Saturday 30 August 2008

သြ၀ါဒများ

အလုပ်တွေ ရှုပ်နေတာလား၊ အရှုပ်တွေလုပ်နေတာလား....

ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေလုပ်နေတာက

အလုပ်တွေ ရှုပ်နေတာလို့ ပြောနိုင်ပါတယ်။

ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်ဘဲ အလုပ်မဟုတ်ပါဘဲနဲ့

ဘ၀သံသရာ ကိုယ့်နောက်မပါမယ့် အလုပ်တွေချည်း လုပ်နေတာက

အရှုပ်တွေ လုပ်နေတာ....။

( အရှင်အာစာရ လင်္ကာရ)

စိတ်ရဲ့ပုံရိပ်

ကိုယ့်ဘ၀ရဲ့ ပူလောင်မှု၊ ငြိမ်းအေးမှုကို

ကိုယ့်စိတ်ကပဲ ဖန်တီးတယ်...

စိတ်ကပူလောင်ရင် ဘ၀ပူလောင်တယ်...

စိတ်ငြိမ်းအေးရင် ဘ၀အေးငြိမ်းမယ်...

ဘ၀ဆိုတာ စိတ်ရဲ့ပုံရိပ်ပါ..

ဘ၀ဆိုတာ စိတ်ရဲ့ကိုယ်တိုင်ရေးပုံတူ

ပန်းချီကား တစ်ချပ်ပါ...

(အရှင်ဆန္ဒာဓိက)

Tuesday 26 August 2008

ဗုဒ္ဓအလိုကျ ဒါနပြုခြင်း

ဗုဒ္ဓအလိုကျ ဒါနပြုနည်းဖြစ်အောင် အင်္ဂုတ္တိုရ်ပါဠိတော်လာ သပ္ပုရိသဒါနသုတ်ကို လေ့လာကြရမည်။ မြန်မာပြန်လျှင်
သူတော်ကောင်းတို့ ပြုသောဒါနဟု အဓိပ္ပာယ်ရသည်။ အင်္ဂါငါးချက်ရှိသည် ယင်းတို့မှာ...

ရတနာသုံးပါးကိုကြည်ညိုခြင်း
အလှူခံပုဂ္ဂိုလ်ကို ရိုသေခြင်း
လိုအပ်သောအရာကို လှူခြင်း
လှူပြီးဝတ္တုကို မစွန်းငြိခြင်း
မိမိအလှူအတွက် သူတစ်ပါးကို မထိခိုက်ြခင်းတို့ ဖြစ်ပေသည်။

ဆောင်ပုဒ်။ သဒ္ဓါကြည်ညို ရိုသေလှစွာ
အခါကိုသိ၊ မစွန်းငြိဘဲ
မထိမပါး၊ ဤငါးပါး
မှတ်သားသပ္ဒုရိသ
မြတ်ဒါန။
ဒါနတောဘောဂ၀ါ= ဟူသော ဒေသနာအတိုင်းဒါနပြုသူမှန်သမျှ ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများမည်ကား ဧကန်ပင်ဖြစ်၏။ ဧကန်ပင်ဖြစ်၏ ဖော်ပြပါအင်္ဂါငါးချက်နှင့်ညီအောင် လှူဒါန်းနိုင်လျှင် ပစ္စည်းဥစ္စာ ပေါများချမ်းသာ
သည့်အပြင် အကျိုးထူးငါးမျိုးကိုလည်း ပိုမိုရနိုင်ပေသည်။
သဒ္ဒါကြည်ရွှင် ၊ လှူဒါန်းလျှင်
ရုပ်သွင်အဆင်းလှ။
ရတနာသုံးပါးကိုကြည်ညိုသော သဒ္ဒါဓာတ်များများဖြင့် ပေးလှူခဲ့လျှင်ဖြစ်ရာဘ၀တွင် ချမ်းသာသည့်အပြင်
ရုပ်ရည်ချောမောခြင်း ဟူသောအကျိုးထူးတစ်ခုကို ပိုမိုခံစားရပေသည်။ ယခုခေတ်တွင်လည်း တစ်ချို့သူဌေးများ၊
ပစ္စည်းဥစ္စာလည်း ပေါများခ်ျးသာသည်။ ရုပ်လည်းချောမောလှပေသည်။
တစ်ချို့သူဌေးများကား ပစ္စည်းဥစ္စာချမ်းသာ သော်လည်းအရုပ်ဆိုးအကျဉ်းတန်ကြသည်။ ဤသည်ယခင်ဘဝ
ဒါနပြုကြစဉ်အခါတုန်းက ရတနာသုံးပါးကို ကြည်ညိုခြင်း၊မကြည်ညိုခြင်းဟူသောအချက်ကကတ္တား ခြားပေးခြင်းသာ ဖြစ်ပါသည်။
ရိုသေလှူငြား ၊သူ့စကား
အများနာယူကြ။

အလှူခံပုဂ္ဂိုလ်ကို ရိုရိုသေသေလှူဒါန်းလျှင် ပစ္စည်းဥစ္စာ ပေါများချမ်းသာသည့်အပြင်သြဇာအာဏာညောင်းခြင်း၊
ထင်ပေါ်ကျော်ကြားခြင်းဟူသော အကျိုးထူးကို ပိုမိုရရှိသည်။ ဇေတ၀န်ကျောင်း ဒကာ၊ အနာသပိဏ်ဟုဆိုလျှင်
ဗုဒ္ဓဘာသာတိုင်းလိုလိုသိသည်။ ပုဗ္ဗောရုံကျောင်း အမ၀ိသာခါဆိုလျှင်လည်း ထိုနည်းတူပင်။
တကယ်တော့ သူတို့နှစ်ယောက်သည် အိမ်ထောင်သည်များဖြစ်ကြ၏။ ဇေတ၀န်ကျောင်းကို အနာသပိဏ်ရော
သူ့ဇနီးရော နှစ်ယောက်လုံးက လှူဒါန်းကြခြင်းဖြစ်သည်။ ပုဗ္ဗောရုံကျောင်းတိုက်ကိုလည်း ၀ိသာခါရော၊ သူ့ခင်ပွန်းရော နှစ်ယောက်စလုံး လှူဒါန်းခဲ့ကြသည်သာဖြစ်၏။ သို့ဖြစ်ပါလျှက်နှစ်ပေါင်း ၂၅၄၆နှစ်ကျော်လာသည်အထိ အနာသပိဏ်သူဌေးနှင့် ၀ိသာခါတို့၏နာမည်သာလျှင်ထင်ရှားလျှက်ဂှိပြီး သူတို့ပါရမီဖြည့်ဖက်များနာမည်ကား အဘယ်ကြောင့်လူသိနည်းရသနည်း။
အဖြေကား ဒါနပြုကြစဉ်အခါတုန်းက ၀ိသာခါနှင့် အနာသပိဏ်တို့က သက္ကစ္စဒါနအားကောင်းခဲ့ပြီး သူတို့ပါရမီဖြည့်ဖက်များက သက္ကစ္စဒါနအားမကောင်းခဲ့သောကြောင့်ပါတည်း။ အနာသပိတ်သူဌေး၏ ဇနီးသည်အမည်ကို ပုညလက္ခဏဒေ၀ီဟုခေါ်၍ ၀ိသာခါ၏ခင်ပွန်းအမည်ကို ပုဏ္ဏာဝပုန ဟုခေါ်ပါသည်။။။။

Monday 25 August 2008

ဆရာကြီးဦးရွှေအောင်၏ ဓမ္မပဒ

ဒါန
ဒါနဟူသည် ပြုလုပ်ရလွယ်ကူသော်လည်း အသိဥာဏ်ယှဉ်သူများအတွက်ကြီးမားသော အကျိုးအာနိသင်ရှိ၏။
ဒါနသည် နှမြောခြင်း'မစ္ဆရိယ' ကိုကျော်လွန်ပြီး ၊လိုချင်ခြင်း 'လောဘ'ကိုပယ်သတ်နိုင်မှသာ ပေးလှူနိုင်ခြင်းမျိုး
ဖြစ်သဖြင့် ပါရမီဆယ်ပါးတွင် ပထမဦးဆုံးလာသော ပါရမီဖြစ်သည်။
(ဒေ၀ဒတ်ဝတ္တု)

ပညာပါရမီမရင့်သေးသူတို့၏ ခံယူချက်နိယာမ

'လှုမှုရေးရာ အဖြာဖြာ၌ ပညာသည် ပဓာနမကျ၊ ခံစားမှုသည်သာ ပဓာနကျ၏၊ လောကုတ္တရာရေးရာ အဖြာဖြာ၌ကား ခံစားမှုသည်ပဓာနမကျ၊ ပညာသည်သာ ပဓာနကျ၏' ဟူ၍ အဆိုအမိန့်ရှိလေရာ၊ တစ်ခါတစ်ရံ
ပုထုဇဉ်တို့သည် အချို့သော ကိစ္စများ၌မလုပ်သင့်မှန်းသိပါလျှက် မခံချင်သောစိတ် ၊ခံစားချက် ပြင်းထန်သောစိတ်ဖြင့်ဇွတ်လုပ်တတ်ကြ၏ ။ ဖြစ်ချင်ရာဖြစ်ဟု သဘောထားတတ်ကြ၏။ ဤသည်မှာပညာပါရမီ မရင့်သေးသူတို့၏ ခံယူချက်နိယာမတည်း
(ဒေ၀ဒတ်ဝတ္တု)

Saturday 23 August 2008

ဓမ္မဆောင်ပုဒ်များ(၂)

တရားတိုးတက်ကြောင်း (၇)ပါး

ကိစ္စမများ၊ အအိပ်ပါး၍ ၊စကားလည်းနဲ၊ ဖော်ရှောင်
လွှဲလျက်၊ မတွဲမိတ်ဆိုး၊ လိုဆိုးကင်းလတ်၊ ပြီးမသတ်ဘဲ
မရပ်မနား၊ ရှုမှတ်ငြား၊ တရားမြန်မြန်ရမည်တည်း။။ ( ဒီ ၂။ ၆၆)

တရားဆုတ်ယုတ်ကြောင်း (၇)ပါး

ကိစ္စထွေပြား ၊အအိပ်များ၍၊ စကားလည်းပြော၊
ဖော်မက်မောလျက်၊ ဆိုးသောမိတ်ရှိ၊ လိုဆိုးပြည့်၍၊
မိမိတရား၊ မပြီးငြားဘဲ၊ စိတ်အားလက်လျှော့၊
အိမ်ပြန်ပေါ့၊ ဘယ်တော့ တရားရမည်နည်း။။

ပဓာနိယင်္ဂတရား (၅)ပါး

ယုံကြည်ကျန်းမာ၊ ဖြောင့်မှန်စွာ၊ ပညာ ၀ီရိယ။
ယောဂီအင်္ဂါ၊ ဤငါးဖြာ၊ သေချာမှတ်ပါကြ။
အင်္ဂါငါးပါး၊ ပြည့်စုံငြား၊ တရားသေချာရ။
အင်္ဂါငါးပါး၊ မစုံငြား၊ တရားမှန်မရ။

သောတာပန်ဖြစ်ကြောင်း (၄)ပါး

သူတော်သူမြတ်၊ ဆည်းကပ်မှန်စွာ။
သူမြတ်တရား၊ နာကြားသေချာ။
သင့်အောင်စိတ်ထား၊ တရားကျင့်ရာ။
သောတာစစ် ၊ဖြစ်ဖို့ကြောင်းလေးဖြာ။

ဗဟ္မ၀ိဟာရ=ဗြဟ္မစိုရ်တရားလေးပါး

မေတ္တာ =သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်။
ကရုဏာ =ဆင်းရဲသော သတ္တ၀ါကိုသနားကြင်နာခြင်း။
မုဒိတာ =သူတပါး ကြီးပွားချမ်းသာသည်ကို ၀မ်းသာခြင်း။
ဥပေက္ခာ=မိမိကံအလျှောက် ဖြစ်ကြရတာပဲဟု အလယ်အလတ်သဘောထားခြင်း။

မေတ္တာပို့

သဗ္ဗေသတ္တာ =သတ္တ၀ါမှန်သမျှ
အဝေရာ ဟောန္တု=ဘေးရန်ကင်းကြပါစေ။
အဗျာပဇ္ဈာ ဟောန္တု= စိတ်ဆင်းရဲကင်းကြပါစေ။
အနီဃာ ဟောန္တု= မိမိကိုယ်ကို ချမ်းသာစွာဆောင်နိုင်ကြပါစေ။ (မေတ္တာပို့)
ဒုက္ခာ မုစ္စန္တု =ဆင်းရဲခြင်းမှလွတ်ကင်းကြပါစေ။။ (ဂရုဏာပို့)
ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆ န္တု =ရပြီးသားစည်းစိမ် ချမ်းသာမှ မကင်းကွာ မယုတ်လျော့ကြပါစေနှင့်။ (မုဒိတာပို့)
ကမ္မဿကာ =မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြပါတကား။
(ဥပက္ခာပွား)
ဒါယကာကျင့်ဝတ် (၅)ပါး

မေတ္တာစိတ်သက်၊ ဆောင်ရွှက်ချစ်ကြဉ်၊ ခင်မင်နှုတ်ချို ၊လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊ ၀တ်အားထွေ၊ ပြုလေ ဒါယကာ၊

ဥစ္စာပျက်ကြောင်း (၆)ပါး

သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊
မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။။

AM

Thursday 21 August 2008

ဓမ္မဆောင်ပုဒ်များ(၁)

ကောင်းမှု

ဘ၀ပေါင်းစု၊ သောင်းအထုတွင်၊ ကောင်းပြုကောင်းပြော၊ ကောင်းသဘောနှင့်၊ ကောင်းသောနှလုံး၊ တဖြောင့်သုံး၍
သက်လုံးစင်ဖြူ ၊ထိုသည့်သူကား၊ "ငါမှုကောင်းမှု၊ အစုစုကို၊ ဆည်းပြုခဲ့မိ၊ ရတော်ဘိ"ဟု၊ မိမိပြုမှု၊ သန့်စင်ဖြူ၍၊ ပြစ်မြူမနှော၊ ဤသဘောကို၊တွေးတောမိတိုင်း၊ ပီတိလှိုင်းဖြင့်၊ ယှက်သိုင်းရစ်လည်၊ ချမ်းမြေ့ကြည်လျှက်၊ ဤသည်ဘ၀၊ နောင်ဘ၀နှင့် ဘ၀ဆက်ဆက်သံသာစက်တွင်၊ စိတ်လက်ကြည်သာ ရုပ်လန်းဖြာ၍ ၊ ချမ်းသာကောင်းကျိုး ဒီရေတိုးသို့၊ ဖွဲ့ဖြိုးကြီးကျယ် ပွင့်လန်းကြွယ်သည်၊ ထက်ဝယ်နတ်ထံစံဖို့တည်း။။။

မကောင်းမှု

ဘ၀စုစု၊သံသာထုတွင်၊ အပြုအပြော ၊သဘောမဖြူ၊ ထိုသည့်သူကား၊ "ငါမှုမကောင်း၊ မှုအပေါင်းကို၊ ရင့်ညောင်းကြာရှည်၊ ပြုမိသည်မှာ၊မှားခဲ့စွာ" ဟု၊ကိုယ့်ဟာကိုယ်ပြု၊ ပြစ်သောင်ထု၏၊ ညစ်ကျုဖြစ်တုံ၊ အိုးမလုံက၊ အအုံပွင့်ရာ၊ ဆိုပမာသို့၊ မသာနှလုံး၊မရွှင်ပြုံးနိုင် ။သောကလှိုင်လျက်၊ သည်းဆိုင်ကြွေမျှ ၊ညှိုးခွေလျ၍၊ စိတ်ကမလန်း၊ ရင်ညှိုးနွမ်းလျက်၊ ပင်ပန်းရိရှား၊ အောက်လမ်းသွားသည်၊ လေးပါးအပါယ်ဖြောင့်ဖြောင့်တည်း။။

ဓမ္မကြေးမုံ

သန့်ရှင်းကြည်လင်၊ ကြေးမုံပြင်ဝယ်၊ သင့်သွင်ရူပ၊ လှမလှကို၊ နေ့ညမရွှေး၊ ကြည့်စစ်ဆေး၍
၊ယင်ချေးမှဲ့ပြောက်၊ ၀က်ခြံပေါက်နှင့်၊ ညှင်းပြောက်တင်းတိတ်၊ ဖုအကျိတ်ကို၊ ဆေးသိပ်ပယ်ရှား၊ ပမာလားသို့၊
မြတ်ဖျားဗုဒ္ဓ၊ ဟောညွှန်ပြသည့်၊ ဓမ္မကြည်လင်၊ ကြေးမုံပြင်ဝယ်၊ သင့်သွင်မန စိတ်အလှကို၊ နေ့ညမရွေး၊ တင်စစ်ဆေးလော့၊ ညစ်ကြေးကိလေတွေ့ခဲ့ပေသော်၊ ခြောက်ထွေနည်းဖြင့်၊ ပျောက်စေလွင့်မှ မလင့်မကြာ၊ သင့်ခန္ဓာသည်၊ ချမ်းသာဖုံးလိမ့်မှန်စွာတည်း။

ဘ၀င်မမြင့်နှင့်

ပညာကင်းဘိ၊ မနှိုင်းညှိဘဲ၊ ဇာတိပုသ။ မဟတ္တဖြင့်၊မာနအရာ ၊ကဲမိုးစွာလျက်၊ ငါသာမင်းဟူ၊ပဇာတူဟု၊ အယူမောက်ကြွား၊ မထောင်လွှားနှင့်၊ တောင်ကားမြင့်ကြီး၊ မီးကားရှိန်ပူ ၊သံမူမာကျော၊ ဘက်မဲ့သောဟု ၊ရေကြော
သတ္တိ၊ မသိ၍သာ၊ ကြိမ်းပရာသို့၊ပမာပုံမှီး၊ မာန်မှုကြီး၍၊ တောင်မီးသံလား၊ မကြုံဝါးလင့် ၊ရေအားကြုံတွေ့၊ ၀ဲဟုန်မွှေ၍၊ တိုက်ဝှေ့သောခါ၊ မကြာမတင်၊ အလျင်သဖြင့်၊ တောင်မြင့်မီးပူ၊သံမာမူလည်း ၊မြူသာဖြစ်၍ စင်စစ်ကြွေမွ၊ ပျောက်ပျက်ရ၏။။ (မဃဒေ၀၊၂၀၃)

Wednesday 20 August 2008

သင်ကောဘယ်လိုလူစားလဲ

လူတွေလူတွေ တူရာစုပြီး အုပ်စုခွဲခြား စိစစ် ကြည့်လိုက် ရင်တော့များများစားစားမရှိပါဘူး၊တိတိကျကျရေတွက်ကြည့်လိုက်ရင် လူလေးမျိုးလေးစားပဲ ရှိပါတယ်။ အောက်ပါအတိုင်းပဲ ဆိုပါစို့-
၁။ ကံအလွန်ကောင်းသူများ၊
၂။ ကံကောင်းသူများ၊
၃။ ကံဆိုးသူများ၊
၎။ အလွန်တရာ ကံဆိုးရှာလွန်း
တဲ့ လူများ။
ကံအလွန်ကောင်းသူများကတော့ဓမ္မဆိုတဲ့တရားရဲ့အဆုံးအမကို နားဝင်လက်ခံယုံကြည်သူတွေပဲ၊ သူတို့ဟာအကုသိုလ်ဒုစရိုက်တရားတွေ ကင်းစင်နည်းပါးပြီး လောကကောင်းကျိုး၊လောကလူသားများရဲ့အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကိုသာရှေးရှုလုပ်ဆောင်ကြတဲ့ လူစားတွေ။ တရားနဲ့အညီနေထိုင်တယ်၊ တရားနဲ့အညီ ကျင့်သုံးတယ်။ တရားရဲ့ အဆုံးအမတွေကိုသက်ဝင်ယုံကြည်တဲ့အတွက် မတရားတာမလုပ်ဘူး၊ မသမာမှုကိုရှောင်ကြဉ်တယ်။ မမှန်တာမလုပ်ဘူး၊ မဟုတ်တာကိုမပြောဘူး၊ သူတစ်ဖက်သားကို တမင်ထိခိုက်နစ်နာအောင် မပြုလုပ်ဘူး။သူ့ရည်ရွယ်ချက်ကလောကကောင်းကျိုး သယ်ပိုးဖို့ရန် ဖြစ်ပါတယ်။ သူ့အပြုအမူတွေက နူးညံ့ပျော့ပျောင်းတယ်။ မေတ္တာဓာတ်ပါတော့အေးမြတယ်။ သူက လူတစ်ဖက်သားကို ကြင်နာမှု၊ စာနာမှု၊ ငဲ့ညှာမှုနဲ့သာဆက်ဆံတယ်။ တိုးတက်အောင် ကူညီမှု၊ ဖြည့်ဆည်းမှု၊ အားပေးမှုတွေနဲ့လက်တွဲတယ်။
သူတို့ဟာ လုပ်သမျှ အောင်မြင်ခဲ့တာပဲ။သူတို့က ကံအကောင်းဆုံး လူစားတွေ။ဒုတိယ ကံကောင်းသူအမျိုးအစား
လူတွေက တရားဓမ္မကို သိသူ၊ သိကြပါတယ်။ ကြားဖူးနားဝ ရှိသူလည်းရှိကြပါတယ်။ သူတို့က တရားဓမ္မကို
သိပေမယ့် ကျင့်တော့ အပြည့်အဝမကျင့်နိုင်ကြဘူး။ ဒါပေမယ့် ဖောက်ဖျက်ကြသလား ဆိုပြန်တော့လည်း
မဖောက်ဖျက်ကြ၊ မကျူးလွန်ကြ။သူတို့က ဝါရိတ္တသီလ၊ စာရိတ္တသီလတို့ကိုတော့ အလေးအနက်ထားတယ်။
မသတ်ဘူး။မခိုးဘူး၊ မဝှက်ဘူး၊ မလုယက်ဘူး။အရက်သေစာ မသောက်စားပါဘူး။မုသားမပြော။ သူများသားမယားကို မပြစ်မှား။ဝေနေယျာအများအပေါ် မေတ္တာထားပါတယ်။
ဒီလူတွေဟာ ကံကောင်းတတ်ကြတယ်။ ဘဝမှာဆိုးဆိုးရွားရွားပြင်းပြင်းထန်ထန် လိမ့်လဲသွားအောင် မကြုံကြ
ရပါ။ သင့်တင့်မျှတစွာ အေးချမ်းသာယာစွာ နေရတယ်။တတိယလူစု။ကံဆိုးသူတွေ။
လူပေ၊ လူတေ၊ လူပွေ။ လောကကြီးမှာ ပျော်သလိုနေမယ်။ သူတို့မှာဘုရားမသိ၊ တရားမရှိ၊ သံဃာမရှိ။
သူထင်ရာသူလုပ်တယ်။ သူ့စိတ်နဲ့တွေ့ရင် ကောင်းတယ်။ သူမထင်ရင်မထင်သလို ပြုမူတယ်။ မူမရှိဘူး၊
တရားဓမ္မဆိုတာ ကျင့်သုံးလိုက်နာစရာလို့ နားမလည်ဘူး။ ဓမ္မနဲ့ ကြာလေဝေးတော့ အဓမ္မသမားတွေ ဖြစ်လာ
တယ်။ ခက်ထန်လာတယ်၊ ကြမ်းတမ်းလာတယ်။ရက်စက်ဖို့လည်းဝန်မလေး။တွေးကြည့်ရင်တော့ ကြက်ဟင်းခါးသီးကို စိုက်ခဲ့ကြလို့ သူတို့ဘဝ အခါးသီးတွေ စားနေကြရတာ။ ဘဝရဲ့ ခါးသီး
ကြမ်းရှမှုတွေကြောင့် သူတို့က ပိုမိုယုတ်မာပက်စက် လာကြပြန်ပါရော။
တရားဓမ္မ လမ်းမှန်ပြမယ့်သူနဲ့ မနီးသမျှ ဒီလူစားတွေရဲ့ဘဝဟာ ရေဝေးကြာလို နွမ်းသွေ့ကြရရှာမှာပဲ။ ကြက်
ဟင်းခါးပင်စိုက်ပြီး စပျစ်သီးစားချင်လို့တော့ဘယ်ရမှာလဲ။ မိမိစိုက်တာနဲ့အညီ ဘယ်သူမဆို ကိုယ်စိုက်ပျိုးတဲ့
အသီးကိုသာ ဆွတ်ခူးကြရစမြဲ မဟုတ်ပါလား။လူဖြစ်လာရ လူ့ဘဝ၊ကံအဆိုးဆုံးပေတာတုံးတဲ့ လူသားတွေ ရှိပေသေးတယ်။ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုတဲ့ စကားရှိတယ်။ လူ့ဘဝဟာ ရခဲတယ်။ လူ့အဖြစ်ဟာရဖို့ရာတော်တော်ခဲယဉ်းတယ်။ လူဖြစ်လာရင် လူ့လောကကောင်းကျိုးကိုတော့ ပြုသင့်
တာပေါ့။ အဲဒါ ကုသိုလ်ခေါ်တယ်။ကောင်းမှုလေ။မပြုချင်လည်းနေ။ဖျက်ဆီးရင်တော့ အကုသိုလ်
ဆိုက်ပြီ။လောကကောင်းကျိုးကို အလုံးစုံပျက်သုဉ်းသွားအောင်ချေမှုန်းတိုက်ဖျက်ပစ်မယ် ကြုံးဝါးပြီး လုံးလုံးကြီးမှားပြီဆိုရင်တော့ လူဖြစ်လာတဲ့ အတိတ်ကံကို မိမိကိုယ်တိုင် အမြစ်ကိုတူးဖြိုပြီး
မိုက်မဲတာနဲ့ အတူတူပါပဲ။ လွဲသွားပြီ။ပင်စည်လဲတော့မည်။ အကိုင်းအခက်တွေ ထင်းဖြစ်ရတော့မည်။
အရင်းလဲရင် အဖျားထင်းဖြစ်ဆိုတဲ့ စကားပုံဆိုရိုးစကားဟာ ဒီလိုလူစားတွေအတွက် ထားခဲ့တာ။ ကိုယ်
ခိုနားတဲ့အရိပ်ရဲ့ အခက်ကို ချိုးပြီဆိုမှတော့ နေထိုးပြီပေါ့။ အရိပ်အကိုင်းကို ခုတ်ချင်တာကိုး။ ဘဝဟာ
ပူလောင်ရမှာပဲ။မိုက်မဲမှုရဲ့ ဒဏ်ကို ဘယ်သူမပြုမိမိမှု ခံစားရပေလိမ့်မယ်။ လောကရှိ
လူသားတိုင်းမှာပြုကျင့်အပ်တဲ့ဝတ္တရားနှစ်ရပ်ရှိပါတယ်-
-ဗဟုဇနဟိတာယ၊ လူအများကောင်းကျိုးကိုဆောင်ရန်။
-ဗဟုဇနသုခါယ၊ လူအများရဲ့ချမ်းသာရေးကို ဆောင်ကြဉ်းပေးရန်တို့ဇြစ်တယ်။
လူသားတချို့ရဲ့မိုက်မှားရိုင်းစိုင်းမှုကြောင့်ကမ္ဘာ့စစ်ကြီးတွေ၊ဒေသန္တရစစ်တွေ၊ သွေးပင်လယ်ဝေအောင်
ဖြစ်ခဲ့ကြပြီ၊ ဖြစ်နေကြဆဲ။ လူတချို့ရဲ့ တစ်ကိုယ်ကောင်း အတ္တဆန္ဒကြီးမားပြင်းထန်မှုကြောင့် ဘာမဆို
အရာရာကို အကောင်းတစ်ခုမှမမြင်၊လုံးဝဥဿုံ ပျက်သုဉ်းရေးသို့သာနှစ်ပေါင်းများစွာ ခေါင်းမာမာနဲ့
မိုက်မဲနေတာမျိုးတွေလည်း ရှိတတ်တာပါပဲ။

ယံကမ္မံကရိဿာမိ
ကလျာဏံ ဝါ ပါပကံ ဝါ
တဿဒါယဒေါ
ဘဝိဿာမိဘိ။

အကြင်၊ ကောင်းသော ကံကိုပြုပါကကောင်းကျိုးရ၏။ မကောင်းသောကံကိုပြုပါကမကောင်းကျိုးရ၏
လို့ ဘုရားရှင်က အဘိဏှသုတ္တန်မှာဟောကြားတော်မူတယ်။ကောင်းကျိုးပြုမှ ကောင်းကျိုးရပေမယ်။
နိုင်ငံတကာ အခြေအနေတွေကိုကြည့်ရင် အကောင်းအဆိုး၊ အကြောင်းအကျိုးတွေ မြင်ရ
ပါမယ်။ ကောင်းတဲ့အပြုအမူတွေကို လုပ်မှ ကောင်းကျိုးမုချရမယ်။မကောင်းတဲ့ အကုသိုလ် ဒုစရိုက်
တရားတွေကို စွန့်ပယ်ဖယ်ရှားရပါမယ်။ အချိန်တန်ပြီ။လောဘမလွန်ကဲစေနဲ့။ ဒေါသကို ထိန်းပါ။ အဝိဇ္ဇာ မောဟကိုဝိဇ္ဇာဖြစ်အောင် တရားဓမ္မနဲ့ နီးစပ်
ဖို့ရာ ကြိုးစားပါ။ ကံဆိုးသူဟာကံကောင်းသူ ဖြစ်လာမယ်။ ကံကောင်းသူဟာ ကံအကောင်းဆုံးလူ
ဖြစ်လာမယ်။ ကံတရားကို လူကပြုပြင်လို့ရတယ်။ ကံကိုလူက စီမံတာပါ။ ကံက လူကို ဖန်တီးစီမံတာ
က မိမိရဲ့ စေတနာအရ တုံ့ပြန်ရရှိတာ ပြောခြင်းပါ။စေတနာကောင်းရင် ကံကောင်းတယ်။ စေတနာမှန်
ရင် ကံမြင့်မယ်။ စေတနာချမ်းသာမှကံချမ်းသာပါလိမ့်မယ်။ လောကမှာ
လူလေးစား ရှိကြတယ်။ သင်က ဘယ်လိုလူမျိုးလဲ။



Tuesday 19 August 2008

သီလဆိုတာ

သီလဆိုတာ ကိုယ်နှုတ်များကို၊ ကောင်းစွာထားဖို့ စောင့်ရသလေ။

ကိုယ်နှုတ်လုံလျှင် လူယဉ်ကျေးကွယ့်၊ ကောင်းကျိုးပေးမြဲ အမှန်ပေ။

စိတ်ပါလုံလျှင် ပိုလို့ကောင်းသကွယ့် ၊ ကောင်းသထက်ကောင်းအောင်ကျိုးစားလေ။

စိတ်ပါလုံအောင် ဘာဝနာပွားဖို့၊ မြတ်ဘုရားက မိန့်ခဲ့ပေ။

ကိုယ်နှုတ်စိတ်ထား၊ ဤသုံးပါး ၊ လုံငြားချမ်းသာပေ။

သီလ၏အကျိုး

ကောင်းဆိုးနှစ်တန် ကံတရားနှင့်၊ သုံးပါးရတနာယုံလျှင်လေ။
ဆိုးကံပြုရန် ရှက်ကြောက်များလို့၊ သီလတရားလုံခြုံပေ။
သီလလုံလျှင် ကြည်ရွှင်လန်းလို့၊ ၀မ်းသာအားရနှစ်သိမ့်ပေ။
နှစ်သိမ့်သောခါ ကိုယ်စိတ်ငြိမ်းလို့၊ ငြိမ်းအေးချမ်းသာရသလေ။
ချမ်းသာလေဘိ ၊ သမာဓိ၊ ရ၏ဥာဏ်မြင်တွေ။

ီိသီလပျက်စီးခြင်း၏ ဆိုးကျိုးများ

သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ ပျက်စီးငြားမှု၊ စီးပွားလည်းပျက်၊
နာမည်ပျက်၍၊ ရွံ့ရှက်ကြောက်လျင်း၊ ပွဲလယ်ချဉ်း၏၊
သေခြင်းဆိုက်လတ်၊ သတိလွတ်လျက်၊ ရောက်လတ်ဒုဂ္ဂတိ၊
ဆင်းရဲဖိသည်၊ ရ၏ဆိုးကျိုးများစွာတည်း။။

သီလစင်ကြယ်ခြင်း၏ ကောင်းကျိုးများ

သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ စင်ကြယ်ငြားမှု၊ စီးပွားတိုးလျက်၊
နာမည်တက်၍၊ ရွ့ရှက်ကြောက်ကင်း၊ ပွဲလယ်ချဉ်း၏၊ သေခြင်းဆိုက်လတ်၊
သတိကပ်လျက်၊ ရောက်လတ်နတ်ဝယ်၊]ဤငါးသွယ် ၊ရဖွယ်ကောင်းကျိုးတည်း။။

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

ငါးအာရုံ အင်အစု
ခင်မှုနှင့် နေ့ကုန်
နင်ယခု မေ့ပုံလို
တွေ့မကြုံ စခန်း။

ပါယ်လေးဝ သောကဘုံမှာ
မျောရရုံ ရှိတော့ ခမန်း။

အောက်ဝီစိ သောင်းအငူမှာ
ခေါင်းမပြူ စတမ်း။

နှစ်အရှည် နစ်မည်လမ်းကိုလ
နင်မျှောစမ်း နင့်ကိုယ်။

ဒေသနာ ထင်အလင်းရယ်နှင့်
နင်အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို
မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်။

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမှ မရုန်းချင်လျှင်
အရှူံးနင့်ပြင် ရှိသေးလေလိမ့်လား။

Monday 18 August 2008

ကံ - ကံ၏အကျိုး

၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ် အသက်ရှည်။
၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်။
၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။
၇။ မမေးမမြန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။
၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်။
၉။ ကောင်းဆိုးနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

``မြတ်ယုတ်မျိုးရိုး ၊ တန်းခိုးထင်တိမ်၊ စည်းစိမ်သုခ၊ ရမရနှင့်၊ ရောဂါနည်းများ၊ ပိုင်းခြားခန့်တွက်၊ အသက်တိုရှည်၊ လှသည်ရှုပ၊ မလှရုပ်ပါ၊ ပညာရှိမဲ့၊ တစ်ဆယ့်လေးပါး၊ ဤအပြားလည်း၊ သိကြားပရမီသွာ၊ ဗြဟ္မာနတ်ခေါင်၊ တောတောင်မီးရေ၊ မိုးလေခပင်း၊ ဖန်ဆင်းမတတ်၊ ကမ္မဿကာ၊ မှတ်ထင်ရာသည်။´´

Saturday 16 August 2008

မေတ္တာဟူသည်

မေတ္တာဟူသည် ချစ်ခင်မှု၊ အစိုဓာတ်၊ အစေးဓာတ်ဖြင့် စေးကပ်တတ်သောတရားဖြစ်၏၊
ထို့ကြောင့် ဆရာတို့ကမိတ်ဆွေအပေါ်၌ ဖြစ်သောတရားသည် မေတ္တာတရား သည်မေတ္တာတရားဟုဆိုကြ၏
မိတ်ဆွေဟူသည် တစ်ဦးနှင့်တစ်ဦး အစေးကူးသူများ၊အစေးကပ်သူမျာဖြစ်၏။ ထိုအစေးသည် 'ချစ်ခင်မှုမေတ္တာ'
အစေးဖြစ်၏။ တစ်ဦးနှင့်တစ်ဦး မေတ္တာထားနိုင်မှ မိတ်ဆွေဖြစ်၏၊ တစ်ဦးနှင့်တစ်ဦးအစေးကူးနိုင်မှ မိတ်ဆွေဖြစ်၏။
မေတ္တာ၏ တရားကိုယ်ကားအဒေါသစေတသိတ်ဖြစ်၏။ အဒေါသစေသတိတ်နှင့် သတ္တ၀ါတစ်ဦးဦးအပေါ်ကို အာရုံပြုလျှင် ထိုစိတ်သည် စိုဖပ်ဖပ်စေးကပ်လျှက်အာရုံပြုသည်။
ဒေါသ၏ဆန့်ကျင်ဘက်ပြောင်းပြန်အနေအထားနဲ့ကြည့်ပါက မေတ္တာ၏သဘောပေါ်လွင်၏။ ဒေါသသည်စိတ်ကိုဖျတ်ဆီးတတ်သည်။ရုပ်ကိုလည်း ဖျတ်ဆီးတတ်သည်။ အရာအားလုံးကို ဖျတ်ဆီးတတ်
သည်။ မေတ္တာကစိတ်ကိုလည်းကောင်းအောင်ပြုသည်၊ ရုပ်ကိုလည်းကောင်းအောင်ပြုသည်။အရာအားလုံးကိုလည်း
ကောင်းအောင်ပြုသည်။ ဒေါသက စိတ်ကိုလည်းဆိုးစေသည်၊ ရုပ်ကိုလည်းဆိုးစသည် အရာအားလုံးကိုဆိုးစေသည်။ မေတ္တာကစိတ်ကိုလည်းလှစေသည် စိတ်ကိုလည်းလှစေသည်။အရာအားလုံးကို
လှစေသည်။
ဒေါသက ခက်ထန်သည်။ ကြမ်းတမ်းသည်။ပူလောင်သည်။ မေတ္တာကနူးညံ့သည်။ သိမ်မွေ့သည်၊ ပြေပြစ်သည်။
အေးချမ်းသည်၊ ဒေါသက အဖျက်သမားဖြစ်သည်၊ မေတ္တာကအပြုသမားဖြစ်သည်။ မေတ္တာသည်တစ်ပါးသူတို့၏
အကျိုးစီးပွားကို ကျင့်သည်။တစ်ပါးသူတို့၏ အကျိုးစီးပွားကိုသယ်ပိုးဆောင်ရွက်သည်။

မေတ္တာအကျိုး (၁၁)မျိုး

မေတ္တာပွားများသူသည် ချမ်းချမ်းသာသာအိပ်ရ၏။ ချမ်းချမ်းသာသာနိုးရ၏၊ အိပ်မက်လှလှမြင်မက်ရ၏ ၊ လူအများချစ်ခင်၏၊ နတ်အများချစ်ခင်၏။ နတ်အများစောင့်ရှောက်၏၊ မီး၊ အဆိပ်၊လက်နက်စသည်ပြီး၏။
စိတ်တည်ကြည၊ မျက်နှာအဆင်းကြည်လင်၏။ သတိဖြင့်သေမင်းကို ရင်ဆိုင်၏။ နောင်တမလွန် ဗြဟ္မာပြည်လားရာ၏


ဒါနနှင့်မေတ္တာ

'တစ်နေ့သုံးခါ အိုးတစ်ရာဖြင့် ချက်ကာထမင်း ကျွေးမွေးခြင်းထက် မယွင်းစင်စစ်၊ နို့တစ်ညှစ်စာကြိမ်သုံးခါမျှ၊ မေတ္တာပွားများကျိုးကြီးမားသည်၊ ဗုဒ္ဓမြတ်စွာ မိန့်ခွန်းတည်း။'
တတ်နိုင်သူတစ်ဦးက ထမင်းအိုးတစ်ရာ၊ ဟင်းအိုးတစရာဖြင့် နံနက်၊ နေ့၊ ည တစ်နေ့သုံးကြိမ်အလှူကြီးပေးလှူ၏။
ထိုမျှမတတ်နိုင်သူတစ်ဦးက '္တစကြ၀ဠာ အနန္တ၊ သတ္တ၀ါအနန္တ ကျန်းမာပါစေ၊ချမ်းသာပါစေ'ဟု နွားနို့တစ်ညှစ်စာမျှ
နံနက်၊ နေ့၊ည သုံးကြိမ်မေတ္တာပို့၏။ မေတ္တာဘာဝနာပွားများ၏။ ဒါနသမားထက် မေတ္တာသမားကပိုကုသိုလ်ရသည်။
ပိုအကျိုးကြီးသည်။ (နိဒါန၀ဂသံယုတ်၊ သြက္ခာသုတ်)

Friday 15 August 2008

ဆုံးမသြ၀ါဒ

ပုထုစဉ်ပီပီမကောင်းမှုမှပျော်တက်သောစိတ်ကိုကိုသိုလ်ကောင်းမှု၌ပျော်နိုင်စေရန်
ရည်သန်၍ မစိုးရိမ်ဆရာတော်ကြီးက အောက်ပါသြ၀ါဒကိုပေးသနားတော်မှုခဲ့ပါ
သည်..ခိုင်းစေမှလုပ်တက်သူကို
ကျွန်မျိုးမှတ်၊အခါအခွင့်ကိုကြည့်ပြီးမိမိအလိုလိုလုပ်သင့်သမျှအလုပ်ကိုလုပ်တက်သောသူကို
သခင်မျိုးမှတ်၊လုပ်ငန်းအရပ်ရပ်၌သာရာစရာအသာဒနှင့်အပြစ်တင်စရာအာဒီနဝ
နှစ်မျိုးရှိတက်သည်။ အသင့်အတင့်နှလုံးသွင်းခြင်းတို့ဖြင့်ထိုနှစ်မျိုးလုံးကိုသည်းခံနိုင်အောင်
ကျင့်ရမည်။မိမိကိုသူများချီးမြှောက်စေလိုလျှင်မိမိကအရင်ဦးအောင်သူများကို
ချီးမြှောက်ပါလေ။

မန်လည်ဆရာတော်ကြီး၏ မဃဒေ၀လင်္ကာသစ်တွင်လည်း..


"နောင်ရင်းညီရင်း ၊နွယ်မကင်းသား၊ သားရင်းမျိုးဖော်
အကျော်ထင်ရှား၊ ဆွေတော်များကို၊တရားမပျက်
မေတ္တာဆက်၍၊ မဖျက်ဆီးမှု၊ ချီးမြှောက်ပါလော
သူ့ကို့ချီးမြှောက်၊ကိုယ့်ဂုဏ်မြောက်၏၊
ယွင်းဖောက်အလို ၀န်မတိုနှင့်
သူ့ကိုဂုဏ်နှိမ့်ကိုယ့်ဂုဏ်နိမ့်၏" ဟုစပ်ဆိုထားပါသည်။

မိမိကိုသူတပါးက လေးစားလိုလျှင်မိမိကအလျင်ဦးအောင် သူတစ်ပါးကိုလေးစားပါလေ။ မိမိကိုသူများက ပူဇော်စေလိုလျှင် မိမိကအရင်ဦးအောင် သူများကိုပူဇော်ပါလေ။မိမိကိုသူတပါးက ရှိခိုးကျိုးနွံစေလိုလျှင် မိမိကအလျင်ဦးအောင် သူများကိုရှိခိုးကျိုးနွံပါလေ။ မိမိမကျေနပ်သောကာယကံဝစီကံများကို အခြားလူများကလည်း ကျေနပ်လိမ့်မည်မဟုတ်ဟု ကိုယ်ချင်းစာပါ။
အကောင်းကြိုက်လျှင် သူများထက်ပိုပြီးအပင်ပန်းခံရမည်ကို မကြောက်ပါနှင့်။ ဘုရားဝတ်တက်လိုစိတ်မရှိလျှင်
ပေ၍၀တ်တက်ဝတ်ကပ်ပြုပါ။ တံမြတ်လှည်းခြင်းစသော သေနာသန၀တ်များကိုပြုလုပ်လိုစိတ်မရှိလျှင် ပေ၍အဆိုပါဝတ်များကိုပြုပါ။စာအံ၊စာကျက်၊ စာကြည့်လိုစိတ်မရှိလျှင် ပေ၍စာအံ၊ စာကျက်၊စာကြည့်ကျင့်ကို ကျင့်ပါ။အချုပ်အားဖြင့် ကုသိုလ်ရေးရာအလုပ်ဟူသမျှကိုလုပ်လို စိတ်မရှိသော်လည်းပေ၍လုပ်ပါလေ။
(ကျေးဇူးတော်ရှင်ပထမ မစိုးရိမ် ဆရာတော်ဘုရားကြီး)

အားမှသေမှာလား သေမှအားမှာလား



ကမ္ဘာပေါ်မှာနေ့စဉ်နှင့်အမျှ
လူတွေမရေမတွက်နိုင်အောင် သေနေကြတာ၊
အားလို့သေတဲ့ မသာ
တစ်ယောက်မှမရှိပါဘူး။
အားတဲ့ကြားထဲက
သေသွားကြတဲ့ မသာတွေချည်းပါပဲ။
သေမင်းက သူခေါ်ချိန်တန်ရင်
အားတဲ့သူကိုလည်းခေါ်မှာပါ၊
မအားတဲ့သူကိုလည်းခေါ်မှာပါ၊
သေမင်းမှာတပည့်မွေးပြီး
တပည့်မွေးပြီး လူရွေးတဲ့သူမရှိပါဘူး။
ဒီတော့မအားတဲ့ကြားထဲက
သေမင်းလာခေါ်ရင်
အချိန်မရွေး လိုက်သွားရမှာပဲ
ဆိုတာကို ကြိုတင်ပြီးတော့
နှလုံးသွင်းဆင်ခြင်ထားမယ်ဆိုရင်
မအားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့
တရားဓမ္မကို
မျက်နှာလွှဲတဲ့အဖြစ်ကို
ရောက်မှာမဟုတ်တော့ပါဘူး။
(အရှင်ဆန္ဒာဓိက)

အားမှလုပ်မယ် အားမှလုပ်မယ်ဆိုပြီး အားရက်ကိုစောင့်မယ်ဆိုလို့ရှိရင်
"ခေါင်း"ထဲဝင်တဲ့နေ့ပဲ။ ဒီလိုဖြစ်ရင် အားရက်ကို မစောင့်နဲ့တော့။
ဒီကနေ့သည် ကိုယ့်အတွက်မနက်ဖြန်သည်ကို့်အတွက် မဟုတ်ဘူးလေ။အနာဂတ်ဆိုတာ
မသေချာဘူးတဲ့။ မတော်ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက်မကွေးခင်
ဆိုသလို ညသေသွား ဘယ်နှယ်လုပ်မလဲ ကိုယ်ကျိုးမနည်းဘူးလား။
(၀ိပဿနာမြင်ကွင်းဓမ္မရသစာစုမှ)

Friday 1 August 2008

“ မိမိ ကိုယ်ပိုင် စာရိတ္တ အရှိ စာရင်း ”

- ကိုယ့် ကတိကို တည်အောင်ထိန်းပါ ။
- အားလုံးကို ကြင်နာသနားပါ ။
- ကိုယ့် ကို ကိုယ်ညှာတာပါ ။
- ရိုးသားပါ ။
- အားမာန်သစ်မွေးပါ ။
- မိမိ၏ ပင်ကိုစွမ်းရည်ကို ဖော်ထုတ်ပါ ။