ မထေရ်သည် ပါရမီတော်ခန်းပျို့ ၊တွင်
စကားသစ္စာမှန်သော အခါကား သြဇာလေးနက်၊ ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏ဟု သစ္စာနှင့်ပတ်သက်၍ စပ်ဆိုထားခဲ့ပါသည်။။
အရှင်မဟာ ဗုဒ္ဓဃောသ ဆရာတော်သည်လည်း ပါဠိဇာတ်အဋ္ဌကထာ၌ သစ္စာကိုဖွင့်ဆိုပြသည်မှာ….
“သောက်ရှူးကြယ် မည်သည် အလုံးစုံသောဥတုတို့၌ မိမိသွားမြဲလမ်းကိုစွန့်ကာ အခြားလမ်းဖြင့်မသွားဘဲ မိမိသွားမြဲလမ်းဖြင့်သာ သွားသကဲ့သို့ မှန်ကန်စွာ ပြောဆိုခြင်း စကားအရာသည် သစ္စာမည်၏ဟုဖွင့်ဆိုပြသထားသည်ကိုတွေ့ရပါသည်။
မဟာသုတသောမဇာတ်၌ ပြုအပ်သောသစ္စာကို အကြောင်းခံကာ လိုအပ်သောအရာကိုတောင့်တလျှင် ရရှိပြည့်စုံနိုင်သော သတ္တိရှိခြင်းသည် ရှေးပါရမီတော်များထက် ထူးကဲလှပါသည်။ မြေပြင်တစ်ဝန်းလုံး၌ အလုံးစုံသောအရသာမျိုးတို့ ရှိကြရာ ထိုအရသာတို့တွင် သစ္စာသည်သာလျှင် အချိုမြိန်ဆုံးသော အရသာဖြစ်သည်ဟု ဘုရားရှင်က ဟောကြားခဲ့ပါသည်။


ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတွင်။။။
(၁) မိမိအား အမျက်ထွက်သူကို မိမိကအမျက်မထွက် စိတ်မဆိုးဘဲနေခြင်းဖြင့် အနိုင်ယူပါ။
(၂) မိမိအားယုတ်မာစွာ နှိပ်စက်ပြုမှုသူကို မိမိကမယုတ်မာဘဲ ကောင်းစွာပြုမှုလျက် ပြန်လည်တုံ့ပြန်ခြင်းဖြင့် အနိုင်ယူပါ။
(၃) မပေး၇က် ၀န်တိုနှမြောသူကို မိမိက ပေးကမ်းခြင်းဖြင့် အနိုင်ယူပါ။
(၄) မဟုတ်မမှန် လိမ်ညာပြောဆိုသူကို မိမိက မှန်ကန်စွာပြောဆိုခြင်း ဟူသောသစ္စာဖြင့် အနိုင်ယူပါဟု ဟောကြားထားပါသည်။
မန်လည်ဆရာတော်ဘုရားကြီးကလည်း မဃဒေ၀လင်္ကာတွင်…
“သစ္စာနှုတ်သီး မန္တန်ကြီးက သေပြီးသော်မှ၊ ရှင်ပြန်ရ၏” ဟူ၍သစ္စာတန်ခိုးနှင့် ပတ်သက်၍
ဖွဲ့ဆိုညွှန်းပြထားပါသည်။
မိလိန္ဓပညာ၌ အရှင်နာဂသိန်က သစ္စာနှင့်ပတ်သက်၍ ဖြေကြားသည်မှာလည်း….
“ မှန်သော သစ္စာစကားဖြင့် ရေမျက်နှာပြင်ပေါ်သို့ ပြေးသွားနိုင်၏။ ပညာရှိတို့သည် မှန်သောသစ္စာစကားဖြင့် အဆိပ်ကိုသော်လည်းကောင်း ပျောက်နိုင်၏။ မှန်သောသစ္စာစကားဖြင့် မိုးသည်ထစ်ကြိုးလျက် ရွှာ၏။ မှန်သောသစ္စာစကား၌တည်သော ပညာရှိတို့သည် နိဗ္ဗာန်ကိုတောင့်တနိုင်ကုန်၏။ မြေအပြင်၌ အလုံးစုံကုန်သော ဤအရသာတို့သည်ရှိကုန်၏။ ထိုအရသာအပေါင်းတို့ထက် မှန်ကန်စွာပြောဆိုသော စကားသည်အလွန်တရာချိုမြိန်သော အရသာမည်၏” ဟူ၍ဖြေကြားခဲ့ပါသည်။။
သစ္စာတရား၏ ထူးမြတ်ပုံကိုဖွဲ့ဆိုရေးသားရန် ကုန်နိုင်တော့မည်မထင်ပါ။
ကျွန်တော်အနေဖြင့်လည်း…..သစ္စာတရားနှင့်ပတ်သက်၍ ထင်မြင်မိသည်မှာ
ခုလက်ရှိခေတ်ကာလနယ်ပယ်၌လည်း….
တစ်ဦးနှင့် တစ်ဦးအပေါ် အဖွဲ့အစည်းအချင်းချင်းအပေါ် သစ္စာစောင့်သိခြင်း၊
ကိုယ်ကျင့်သီလ ထိန်းသိမ်းခြင်းစသော အရည်အသွေးများအပြည့်ရှိပါက
မပျက်မစီးဘဲ ရေရှည်တည်တံ့နိုင်ပြီး အောင်မြင်သော ဘ၀လမ်းကိုတက်လမ်းနိုင်လိမ့်မည်ဟု
ထင်မြင်မိပါသည်..
စာဖတ်သူအဆွေသူတို့အနဖြင့် အမျိုး၊ ဘာသာ၊သာသနာအပေါ်သစ္စာစောင့်သိကြလျှက်
လောကီ ၊ လောကုတ္တရာနယ်ပယ်တွင်အောင်မြင်တိုးတက်လျက် မြတ်သောနိဗ္ဗာန်ဆီသို့ဦးတည်လျှောက်လှမ်းနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလျှက်
တက္ကသိုလ်သျှင်သီရီ ရေးသားပူဇော်သော “သစ္စာတန်ခိုးတော်များ” စာအုပ်မှ မှီးငြမ်းကိုးကားတင်ပြလိုက်ပါတယ်။။။

ငြိမ်းအေးထွန်း(၀န်းသို)
www.nyeinayetun.blogspot.com
သစ္စာအမျိုးအစားများကို ဆက်လက်ရေးသားတင်ပြပေးသွားပါမယ်…