Sunday 9 October 2011

ဆင်ခြင်ဖွယ်ရာ စကားအလင်္ကာ









ဒီကနေ့ခေတ်ကြီးမှာ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် မေတ္တာတရား ခြောက်ခန်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ လျော့ပါးလာသည့်အတွက်
ကြောင့် မေတ္တာဓာတ်တွေနည်းလာသည့်အတွက်ကြောင့် ကမ္ဘာကြီးပူနွေးလာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်ခြေ ပိုများတယ်. အိုဇုန်းလွှာကြီးပေါက်လို့ ဆိုတာတွေက ပြင်ပကိုကြည့်ပြီး ပြောတာ
ဖြစ်တယ်။ တကယ်တော့ သတ္တ၀ါတွေရဲ့ နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ ခန်းခြောက်လာလို့
သတ္တ၀ါတွေရဲ့  ခန္ဓာကထွက်တဲ့ ပူလောင်တဲ့စိတ်က ထုတ်လုပ် လိုက်တဲ့အရာတွေဟာ အပူတွေချည်းပဲံ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူတွေရဲ့ စိတ်အစဉ်ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်တယ်။
( ကကစူပမသုတ် ) မှာ မြတ်စွာဘုရားရှင်က ဒီအဓိပ္ပာယ်ကိုပဲ ထင်ထင်ရှားရှားဟောထားတာ တွေ့ရတယ်။ လောကမှာ တစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်ဆံကြတဲ့ နေရာမှာ အများအားဖြင့် ၀စီကံနဲ့ ပြောဆိုဆက်ဆံ ကြရတာ များပါတယ်။
ဒါကြောင့် နှစ်ဦးကာလမှာ အားလုံးပဲ ၀စီကံနဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုဆက်ဆံကြရမှာလဲ ဆိုတာကို မြတ်စွာဘုရားက ညွှန်ပြတဲ့အတိုင်း မိမိကိုယ်တိုင်က ကျင့်သုံးဖို့အရေးကြီးတယ်။
တစ်ယောက်နဲ့ တစ်ယောက်ပြောဆိုဆက်ဆံ ကြရာမှာ တစ်ခါတစ်ရံ တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ရောက်မှုရှိသလို တစ်ခါတစ်ရံမှာ မေတ္တာခမ်းခြောက်မှုလည်းရှိနိုင်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြရာမှာ ဘယ်လိုအချက်တွေပေါ်မှာ အခြေခံထားရမလဲဆိုတာကို ဒီသုတ္တန်မှာ ရှင်းလင်းဟောကြားပေးထားတာဖြစ်တယ်။
အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ ဘယ်လိုပြောရမယ်ဆိုတာကို သန္နိဌာန်ချထားရမယ်။
စကားပြောတဲ့နေရာမှာ ဘယ်အချိန်အခါမှာ ပြောရမလဲ? ဆိုတာရှိတယ်. ပြောသင့်တဲ့အချိန် မပြောသင့်တဲ့အချိန်ဆိုတာရှိတယ်။
ဆိုပါစို့ မိဘနဲ့သားသမီးတောင်မှ မပြောသင့်တဲ့အချိန်ပြောလိုက်ရင် ပြဿနာတတ်နိုင်တယ်။ မခံနိုင်ဖြစ်တက်တယ်။ ဥပမာ- လူကြားသူကြားထဲ မပြောသင့်တာပြောမိလို့ အနှောက်အယှက်ဖြစ်ကြရတယ်။ ဒါကြောင့် စကားပြောတဲ့အခါမှာ ပြောသင့်သလား ?၊ ပြောသင့်တဲ့အချိန်လား ? ဆိုတာစဉ်းစားဆင်ခြင်ကြရမယ်။ ဒါကြောင့် ဘုန်းကြီးတို့ အနေနဲ့ ဒီကနေ့ကစပြီးတော့ စကားပြောတော့မယ် ဆိုရင် ပြောသင့်တဲ့အချိန်မှသာပြောမယ်။ မပြောသင့်တဲ့အချိန်ဆိုရင် မပြောဘူး။ ဒီလို စိတ်ဆုံးဖြတ်နိုင်ရမယ်။
ဗုဒ္ဓမြတ်စွာရဲ့  စကားနဲ့ပြောမယ်ဆိုရင် “ကာလေန ၀က္ခာမိ နော အကာလေန”၊ ပြောသင့်တဲ့အချိန်ကာမှသာလျှင် ပြောမယ်။ “အကာလေန” အချိန်မတန်တဲ့အခါမှာ “နော ၀က္ခာမိ”
ငါမပြောဘူး တဲ့၊ ဒါလည်းလိုက်နာသင့်တဲ့ အချက်တစ်ခုပါပဲ။
နောက်တစ်ခုက ဘာပြောလဲဆိုရင် ဆိုရင် “ဘူတေန ၀က္ခာမိ နော အဘူတေန” လူတွေက ဟုတ်တာလည်းပြောတာပဲ။ မဟုတ်တာလည်း ပြောတာပဲ။ ဟုတ်တာ မဟုတ်တာ အကုန်လုံးကိုပြောနေကြတာပါပဲ။ ဒါကြောင့်မို့လို့ “ ဘူတေန ၀က္ခာမိ” ဟုတ်မှန်တာကိုသာလျှင် ပြောမယ်။ “နော အဘူတေန” မဟုတ်မမှန်တာကို ငါမပြောပါဘူးလို့ ဟောထားတယ်။ ဒါက ဒုတိယသန္နိဌာန် ချထားပြီးတော့ လိုက်နာကျင့်သုံးရမယ်။
နောက်တစ်ခုက လောကလူတွေက စကားပြောတာကို သိပ်ပြီးတော့ မရွှေးချယ်ဘူး။ “သဏှေန ၀က္ခာမိ၊ နော ဖရုသေန” ။ သဏှေန ၀က္ခာမိ- နှုးညံ့သိမ်မွေ့စွာ ပြောမယ်။ နော ဖရုသေန- ကြမ်းကြမ်း
တမ်းတမ်း မပြောပါဘူးတဲ့။


လောကလူတွေဟာ စိတ်ကြည်လင် နေတဲ့အခါမှာ ချိုသာတဲ့စကား၊ နှုးညံ့သိမ်မွေ့တဲ့ စကားကိုပြောတယ်။ စိတ်ဆိုးဒေါသဖြစ်တဲ့ အခါမှာတော့ ကြမ်းတမ်းရိုင်းပြတဲ့ စကားတွေကို ဆိုလာကြတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ငါစကားပြောတဲ့ အခါမှာ နှုးညံ့သိမ်မွေ့စွာ ပြောမယ်။
ကြမ်းတမ်းပြီး ရိုင်းစိုင်း တဲ့စကားမပြော ပါဘူးလို့ စိတ်ဆုံးဖြတ်ချက်ချထားရမယ်တဲ့။ ဒါက တတိယတစ်ခုနော်။ နောက်တစ်ချက်က “အထ္ထသံဟိတေန ၀က္ခာမိ၊ နော အနထ္ထသံဟိတေန” တဲ့။
အထ္ထသံဟိတေန ၀က္ခာမိ၊- အကျိုးရှိတဲ့စကားကိုသာ ပြောမယ်တဲ့။ နော အနထ္ထသံဟိတေန- အကျိုးမဲ့တဲ့စကား ကိမပြောဆိုဘူးတဲ့။
လောကမှာ လူတွေက စကားပြောတဲ့အခါ အကျိုးရှိတာတွေကိုချည်း ပြောတာမဟုတ်ဘူး။ အကျိုးမရှိတဲ့ စကားတွေကိုလည်း ပြောကြတယ်။ အကျိုးအကြောင်း ဆီလျောက်မှုရှိတာကိုချည်း ပြောတာ မဟုတ်ဘူး။ အကျိုးအကြောင်း မဆီလျှော်တာကိုလည်း ပြောကြတယ်။ မဆီမဆိုင် ပြောတတ်ကြတယ်။ ဒါကြောင့် တစ်ချို့က မဆီမဆိုင်ပြောတတ်ကြတယ်။ ဒါကြောင့် တစ်ချို့ က မဆီမဆိုင်စကားတွေလာ မပြောနဲ့လို့ ပြောကြတယ်။ “ အထ္ထသံဟိတေန ၀က္ခာမိ” အကျိုးအကြောင်း
ဆီလျှော်တဲ့ အကျိုးရှိတဲ့ စကားကိုသာ ငါပြောမယ်။ “နော အနထ္ထသံဟိတေန” အကျိုးမရှိတဲ့ စကားကို ငါမပြောဘူးလို့ အဓိဌာန်ပါတဲ့။
နောက်တစ်ချက်က “မေတ္တစိတ္တော ၀က္ခမိ၊ နော ဒေါသန္တရေန” လူတွေက စကားပြော ပြီဆိုရင်
စိတ်ကြည်နေတဲ့ အချိန်မှာတော့ ကောင်းကောင်းမွန်မွန် ပြောတယ်။ စိတ်မကြည်ဘူးဆိုရင် ဒေါသထွက်နေပြီ ဆိုရင်တော့ ပြောတဲ့စကားဟာ ဒေါသသံပါလာတယ်။ ကောင်းကောင်းမွန်မွန် မပြောတော့ဘူး။
ဒါကြောင့်မို့ မြတ်စွာဘုရားက မိမိကိုယ်ကိုဆောက်တည်ထားပါတဲ့။ မေတ္တစိတ္တော ၀က္ခာမိ-
စကားပြောတဲ့အခါမှာ “မေတ္တာစိတ်နဲ့ပြောမယ် ” တဲ့။ နော ဒေါသန္တရေန - “ဒေါသစိတ်နဲ့ မပြောပါဘူး”
လို့ မိမိကိုယ်ကို ဆောက်တည်ထားရပါမယ်တဲ့။
ဟော….စကားပြောတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးမေတ္တာဓာတ်တွေဖြစ်ဖို့ မိမိကိုယ်ကို လိုက်နာထားရမယ့် အချက်။ ကိုယ်ကိုယ်တိုင်က အရင်လိုက်နာထားရမယ်။ ထိန်းသိမ်းစောင့်ရှောက်ရမယ်။
ပြန်ပြီးတော့ ကြည့်လိုက်ရင် စကားပြောတဲ့အခါမှာ -
(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲပြောမယ်။ မမှန်တာကိုမပြောဘူး။
(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။
ရိုင်းရိုင်းစိုင်းစိုင်းမပြောဘူး။
(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့ စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ ဒေါသနဲ့မပြောဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး
ရှေးလူကြီးတွေက ပြောတယ် စိတ်ဆိုးနေရင် စကားမပြောနဲ့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ စကားကောင်း မထွက်တက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့ စည်းကမ်းတွေ ချမှတ်ထားပြီးတော့
ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြဿနာတတ်စရာ အကြောင်း မရှိတော့ဘူး။


ဒေါက်တာနန္ဒမာလာဘိဝံသ (မေတ္တာ နှလုံး ကိုယ်စီသုံး တရားတော်မှ )