Wednesday 8 October 2014

အဘိဓမ္မာ အခါတော်နေ့


ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။ အကြောင်းက နတ်ပြည်၌နတ်ပရိတ်များ အဘိဓမ္မာဒေသနာအကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာအကျဉ်း ဟောကြားပြီးဆုံးသောနေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါး ရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ် လပြည့်နေ့ဖြစ်သည်။

ဘုရားရှင်သည်မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊၀ါဆိုလပြည့်ညနေချမ်း၌သာဝတ္ထိပြည်အနီးကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိ တို့ကိုနှိမ်နင်း တော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့် သာတာသတိံသာနတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်ကဘုရားရှင်ကိုမမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါ မထေရ်အား မေးမြန်းရာမထေရ်မြတ်ရှင်းပြမှအကြောင်းစုံသိကြရသည်။ပရိသတ်ကြီးကဘုရားရှင်ကို မဖူးရဘဲ မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲယာယီတဲနန်းထိုးကာနေကြလေသည်။ သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန် ထံမှတစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့် အကြောင်းသိရသဖြင့် သင်္ကဿမြို့ ကနေသွား ရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိံသာပြည်မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အားဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာသီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာသိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လကျာ်ဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးကမြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေကသင်္ကဿမြို့တံခါးဝမှာရှိသည်။

ဘုရားရှင်သည်လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက်ရေအစုံမီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်အဆီးအတားမရှိ ဟင်းလင်းဖြစ်
သွားတော့၏။အောက်ကိုကြည့်သောအခါအ၀ီစိငရဲတိုင်အောင်အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း"ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကိုသုတ္တ တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာအကျယ်ဝေဖန်ဟောကြားသောကျမ်းကို "၀ိဘင်း ကျမ်း"ဟုခေါ်သည်။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍ ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟုခေါ်သည်။ အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု"ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်သံသယအစုံစုံပြု၍ဟောကြားတော်မူသောကျမ်းကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဥာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊သုံးလကြာမျှဟောရ ခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဋ္ဌိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဥာင်္ဏတော်၏ နက်နဲခြင်းစသော ဂမ္ဘီရလေးမျိုးနှင့်ပြည့်စုံသောတရားဖြစ်သည်။ အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သားရဟန်းငါး ရာကဲ့သို့ နမရူပပရိစ္ဆေဒ ဥာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ် ခြင်း၊ ဘေးဥပါဒ်အန္တရယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာ နှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးတရားများရရှိနိုင်သည်။


အဘိဓမ္မာ(၇)ကျမ်း
-----------------------
အောက်ပါအတိုင်းဖြစ်ပါသည်။
(က)ဓမ္မသင်္ဂဏီကျမ်း-ကုသိုလ် အကုသိုလ်သဘောတရားတို့ကို ပြဆိုဟောကြားတော်မူ
သောကျမ်း

(ခ)ဝိဘင်းကျမ်း-ခန္ဓာစသော တရားတို့ကိုသုတ္တန်နည်း၊အဘိဓမ္မာနည်းဖြင့် အမေးအဖြေပြုကာ ဟောကြား တော်မူသောကျမ်း

(ဂ)ဓာတုကထာကျမ်း-ဓာတ်အမျိုးမျိုးတို့ကိုဟောကြားတော်မူသောကျမ်း

(ဃ)ပုဂ္ဂလပညတ်ကျမ်း-ပုဂ္ဂိုလ်အမျိုးမျိုးတို့အား အမည်တပ်ရ်ျ ဟောကြားတော်မူသောကျမ်း

(င)ကထာဝတ္ထုကျမ်း-အယူဝါဒနှင့်ဆိုင်သော၊အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်း

(စ)ယမိုက်ကျမ်း-အနုလုံ၊ပဋိလုံ၊သိန္နိဌာန်နှင့်သံသယအစုံစုံပြုရ်ျ ဟောကြားတော်မူသောကျမ်း

(ဆ)ပဌာန်းကျမ်း-အကြောင်းအကျိုးနှင့်ကုသိုလ်စသောတရားတို့ဖြင့်ဝေဖန်ဟောကြားကာသဗ္ဗညုတဥာဏ်တော်၏ ကျက်စားရာဖြစ်သည့်ကျမ်း။

Sunday 7 September 2014

စိတ်ဖိစီးမှု နှင့် အကောင်းမြင်စိတ်


စိတ်ဖိစီးမှု ဆိုတဲ့အရာက လူတိုင်း မလွဲမသွေ ကြုံတွေ့ခဲ့ရ၊ ထပ်လည်း ကြုံတွေ့ရအုံးမည့် အရာတစ်ခုပါ။ ပုံမှန်ရှင်သန်နေတဲ့ဘ၀တစ်ခု (သို့မဟုတ်) ပြည့်စုံ ကောင်းမွန် သာယာနေတဲ့အခြေအနေတစ်ခုကနေ သွေဖွယ် ယိမ်းယိုင်သွားတဲ့အခါမျိုးမှာ စိတ်ကျရောဂါ၏ မြစ်ဖျားခံရာလို့ ပြောနိုင်တဲ့ စိတ်ဖိစီးမှုဆိုတဲ့အရာတွေက ၀င်လာတက်တယ်။ တနည်းအားဖြင့် မိမိမျှော်လင့်ထားသလို ဖြစ်မလာနိုင်ခဲ့တဲ့ အခါမျိုးမှာလဲ စိတ်ပျက်မှု၊ စိတ်မသက်သာမှု၊ စိတ်ဖိစီးမှုစတာတွေ ၀င်တက်ပါတယ်။

ကျန်းမာရေး ရှု့ ထောင်ကနေ စိတ်ဖိစီးမှု ဖြစ်လာရင် သက်သာစေရန် လုပ်ဆောင်ဖို့ နည်းလမ်းတွေကတော့ ဇက်ကြောလျှော့ခြင်း၊ တေးဂီတနားဆင်ခြင်း၊ ဟာသ ရီစရာတစ်ခုခုကြည့်ခြင်းဖြင့် အာရုံလွဲခြင်း၊ ပုံမှန်လေး အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်ခြင်း၊ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ တအိပ်တမော အိပ်လိုက်ခြင်း နှင့် ရေခဲကပ် ပေးခြင်း စသဖြင့် သက်သာအောင်လုပ်တဲ့ နည်းလမ်းတွေ ရှိပါတယ်လို့ ဆေးဆောင်းပါးတစ်ခုမှာ ဖတ်လိုက်ရတယ်။ ဒါကတော့ တစ်ခဏအတွင်းမှာ ကိုယ်ခန္ဒာမှာ ရှိနေတဲ့ စိတ်ဖိစီးမှု ပင်ပန်းဒဏ်ကို သက်သာဖြေဖျောက် ဖို့အတွက်ဘဲ အသုံးဝင်လိမ့်မယ်လို့ထင်တယ်။ သာမန် စိတ်ညစ်နွမ်းနေတာကို ထိုနည်းလမ်းတွေက အဆင်ပြေနိုင်ပေမယ့်လည်း၊ သာမန်ထက်ပိုတဲ့ စိတ်ညစ်စရာ၊ စိတ်ဖိစီးမှုတွေ ခံစားရပြီဆိုရင်တော့ ထိုနည်းလမ်းက ခဏသာဘဲ ခံမယ်လို့လည်း သုံးသပ်မိတယ်။ နောက် နာရီအပိုင်းအခြားရောက်လာရင် ထိုစိတ်ညစ်စရာ အတွေးမျိုးက ပြန်ပြန်ဝင်လာနေမှာဘဲ။ အဲ့ဒီအခါကျ ဖြေဖျောက်နည်းကို စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦး၏ အင်တာဗျူးမှာ ပြောတာလေးကို သွားသတိရမိတယ်။ အဲ့လို စိတ်ဖိစီးမှုမျိုး ကြုံလာရင် အကောင်းမြင်စိတ်ထားနိုင်ရင် မိမိမှာရှိနေတဲ့ ကြောင့်ကြစိတ် ဖိအားတွေ လျော့နိုင်လာမယ်လို့ သူက ဆိုထားလေရဲ့ ။ ဒါဆို ဖြစ်သမျှအကြောင်း အကောင်းချည်းဘဲ မှတ်ရမှာပေါ့လေ ဆိုပြီး မေးစရာရှိတယ်။ အဲ့လိုသဘောမျိုး သက်ရောက်သလိုရှိပေမဲ့လည်း အဓိက ဖြစ်လာတဲ့ ပြဿနာတစ်ခုကို လက်ခံနိုင်ခြင်း၊ အကောင်းဘက်ကနေ လှည့်တွေးနိုင်ခြင်းလို့ သက်ရောက်စေတာက ဆိုလိုရင်းက ပိုနက်နဲမယ်ထင်တယ်။ ငါ့အဖြစ်နဲ့ငါသာ ရှိပါစေတော့ ဖြေသာပါတယ်ဆိုတဲ့ စိတ်အားငယ်မှုမျိုးလည်း မဟုတ်ဘူး၊ အဓိက ကတော့ တရားသဘောနဲ့ အကြောင်းအကျိုး ဆင်ခြင်ပြီး လက်ခံနိုင်တာကို ပြောတာ၊

နောက်ပြီးတော့ သီတဂူဆရာတော်ဘုရားကြီး၏ မေတ္တာစွမ်းရည်အကြောင်းကို ဟောပြော ပြသ ဆိုဆုံးမဖူးတာလေးကို သွားပြီး မြင်လာတယ်။ ဆရာတော်ဘုရားကြီးက "မနာပဘာဝ ဒဿန" ဆိုတဲ့ အဓိပ္ပာယ်ကို ယခုလိုရှင်းလင်း သွားတယ်။ "မနာပဘာဝ ဒဿန" ဆိုတာ သူတစ်ပါးတို့ရဲ့  အပေါ်မှာ၊ နှစ်သက်စရာ အချက်အလက် ကလေးတွေ ဘယ်လောက် ကိုယ်နဲ့ ဆန့်ကျင့်နေတဲ့ ဆန့်ကျင်ဘက် ပုဂိုလ်တစ်ယောက်ပဲ ဖြစ်ဖြစ်နော်၊ သူ့မှာ နှစ်သက်စရာ အချက်ကလေး တစ်စုံတစ်ခုတော့ ရှိရမယ်၊ အဲ့ဒီ နှစ်သက်စရာ အချက်ကလေး တစ်စုံတခုရှိရင် အဲ့ဒါလေးကို စိုက်ကြည့်လိုက်တဲ့အခါ ဘာဖြစ်လဲ၊ ရေကြည်လေးသောက်လိုက်ရသလိုပါပဲ အဲဒီ ဒဿနိက ဗေဒကို မနာပဘာဝ ဒဿန ခေါ်တယ်ဆိုပြီး ဆိုဆုံးမသွားဖူးပါတယ်။ ပြောချင်တာက မြင်လိုက်တိုင်း စိတ်ညစ်စရာ ပေါ်လာတက်တဲ့ ရန်သူတစ်ယောက်ကို ကောင်းတဲ့အချက်လေးတွေနဲ့ပဲ ဖြည့်တွေးပေးလိုက်တာမျိုးက သူ့အပေါ် ရန်ပြုချင်စိတ်၊ စိတ်ဆိုးချင်စိတ်၊ မြင်တိုင်း စိတ်ညစ်ရတဲ့ စိတ်လေးတွေ ပျောက်သွားတာကို တွေ့ရမယ်တဲ့။ တနည်းအားဖြင့် တောထဲမှာ ရေကန်တစ်ကန်ကို တွေ့မယ်ဆိုပါစို့၊ တွေ့တဲ့အခါမှ တွေ့တဲ့သူ အချို့က ရေဆာလို့ ကန်ထဲဆင်းကြည့်တော့ အပေါ်မှာ နွံတွေဖုံးနေတော့ ရေပြင်ကို အပေါ်ယံကြည့်ပြီး မသန့်ပါဘူး၊ မအေးပါဘူးဆိုပြီး ရေကန်ထဲကို ဆင်းမကိုင်ကြည့်တော့ဘဲ ပြန်လှည့်သွားကြတယ်။ ဒါပေမဲ့ တချို့ သိတက်တဲ့သူတွေကျတော့ နွံဖယ်ပြီးရင် အထဲမှာ ရေကြည် ရေသန့်တွေ ရှိတယ်ဆိုတာကို သိကြတယ်။ သူုတို့ကိုယ်တိုင်လည်း ထိုအနှစ်အရသာကို ခံစားကြည့်တက်ကြတယ်။

အထူးသဖြင့် မိမိအပါအ၀င်ပေါ့ လူတစ်ယောက်ကို စကြည့်ပြီဆိုရင် ကောင်းတာအပြင်၊ မကောင်းတာတွေကို ကြည့်တက်ကြတယ်။ မိမိအပေါ် တိုက်ခိုက်လာပြီဆို သူ့မကောင်းတာတွေချည်းဘဲ ကြည့်လာတယ်၊ ဝေဖန်တက်လာတယ်၊ ကို့အလှည့်ဝေဖန်ခံရမှာကိုကျတော့လည်း လန့်လာပြန်တယ်၊ ဒါကြောင့် သူနဲ့ရင်ဆိုင်ရမှာကို စိတ်လေး လာသလို ဖြစ်လာတယ်။ ကောင်းကွက်လေးကို မြင်တက် ရှုတက်သူဟာ သူနေထိုင်ရာ ပတ်ဝန်းကျင်မှာ စိတ်ရှင်းရှင်းနဲ့ နေထိုင်တက်ပြီး လူတော် လူကောင်းလို့ သတ်မှတ်ခံရတဲ့ သူကြီးပါပဲ၊ ခံယူချက်လေး ကွာသွားတဲ့အတွက် တခြားသူတွေအပေါ် နှာတစ်ဖျားသာ သွားတာကို ပြောချင်တာ။ ဒီလိုဘဲ မိမိအပေါ် ကျရောက်လာတဲ့ အဖြစ်ဆိုးတွေ၊ ကံမကောင်းမှုတွေ၊ စောင့်စည်းရမှု၊ ပင်ပန်းမှုတွေ အမျိုးမျိုးပေါင်းစုံပြီး ဖြစ်ပေါ်လာတဲ့ လောကဓံ၏ ရိုက်ခတ်မှုကနေဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှု သောကတွေအပေါ်ကို ကောင်းကွက်လေးတွေကြည့်ပြီး စဉ်းစား၊ ဘာကြောင့် ဘယ်လိုဖြစ်သလဲ၊ ငါ့တုန်းကကော ဘာတွေ သူများအပေါ် မကောင်းတာတွေ လုပ်ခဲ့လဲ ဆင်ခြင်သုံးသပ် သင့်လှတယ်။ သူက ကိုယ့်အပေါ် မကောင်းကြံမှုတွေ လုပ်ဆောင်နေတာဘဲဖြစ်ပါစေ မိမိမှသည်းခံစိတ်မွေး၊ မေတ္တာစိတ်လေးနဲ့ဘဲနေပေး နိုင်ရင်ပိုကောင်မယ်။ ဒီထက်ပိုပြီး သူ့အလွန်ကနေ ကိုယ့်အလွန်ဒေါသတို့၊ မာန်မာန တို့ စတဲ့ ဒုက္ခဖြစ်ကြောင်း အကြောင်းရင်းခံတွေဆီ စီးဆင်းမသွားစေနဲ့တော့။ ဘာကြောင့် ဒီစိတ်ဖိစီးမှုက ဖြစ်တာလဲကအစ အကျိုးဖြစ်လာစေမဲ့ အကြောင်းလေးတွေကိုဆက်စပ်တွေး၊ အကြောင်းသိသွားရင် သိတဲ့စိတ်တွေက နောက်မလုပ်ဖြစ်အောင် ဟန့်တားလိမ့်မယ်။ အဓိကဆိုလိုချင်တာကတော့ စိတ်ကြောင့် ဖြစ်တဲ့ ဝေဒနာကို စိတ်နဲ့ ဖြေသာအောင် ကုသခြင်းပေါ့ ခုချိန်မရသေးပေမဲ့ "ရေမကူးတက်တဲ့ ကလေးတစ်ယောက်ဟာ ကူးပါများရင်တော့ အကျွမ်းတ၀င်ဖြစ်လာပြီး တက်မြောက်သွားတက်တယ်ဆိုတဲ့" ဥပမာတစ်ခုကိုတော့ မမေ့သင့်ပါ။ ဓမ္မနဲ့ ယှဉ်ပြီး အကြောင်းအကျိုးမြင်သိကာ စိတ်ဖိစီးမှု သောက ဒဏ်တွေကို ဖြေဖျောက် လာနိုင်ကြပါစေ။။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒကထာများ


၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။
၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။
၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၅။ နားကြီးကြီးနဲ့ တရားနာပါ။
၆။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၇။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၈။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။
၉။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၀။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။
၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။
၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။ ၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။ ၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီးမှာမျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။
၅၁။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၃။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။
၅၄။ ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တန်းဝင်ရမဲ့ အချိန်ဘဲလို့ ဆုံးဖြတ်ချက်ချပြီး အလုပ်သာလုပ်ပါ။
၅၅။ ယခုအဖက်ဖက်မှ ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်မှတဲ့ ကာလလေးကို သားရေး သမီးရေး စီးပွားရေးတွေနဲ့ချည်း အချိန်မကုန်လွန်ပါစေနှင့်။
၅၆။ တဏှာ (လောဘ) ခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
၅၇။ တဏှာ (လောဘ)ခိုင်းတိုင်း လုပ်လို့ သေလျှင် အပါယ်လေးပါး ရောက်မယ် ဆိုတာလဲကြောက်။
၅၈။ အ၀ိဇ္ဇာ တဏှာ ကိန်းလာရင် ဟိရိသြတ္တပ္ပ (အရှက် အကြောက်) မရှိတော့ဘူး။
၅၉။ သားရေး သမီးရေး အတွက်သာ ဂရုစိုက်လုပ်နေရင် အချိန်အလွဲသုံးစားလုပ်တာဘဲ၊ လူမိုက်အချိန်ဘဲ ဆိုတာ မှတ်လိုက်။
၆၀။ သစ္စာတရားကို နာ၊ ဥာာဏ်က ခန္ဓာကိုလှည့်၊ ပစ္စုပ္ပန်ခန္ဓာ နောက်က ၀ိပဿနာ ဥာဏ်မလိုက်ရင် ဒုက္ခသစ္စာ လိုက်မှာဘဲ။
၆၁။ ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။
၆၂။ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။
၆၃။ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ။
 ၆၄။ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။
 ၆၅။ အာရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး၊ ၀ိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေး။
 ၆၆။ ဒါနက သံသရာမလည်၊ အသိမလိုက်လို့ သံသရာ လည်တာမှတ်ပါ၊ သစ္စာ သိပြီးလှူရင် ခန္ဓာကိုယ်ရောင်းလှူပါ။

Thursday 13 March 2014

သမာဓိ နှင့်  ၀ိပဿနာ

"သမာဓိ နှင့် ၀ိပဿနာ  = မဇျွိမပဋိပဒါ လမ်း" 
(ကျေးဇူးတော်ရှင်- မိုးကုတ် ဆရာတော် ဘုရားကြီးဟောကြားတော်မူသော တရားတော် - ၄)
တရားနာကြတာ ဒုက္ခခပ်သိမ်းငြိမ်းချင်လိုနာ တာဟု အစချီ၍.......
လက်ရှိဒုက္ခကိုသိမှသာ နောင်ဒုက္ခငြိမ်းရေးဖြစ်နိုင်ကြောင်း၊ လက်ရှိဒုက္ခကို ကြောက်မှ သာနောင်လာလတ္တံ့ ဒုက္ခကိုကြောက်မှာဖြစ်ကြောင်း ရှင်းပြ ဟောကြား တော်မူခဲ့ သည်၊ ဥာဏ်ထက်ချိန် စီးပွားရေး အဆင်ပြေနေလျှင် ဒုက္ခ မရှိဖူး ဟုယူဆတတ်သည်၊ သို့သော် ကိုယ်က ဥာဏ်ကို မရှာ လျှင် ဥာဏ်က တုံး သွားတတ်သည်၊ အိုလာ၊ နာလာမှ သာ သံဝေဂဥာဏ်လေး ဖြစ်တတ်ကြသည်၊ ထိုဥာဏ်သည် ၀ိပဿနာ မဟုတ်ပါဟု ရှင်းလင်းစွား ဟောကြားတော်မူခဲ့ ပါသည်။

မကျန်းမမာဖြစ်တော့မှ မရူနိုင် မရှိုက်နိုင်ဖြစ်တော့မှ သိသောဒုက္ခကို ပါကဋ ဒုက္ခဟု ဟောပြခဲ့၏။(ပါကဋဒုက္ခကို တိရိစ္ဆာန်တောင်သိနိုင်၏ဟု ဥပမာပြခဲ့ တော်မူသည်)။ ထိုကြောင့် ကျန်းမာတုန်း ဒုက္ခကိုမြင်ဖို့ အရေးကြီးကြောင်း ဟောကြားခဲ့ပါသည်။

ထို့နောက် တရားအားထုတ်သော ယောဂီများ သမာဓိရှိဖို့လိုကြောင်း၊ သမာဓိ မရှိပဲ နှင့် ၀ိပဿနာ လုပ်နေရင်ဖြင့် ဖြစ်ပျက်မြင်ဖို့၊ ဒုက္ခသစ္စာသိဖို့ ခက်ခဲကြောင်း၊ သို့သော် သမာဓိ သက်သက်ဖြင့် သစ္စာမဆိုက်နိုင်ကြောင်း ရှင်းလင်းစွာ ဟောကြား တော် မူခဲ့ ပါတယ်။

အိမ်မှာ တရားအားထုတ်တဲ့ ယောဂီများကို အာနာပါနဖြင့် သမာဓိအရင် ထူထောင်ရန် သင်ကြားပေးတော်မူ၍၊ "သမာဟိတော ယထာဘူတံ ပဇာနာတိ" ဟု မြတ်ဘုရားဟောကြားခဲ့သလို (တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည်သာ အပါကဋ္ဋ ဒုက္ခကိုသိ၏ဟု ရှင်းပြ၍)၊ ကျန်းမာတုန်း သမာဓိရှိ တုန်း ကြည့်လိုက်မှသာ သူများမမြင်နိုင်တာကို ထိုးထွင်၍မြင်နိုင်မှာ ဖြစ်ကြောင်း ကျန်းမာတုန်း တရားကျင့်ကြရန် ကြီးမာလှသော မေတ္တာဖြင့်တိုက်တွန်း ဟောကြား တော်မူခဲ့ပါသည်။

ထို့အပြင် သမာဓိ လမ်းတစ်ခုထဲသွား၍ ၀ိပဿနာ ပညာ ကို အားမထုတ်သူ များကို လမ်းမှားထဲ တစ်ဝဲလည်လည် မနေစေရန် သမာဓိ က နိဗ္ဗာန် မရောက်၊ ပညာ (၀ိပဿနာ) ကသာ နိဗ္ဗာန်ကို ရောက်ပါ တယ်ဟု -- မေတ္တာဖြင့် အစွန်း မရောက်စေရန် ရှင်းလင်း ဟောကြားတော် မူခဲ့ ပါတယ်။

ငါးပါးအာရုံ ကာမဂုဏ်ခံစားတဲ့ အကျင့်ကနိဗ္ဗာန်ရောက်ကြောင်း အကျင့် မဟုတ်ဖူး (မှန်ပါ့ ဘုရား)
ကိုယ်ကိုဆင်းရဲအောင် ညှဉ်းဆဲကျင့်တဲ့ အကျင့်ဟာလဲ (နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်ပါဘုရား)

အလယ်အလတ် ဆိုတော မဇျွိမပဋိပဒါ ခန္ဓာကပြောတာ ကိုဥာဏ်နဲ့ကြည့်တဲ့ အလုပ်သာလျှင်-
နိဗ္ဗာန်ရောက်ကြောင်း အကျင့် (မှန်ပါ့ဘုရား)၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

စာရေးတဲ့ ဆရာကလွဲချင် လွဲသွားလိမ့်မယ်။ (မှန်ပါ့ဘုရား)
ခန္ဓာကပြောတာကတော့။ (မလွဲပါဘုရား)

ဝိပဿနာ လုပ်မဲ့ပုဂ္ဂိုလ်မှာ ၀ိပဿနာဥာဏ်နဲ့  မဂ်ဥာဏ် ပဲရှိတယ်။ဖြစ်ပျက်ကို မြင်တဲ့ဥာဏ်က ယထာဘူတဥာဏ်၊ ဖြစ်ပျက်မုန်းတဲ့ ဥာဏ်က နိဗ္ဗိန္ဒဥာဏ်၊ ဖြစ်ပျက်မလိုချင်လို ချုပ်သွားတဲ့ ဥာဏ်က မဂ်ဥာဏ်၊ ဟု မေတ္တာဖြင့် ရှင်းလင်းစွာ မဇျွိမပဋိပဒါ ပညာလမ်း ကို ဟောကြား တော်မူခဲ့ပါတယ်။

Friday 7 March 2014

အပူဒဏ် သက်သာရေး



ယနေ့ချိန်ကာလက ဆောင်းအကုန်နွေအကူးကာလမို့ ကျွန်တော်တို့တိုင်းပြည်မှာ အပူပိုင်းကာလထဲသို့ တိုးဝင်လာချေပြီဖြစ်၏။ နွေအကူး လေရူးတွေလည်း မြူးပြီလေ ဆိုတဲ့ သီချင်းစာသားအတိုင်း လေရူးတွေ တမြူးမြူးနဲ့ စိတ်ကူးယဉ်သမားတွေအတွက် စိတ်အရမ်းပျံ့ လွင့်လို့ကောင်းတဲ့ အခါသမယဟုဆိုရင်လည်း မှားအံ့မထင်ပါ။ လေရူးဆိုတဲ့အတိုင်း သူ့သဘောအတိုင်း တိုက်ခတ်နေ၏ အအေးရိပ်ဘက်ကနေ တိုက်ခတ်လာတဲ့လေကတော့ အအေးအငွေ့အသက်ပါသည်မို့ ခံစားရသည်က အေးမြလှသည် အပူကွင်းပြင်ကြီးကနေ တိုက်ခတ်လာတဲ့လေကတော့ အပူငွေ့တွေ သယ်ဆောင်လာသည့်မို့ ထိတွေ့ခံစားရ သူတိုင်း အပူအငွေ့အသက်ကို ခံစားရရှိစေမှာတော့အမှန်ပင်။ဒါကတော့ သဘာဝဖြစ်ရိုးဖြစ်စဉ် ရာသီဥတုကြောင့် ခံစားရတဲ့ အပူအအေးဒဏ်များဖြစ်ကြ၏။ နောက်တစ်ခု အပူဒဏ်က ကျွန်တော်တို့တွေအပေါ် မှန်းဆနိုင်ရခဲတဲ့ တခါတရံမှာလည်း ဖြစ်ပေါ်ခံစားရတဲ့ အပူဒဏ်တစ်ခု။ ရှင်းရှင်းလင်းလင်းထပ်ပြောရရင် ရင်ထဲက အပူတစ်ခုပါ။ ရင်တွေအရမ်းပူလှပြီ၊ ရင်ထဲမှာ မီးတောက်နေပြီ ဆိုပြီး ဖွင့်ဟပြောကြားသံကိုလည်း ကြားဖူးကြမှာပါ။ ဒါက ကောင်းဆိုးနှစ်တန်လောကဓံကိုခံစံနေကြသည့်လောကီလူသားတွေအတွက် အပူဒဏ်တစ်ခုပါ။ ထိုအပူဒဏ်ကို မကြုံဖူးတဲ့သူက မရှိသလောက်ရှားပါးလှ၏ အတိတ်ကံ ကြမ္မာကြောင့် အပူအငွေ့အပေါ် ခံစားရမှု အနည်းအများတော့ရှိကြပေလိမ့်မည်။ သဘာဝအပူဒဏ်ကို မခံနိုင်သူ ရောဂါဝေဒနာများအတွက် အပူဒဏ်ကာကွယ်ဆေးလည်း ရှိကြသည် ကြိုလည်းကာကွယ်ကြသည်။ သက်လည်း သက်သာကြပါသည်။ ထို့အတူ စိတ်တွင် ခံစားနေရသည့် အပူဒဏ်အတွက်လည်း သက်သာစေရန် ဆေးနည်း လမ်းကောင်းတွေရှိပါသည်။ ဒါပေမဲ့လည်း သဘာဝအပူဒဏ်က ကုသရေးပိုပြီးလွယ်ကူသည်ဟု ထင်မှတ်ထားကြသည်။ရင်ထဲက အပူဒဏ်ကတော့ ကုသရေးအလွန်ခက်ခဲလှသည်။ ထိုခက်ခဲလှသည်ကို ကြိုးစားပြီး မဖြေဖျောက်နိုင်ကြသည့်အတွက် အပူအပေါ် မှုတည်ပြီးရောဂါဝေဒနာတွေ ထပ်တိုးလာတော့သည်။ နောက်ဆုံးလောကကြီးတွင် မနေချင်တော့ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူများလည်းရှိပါသည်စိတ်အပူဒဏ်ထဲမှာ အဆိုးဆုံးကြုံတွေ့ရသည့် စိတ်ဖိစီးမှု၊ သောကဖြစ်မှု ဝေဒနာတွေက အဆိုးဆုံးဖြစ်သည်။ စိတ်အပူဒဏ်အနည်းအများအလိုက်ထိုဝေဒနာများ ခံစားရသည် အနည်းအများကွာသေးသည်။ တခါတရံ မပြောပလောက်သော အပူဒဏ်က ခံယူမှုအပေါ်မှုတည်ပြီး အကြီးမားဆုံးဖြစ်သွားတက်သေးသည်။ ထိုဒဏ်ကို ကာကွယ်နိုင်ရေး သက်သာရေးအတွက် တခြားသူက အစားထိုး ၀င်ရောက်ကုမပေးနိုင်၊ မိမိစိတ်တွင် ခံစားရသည်ကို ဆေးနည်းများရှိသည့်အတိုင်း ကိုယ်တိုင်လိုက်နာ ကျင့်ကြံနိုင်ပါက ထိုဒဏ်ကို ပျောက်ကင်းသက်သာအောင် မိမိဖာသာ ဖန်တီးကုသရမည်လည်းဖြစ်ပါသည်။ အဆိုပါ အပူဒဏ်သည် ပုံမှန်ဖြစ်ပျက်နေသည့် မှန်းဆ တွေးထင်ထားသည့် အရာတစ်ခုမှ လွဲချော် ပျက်စီးသွားသောအခါ ပေါ်လာတက်တဲ့ အရာတစ်ခုလည်းဖြစ်ပါ၏။ စိတ်အပူဒဏ်ကို သက်သာရာရရှိရေး မြစ်ဖျားခံရာကို ဦးစွာ စုံစမ်းလေ့လာသင့်လှသည်။ နေပူဒဏ်ကို ခံရဖန်များသောသူသည် ထိုအပူများဖြင့် ရင့်ကြက်ပြီးသားဖြစ်သဖြင့် ခံနိုင်ရည်ရှိကြသည်။ တချိန်မှာ သက်သာသွားမည်ဆိုတာလည်း သိကြ၍ အပူအပေါ် သောကသိပ်မထားတဲ့အတွက် မြန်စွာဘဲ အအေးဓာတ်သဘောကို ခံစားမိသွားကြ၏။ အပူဒဏ်သိပ်မကြုံဖူးသူတို့အတွက်တော့ လက်ရှိအပူဒဏ်သည် အမြဲဖြစ်ပျက်နေမည်ဟု တွေးထင်ကြသည် ပူဆဲခဏမှာကို စိတ်ထဲတွင် မီးတောက်သကဲ့သို့ ပူလောင်မှုတွေဖြစ်နေပါသည်။ တစ်ခါတရံ ပြဿနာများတွင်သူ့အလိုလိုအဖြေများပါတက်သည်။ အပူဓာတ်နောက်ကွယ်တွင် အအေးဓာတ်ရှိပါသည်။ဝေဒနာသိ ရောဂါသိရင်ဖြေစရာဆေးလည်းရှိပါသည်။ အပူဒဏ်အတွက် ဘ၀ကို အရှုံးမပေးဘဲ ကြံ့ ကြံ့ ခိုင်လျှက် ရင်ဖွင့်တာကအစ၊ စိတ်အပြောင်းအလဲတစ်ခု လုပ်တာမျိုးဖြစ်ဖြစ် ပြုလုပ်စေချင်သည်။ အကောင်းဆုံးဆေးနည်းကတော့ တရားဘာဝနာ လက်ကိုင်ထားပြီး ကျင့်ကြံကြိုးစားလျှက် ဓမ္မအသိဥာဏ်ဖြင့် ဖြေဖျောက်တက်စေချင်ပါသည်။ အပူဒဏ်တစ်ခုကို ဖြေဖျောက်နည်းသိရင် နောက်အပူဒဏ်တွေ ဖြစ်ပေါ်လာသမျှ ငြိမ်းသတ်နိုင်မည် ထင်ပါသည်။ နွေအပူဒဏ်သည် အမြဲမပျက် ဖြစ်တည်နေမှာ အသေချာပင်။ ရင်ထဲက အပူဒဏ်ကတော့ ဖြေဖျောက်နည်းသိရင် ထိုအပူဒဏ်အပေါ် ခံနိုင်ရည်ရှိသွား၊ တွန်းလှန်နိုင်ရေး စွမ်းအားတွေရှိသွားတဲ့အတွက် အမြဲမပျက် တည်ရှိနေနိုင်တော့မှာ မဟုတ်တော့ပါဘူး။ အပူပိုင်းကာလရောက်လာသည်မို့ အပူဒဏ်ခံနိုင်ရေးအတွက် ဂျာနယ်တွေ၊ သတင်းစာတွေ၊ တီဗွီတွေကတဆင့် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုတွေ ပြုလုပ် ကြသည်လည်းမြင်တွေ့ရသည်။ ပေါ့ပေါ့မနေဘဲ ကြိုတင်ကာကွယ်ခြင်းသည် မိမိဘ၀အတွက် စိတ်အချရဆုံးဖြစ်မည်ဟု ထင်၏။ လောကအပူဒဏ်များကို ကြိုတင်ကာကွယ်နိုင်ပြီးဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင် နှင့် ခန္ဒာတွင်းအပူဒဏ်ကို ငြိမ်းသတ်နိုင်ကြပါစေ။ငြိမ်းချမ်းအေးမြမှုတွေ ရရှိနိုင်ကြပါစေ။

အေးငြိမ်းရာ ကမ်းသို့ကူးခတ်ရာတွင် လိုအပ်သော အထောက်အကူပြု (၁) (ဗိုလ် ၅ ပါး)



တရားကျင့်ကြံရာတွင် ပါဝင်ဖြည့်ဆည်းရမည့် မရှိမဖြစ်လိုအပ်လှသော ဗောဓိပက္ခိယ (၃၇)ပါးဆိုတာရှိသည်။ ဗောဓိပက္ခိယဆိုတာက ဗောဓိဥာဏ်ရဘို့ရန် အထောက်အပံ့ဖြစ်သည်။ သို့မဟုတ် အရိယာမဂ်၏ အထောက်အပံ့ ဒါမှမဟုတ် တရားကျင့်သော ယောဂီ၏ တရားကျင့်ရာ အားပြုရမည့် အချက်အလက်များဖြစ်သည်။ အထူးသဖြင့်အေးငြိမ်းရာသို့ ကူးခတ်ရာအတွက် မရှိမဖြစ်လိုအပ်လှသော အထောက်အကူပြု ပစ္စည်းများဟုဆိုလျှင်လည်း မှားအံ့မထင်ပါ။ ထိုအထဲတွင် ဗိုလ် (၅)ပါးဆိုသည့် အကြောင်းကို ဦးစွာလေ့လာမိပါသည်။ ဗိုလ် ကို ဗလ - အား၊၊ စွမ်းရည်လို့ခေါ်တဲ့အတွက် တရားကျင့်များအတွက် လိုအပ်သော စွမ်းအားများဟု ခေါ်ဆိုရပေမည်။ ဗိုလ် ငါးပါးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ သဒါဗိုလ် - စိတ်၊ စေတသိက်တို့၏ ကြည်လင်မှုစွမ်းအား၊ အဓိကအားဖြင့် မဂင်ရှစ်ပါးသည် အသင်္ခတဓာတ် နိဗာန်ချမ်းသာရကြောင်း နည်းကောင်းဟု ယုံကြည့်ခြင်း။
၂။  ၀ီရိယဗိုလ် - ကောသဇ (ပျင်းရိမှု) ကိုတိုက်ဖျက်နိုင်မှု စွမ်းအား၊ ရှေုးရှုအောက်မေ့မှု စွမ်းအားကြီးခြင်း။
၃။ သတိဗိုလ် - ကုသိုလ်အာရုံရှေးရှုသိမြင်နိုင်မှု စွမ်းအား၊ ရှေးရှုအောက်မေ့မှု စွမ်းအားကြီးခြင်း။
၎။ သမာဓိဗိုလ် - ၀ိပဿနာ၊ ဈာန် စသောအာရုံတို့ကို အာရုံပြုသိရာနီဝရဏကိလေသာတို့ကို တိုက်ဖျက်နိုင်မှု စွမ်းအား၊ အရှုဥာဏ်စိတ်အကုသိုလ်အညစ်အကြေးများ တဖန် ပြန်ကပ်ရောက်မှု မရှိအောင် သတိ၊ ပညာစသော ကုသိုလ်စေတသိက်တို့က ခိုင်မြဲစွာ အုပ်ချုပ်ထားခြင်း စွမ်းအား။
၅။ ပညာဗိုလ် - အမှန်အတိုင်း သိမြင်နိုင်မှု စွမ်းအား (၀ါ) ဒိဝိပလ္လာသတရားတို့ကို ခြေဖျက်နိုင်မှု စွမ်းအား။ တို့ဘဲဖြစ်ကြပါသည်။
          သဒါစိတ်ရှိဖို့အရေးကြီးတယ် ထပ်ပြီးပြောရမယ်ဆိုရင် သဒါဗိုလ်ဆိုတာ ပြင်ချင် ဖြုတ်ချင်စိတ်ကိုတားတယ်။ သူ့သဘောကိုလိုက်တာ မဆုတ်မနစ် မရွေ့မပြောင်း ကြိုးစားမယ်ဆိုတဲ့ ယုံကြည်ချက် ခံယူချက်ရှိမှု (သို့မဟုတ်) အရိုးကြေကြေ အရည်ခမ်းခမ်း ဖြစ်ပေါ်လာနေတဲ့ ရုပ်သဘော နှင့် နာမ်သဘောစလယ်ဆုံးအသိဆုံးအောင် လိုက်မယ်ဆိုတာ သေရင်လည်းသေတော့ဆိုတာက သဒွါဗိုလ် (သဒ္ဒါစိတ်)၊ ၀ိရိယဆိုတာက နာမ်လေး အပြင်မထွက်အောင်သတိထားတာ၊ထိန်းသိမ်းစောင့်ရှောက်တာ နမ်လေးအပြက်ထွက်မှာစိုးလို့ သတိထားတာ ၀ီရိယစိတ်လို့ခေါ်တယ်။ အပြင်ဘက်ထွက်လို့ရှိရင် ဥပါဒန် (စွဲလမ်းမူ)တွေဖြစ်မှာစိုးလို့ ၀ီရိယနဲ့စောင့်ထိန်းထားတာ။ သတိဆိုတာက တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကြင်တယ် အောင့်တယ် ပူတယ် ကိုက်တယ် ဒါကိုမသိဘဲနဲ့ ဝေဒနာကိုသိရမယ် ဝေဒနာကနေပြီးတော့ နာမ်ကိုသိရမယ် ၊ နာမ်၏ လက္ခဏာက ဘာလဲ ခံစားပြီးပျက်တယ်။ သည် (၃)ဌာနသာ သိထား။ တင်းတယ် တောင့်တယ်မသိအောင် သတိနဲ့နေတာအမြဲတိမ်းထားနေရမယ်။ ဓာတ်ကြီးလေးပါး ဖောက်ပျက်လာတဲ့အခါ တင်းတာ တောင့်တာပေါ်လာရင် ဝေဒနာသည် နာမ်ပါလားလို့ သတိထားတာကို ဝေဒနာတစ်ခုပေါ်လာရင် နာမ်ကိုသိတာကို သတိဗိုလ်လို့ခေါ်တယ်။ ဝေဒနာသည် နာမ်ကိုသိထားတာ နာမ်စိတ်သည်မပြောင်းတော့ဘူး တစ်ခုတည်ူဖြစ်နေတာ အဲ့ဒါသမာဓိဘဲ၊ တင်းတယ် ပူတယ် တောင့်တယ် အောင့်တယ်လို့ မသိတော့ဘူး မရှိတော့ဘူး တည်ကြည်မှု သမာဓိက နာမ်စိတ်ဖြစ်နေတယ်။ ဝေဒနာသည် နာမ်ကိုသိထားတယ် မပြောင်းလဲတော့ဘူး တင်းလိုက်၊ တောင့်လိုက်ဟာမကြည့်ဘဲ နာမ်ကိုတစ်ခုဘဲသိတာကို သမာဓိ၊ သမာဓိကနေပြီးတော့ ပညာတဲ့၊ နာမ်၏ လက္ခဏာသဘောက ဘာလုပ်တက်လ၊ဲ ခံစားပြီးပျက်တာ၊ အဲ့ဒီခံစားပြီးပျက်တဲ့သဘောလေးကို ခန္ဒာ (ငါးပါး) လွတ်သွားတဲ့စိတ်လေးကို သိတယ် ခံစားပြီးပျက်တယ်ဆိုတာကို သိတာ အက်ဒါ (၀ိဇ္ဖာ)ဘဲ အမှန်သိမှု ပညာဗိုလ် လို့ခေါ်တယ်၊ ဒါမို့ကြိုးစားပါ ရှေ့စိတ်ကတော်ချင် နောက်စိတ်က တွန်းတင်ပါ။ အရိုးကြေကြေ အရည်ခမ်းခမ်းလူမသေ တရားရ၊ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဗိုလ် (၅)ပါးလက်ကိုင်ထားပြီး ရှု့သွားပါ။
ဝိတ္ထတဗလသုတ်- (ဗိုလ် ၇-ပါး အကျယ်ဟော)
ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -
၁။ ယုံကြည်မှု {သဒ္ဓါ} ဗိုလ်၊
၂။ အားထုတ်မှု {၀ီရိယ} ဗိုလ်၊
၃။ ရှက်မှု {ဟိရီ} ဗိုလ်၊
၎။ ကြောက်လန့်မှု {သြတ္တပ္ပ} ဗိုလ်၊
၅။ အောက်မေ့မှု {သတိ} ဗိုလ်၊
၆။ တည်ကြည်မှု {သမာဓိ} ဗိုလ်၊
၇။ သိမှု {ပညာ} ဗိုလ်တို့ တည်း။
၁...ရဟန်းတို့ ယုံကြည်မှု {သဒ္ဓါ} ဗိုလ်ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံမည် တော်မူ၏။ ပ ။ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂ၀ါ မည်တော်မူ၏ ဟု (ယုံကြည်၏)။ရဟန်းတို့ ဤသည်ကို ယုံကြည်မှု {သဒ္ဓါ} ဗိုလ် ဟူ၍ ဆိုအပ်၏။
၂.ရဟန်းတို့ အားထုတ်မှု {၀ီရိယ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရား တို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန် ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသည်ကို ၀ီရိယဗိုလ် ဟူ၍ ဆိုအပ်၏။
၃...ရဟန်းတို့ ရှက်မှု {ဟိရီ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အရှက်ရှိ၏၊ ကာယဒုစရိုက်မှ ရှက်တတ်၏၊ ၀စီ ဒုစရိုက်မှ ရှက်တတ်၏၊ မနောဒုစရိုက်မှ ရှက်တတ်၏၊ ယုတ်ညံ့ သော အကုသိုလ် တရားတို့သို့ ရောက်ခြင်းမှ ရှက်တတ်၏။ရဟန်းတို့ ဤသည်ကို ဟိရီဗိုလ် ဟူ၍ ဆိုအပ်၏။
၎...ရဟန်းတို့ ကြောက်လန့်မှု {သြတ္တပ္ပ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကြောက်လန့်မှုရှိ၏၊ ကာယ ဒုစရိုက်မှ ကြောက်လန့်၏၊ ၀စီဒုရိုက်မှ ကြောက်လန့်၏၊ မနောဒုစရိုက်မှ ကြောက် လန့်၏၊ ယုတ်ညံ့သော အကုသိုလ် တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။ရဟန်းတို့ ဤသည်ကို သြတ္တပ္ပဗိုလ် ဟူ၍ ဆိုအပ်၏။
၅...ရဟန်းတို့ အောက်မေ့မှု {သတိ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိရှိ၏၊ လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုလုပ်ခဲ့သည်ကို လည်းကောင်း၊ ကြာမြင့်စွာက ပြောဆိုခဲ့သည်ကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ရဟန်းတို့ ဤသည်ကို သတိဗိုလ် ဟူ၍ ဆိုအပ်၏။
၆...ရဟန်းတို့ တည်ကြည်မှု {သမာဓိ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ ပ ။စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို သမာဓိဗိုလ် ဟူ၍ ဆိုအပ်၏။
၇...ရဟန်းတို့ သိမှု {ပညာ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သောပညာနှင့် ပြည့်စုံ၏။ရဟန်းတို့ ဤသည်ကို ပညာဗိုလ်ဟူ၍ ဆိုအပ်၏။
          ထိုခုနစ်ပါးသောဗိုလ်တို့ဖြင့် အားရှိသော ပညာရှိရဟန်းသည် ချမ်းသာစွာ အသက် မွေးရ၏၊ သင့်လျော်သော အကြောင်းအားဖြင့် (သစ္စာလေးပါး) တရားကို စုံစမ်း ဆင်ခြင်နိုင်၏၊ ၀ိပဿနာပညာဖြင့် (သစ္စာလေးပါးတည်းဟူသော) အနက်ကို သိနိုင်၏၊ ဆီမီးလျှံ၏ ငြိမ်းအေးခြင်းကဲ့သို့ (အဆုံးစွန်သော)စိတ်၏ (၀တ္ထု အာရုံတို့ မှ) လွတ်မြောက်မှု ဖြစ်လေ၏။
          တရားဘာဝနာ ပွားများ အားထုတ်သူများ၏ အဓိက ရည်ရွှယ်ချက်မှာ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော စိတ်ဖောက်ပြန်မှုများ၊ သို့မဟုတ် ကိလေသာ တရားများကို ပယ်သတ်ရန်ဖြစ်သည်။ တရားဘာဝနာ ပွားများ အားထုတ်၍ တရားအမြင်ရပြီး ယင်းစိတ်ဖောက်ပြန်မှုများ သို့မဟဟုတ် ကိလေသာတရားများ လျော့ပါးသွားကြသည်များလည်းရှိသည်။ သို့သော်လည်း တရားဘာဝနာ ပွားများအားထုတ်ကြသော်လည်း အချို့  ပုဂ္ဂိုလ်များမှာ ယင်းစိတ်ဖောက်ပြန်မှုများ၊ သို့မဟုတ် ကိလေသာ တရားများ လျော့မသွားရုံ သာမက ပိုပြီး ခေါင်းထောင်ထလာသည်ကို တွေ့ရသည်။ ထိုပုဂ္ဂိုလ်များသည် သူများ ယောင်၍ ယောင်ကြသော်လည်း၊ သူများတရားထိုင်၍ ထိုင်ကြသော်လည်း တရားအမြင်မှန် မရရှိသူများဖြစ်သည်။
          ဗိုလ် (၅)ပါး ညီမှ စိတ်ဓါတ် ငြိမ်းအေးမှုကိုရမယ်။ မေတ္တာတရားဆိုတာ - မိတ်ဖွဲ့တာနဲ့တူတယ်။ (သီတဂူဆရာတော် - ၂၃.၁၂.၁၂)
* ဥပါဒါန -        ပြင်းစွာစွဲလမ်းမှု။
ဥပါဒန် (၄)မျိုး -
(၁) ကာမဂုဏ်တို့၌ ပြင်းစွာ စွဲလမ်းမှု၊
(၂) အယူဝါဒတို့ ပြင်းစွာ စွဲလမ်းမှု၊
(၃) အကျင့်သီလတို့၌ ပြင်းစွာ စွဲလမ်းမှု၊
(၄) အတ္တ၀ါတို့၌ ပြင်းစွာ စွဲလမ်းမှု။
ကိုးကား၊  ။
၁ - ၀ိတ္ထတဗလသုတ်၊ ဓန၀ဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်။
၂ - ဆရာပါရဂူ
၃ - အောင်လံဆရာတော် (၉ရက် တရားစခန်း)

၎ - သဲအင်းဂူဆရာတော်ဘုရားကြီး (၀ိပဿနာရှုနည်း) 

Wednesday 5 February 2014

အမှောင်မှ အလင်းသို့



လောကီသဘောအရ ကိုယ့်အတွက်ဘာအကျိုးမှမရှိ နေရင်းထိုင်ရင်း လွယ်လွယ်နဲ့ ဖြစ်ဖြစ်နေတတ်တဲ့ အကုသိုလ်ကတော့ ဣဿာ နဲ့ မစ္ဆရိယဖြစ်ပါတယ်။ ဣဿာဆိုတာက သူတစ်ပါး စည်းစိမ်ကိုမနာလိုတာ ငြူစူတာ မစ္ဆရိယဆိုတာက မိမိစည်းစိမ်ကို ၀န်တိုတာ မပေးလိုတာပါ။ ဣဿာက သူတပါးပစ္စည်းနဲ့ ဆက်စပ်ပြီး မစ္ဆရိယက မိမိရဲ့ ပစ္စည်းနဲ့ဆပ်စပ်နေပါတယ်။ 
သူတစ်ပါးက ရှေးအတိတ်ကုသိုလ်ကံအလျှောက်ရုပ်အဆင်းလှနေတာ ပစ္စည်းဥစ္စာပေါများနေတာ ပညာတက်ဖြစ်နေတာတွေကို တိုက်ရိုက်မြင်တွေ့ရရင် ဖြစ်ဖြစ်၊ တဆင့်စကားနဲ့ကြား၇ရင်ဖြစ်ဖြစ် ၀မ်းမြောက်တဲ့ မုဒိတာစိတ်ဖြစ်ရမည့်အစား "အလကားပါကွာ သူ့အဖေကြောင့် ဖြစ်နေတာပါ" စသည်ဖြင့်ပြန်ပြောပြီး မနာလိုမှု ငြူစူမှုဖြစ်တာပါ။ အထူးသဖြင့် ဣဿာ က သူတစ်ပါးက ကိုယ့်ထက် ကြီးပွားတာ ချမ်းသာတာ ပြည့်စုံတာကို အလိုမရှိဘူး။ ပစ္စည်းဥစ္စာဘက်က ဖြစ်စေ၊ အပေါင်းအသင်း အခြွေအရံဘက်က ဖြစ်စေ၊ အရုပ်အဆင်းဘက်က ဖြစ်စေ၊ အသိအလိမ္မာဘက်က ဖြစ်စေ၊ အတတ်ပညာဘက်က ဖြစ်စေ၊ ကိုယ့်ထက်သာတယ်-ဆိုတာကို အလိုမရှိဘူး။ မမြင်ချင်ဘူး၊ မကြားချင်ဘူး။ အထူးအားဖြင့် ကိုယ့်နဲ့ဘဝတူ လုပ်ငန်းတူ ဂုဏ်ရည်တူလဲ ဖြစ်မယ်၊ ကိုယ်မချစ်တဲ့သူလဲ ဖြစ်မယ်ဆိုရင် အဲဒီလိုလူ ပြည့်စုံကြီးပွားတာကို သာပြီး မနာလိုဖြစ်တတ်တယ်။ လူငယ် လူငယ်ချင်း၊ လူကြီး လူကြီးချင်း၊ ယောကျာ်း ယောကျာ်းချင်း၊ မိန်းမ မိန်းမချင်း၊ ကျောင်းသား ကျောင်းသာချင်း၊ ဆရာ ဆရာချင်း၊ အလုပ်သမား အလုပ်သမားချင်း၊ ရဟန်း ရဟန်းချင်း - ကိုယ့်ထက်သာတယ်ဆိုရင် မနာလို ဖြစ်တတ်တယ်။

မစ္ဆရိယကလဲ မနာလိုတက်တဲ့ ဣဿာသဘော အတိုင်းပါပဲ။ ကိုယ့်ရဲ့နေရာ ရာထူးမျိုးသူတစ်ပါးကို မဖြစ်ထွန်းလိုဘူး ကိုယ့်အမျိုး တပည့် ဆရာတွေနဲ့ သူတစ်ပါးကို မသိကျွမ်းစေလိုဘူး၊ ကိုယ်ရထားတဲ့ ပစ္စည်း ဥစ္စာစည်းစိမ်မျိုး သူတစ်ပါးကိုမရစေလိုဘူး၊ ကိုယ်ရဲ့ ရုပ်အဆင်းအောင်မြင်ကျော်ကြားမှုမျိုး၊ သူတစ်ပါးကို မလှစေလို မအောင်မြင်စေလို မကျော်ကြားစေလိုဘူး၊ ကိုယ်တက်ထားတဲ့ ပညာမျိုး သူတစ်ပါး တက်သွားမှာ မလိုလားဘူး၊ ဒါတွေဟာ မစ္ဆရိယရဲ့  သဘောသရုပ်တွေပါ။ မစ္ဆရိယစိတ်ဝင်လာလျှင် သူတစ်ပါးအား ၀န်တိုစဉ်လဲတက်သလို မကောင်းကြံ မမှန်သောစိတ်ကြောင့် ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်လုပ်ကိုင်တတ်၏။ မိမိ၏ မကောင်းစိတ်ကြောင့် သူတစ်ပါးကို မကောင်းကြံတတ်သလို ထိုစိတ်ကြောင့် မိမိတွင် အကုသိုလ်ဖြစ်၏။ သူယုတ်ဖြစ်၏။ မိမိ၏ မကောင်းကြံ၊ မကောင်းစိတ်ကြောင့် တစ်ပါးသူ အကျိုးပျက်သည်၊ မပျက်သည်ကို မသိသော်လည်း မိမိ၏ အကျိုးက ပျက်သုန်း၏။ ယင်းသမို့ လူကြီးသူမများက “မကောင်းစိတ်ကို မမွေးနဲ့၊ သူတစ်ပါးကို မကောင်းမကြံနဲ့” ဟု မိန့်ဆိုခဲ့သည်ကို မှတ်သားဖူးသည်။ မစ္ဆရိယစိတ်ဆိုတာ အင်မတန် ကြောက်စရာကောင်းတဲ့စိတ်ပဲ၊ ကိုယ့်ဘ၀ကို မီးရို့တဲ့ စိတ်ဆိုရင်လည်း မမှားဘူး။ ပြောရရင်တော့ မစ္ဆရိယ စိတ်ဆိုတာ ၀န်တိုစဉ်းလဲစိတ်ဆိုလည်း မှန်တယ်။ အကောင် အထည်ပြုရ ခက်ပြီး ကြောက်စရာ အင်မတန်ကောင်းတဲ့စိတ်ပဲ ဟု မဟာဆေးဝင်္ပါ ဆရာတော်ဘုရားက မိန့်ကြားခဲ့ဖူး၏။

သေသေချာချာ စိစစ်ကြည့်ရင် သူတစ်ပါးကို မနာလို ဖြစ်တာဟာ ဘာမှ မစားရ မသုံးရဘဲနဲ့ သက်သက် အကုသိုလ် ပွားနေတာပါပဲ။ မနာလို ဖြစ်တယ်-ဆိုရင် စိတ်ထဲမှာ မချမ်းမသာ ဖြစ်သေးတယ်၊ ဒါကြောင့် မနာလိုတဲ့ သဘောဟာ ကိုယ့်ဟာကိုယ် ဆင်းရဲအောင်လုပ်နေတာနဲ့ တူတာပါပဲ။ နောက်ပြီးတော့ "အဲဒီ မနာလိုမှု အကုသိုလ်ကံကြောင့် အပါယ်ငရဲသို့လဲ ကျရောက်တတ်တယ်၊ လူ့ဘဝ ပြန်ရောက်လာရင်လဲ အခြွေအရံ အပေါင်းအဖော်နည်းတဲ့သူ ဖြစ်နေတတ်တယ်" ဆိုတဲ့အကြောင်း စူဠကမ္မဝိဘင်္ဂသုတ်မှာ မြတ်စွာဘုရားက ဟောပြထားပါတယ်။

ဝန်းသို ခန္တီးဆရာ တော်ဘုရားကြီးကလည်း မနာလိုဝန်တိုစိတ်ရှိသူအပေါ် မနာလိုဝန်တိုစိတ်မွေးမည့်အစား ဘဲတွေ ကြက်တွေမွေးပါတဲ့ ဘဲတွေ ကြက်တွေမွေးခြင်းက ဘဲဥ ကြက်ဥ စားရသေးတယ် လားရာမကောင်းမဲ့ဖြစ်ခြင်း အတူတူ မနာလိုဝန်တိုစိတ်မွေးခြင်းက...ဘာမှမစားရဘဲ အပယ်ကိုလား ရမှာပါဟု ဆုံးမထားဖူးပါသည်။ တကယ်လည်း ဒီတရားနှစ်ပါးဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူတစ်ပါးအတွက်လဲ အကျိုးမရှတဲ့ တရားတွေပါ။ ပြီးတော့ သံသရာမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ တရားတွေဖြစ်ပါတယ်။

ဒီတော့ ဒီစိတ်မျိုးတွေ ကိုယ့်ရဲ့သဏ္ဍာန်ထဲမှာရှိနေရင် ဖြစ်ဖြစ်နေလို့ရှိရင် ဘယ်လိုဖြေဖျောက်ရမလဲဆိုတော့ အဲဒီ မနာလိုမှု၏ ဆန့်ကျင်ဘက်ကတော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ - ဆိုတဲ့ ဗြဟ္မစိုရ်တရား ၄-ပါးထဲက မုဒိတာဆိုတဲ့ တရားပါပဲ။ မုဒိတာ-ဆိုတာကတော့ သူတစ်ပါး ကြီးပွားချမ်းသာတာကို အလိုရှိတယ်၊ ကြီးပွားချမ်းသာတာကို မြင်ရ ကြားရ သိရလို့ရှိရင် ကြီးပွားမြဲ ကြီးပွားကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေလို့ နှလုံးသွင်းပြီး ဝမ်းမြောက်တယ်။ အဲဒီ မုဒိတာကတော့ တကယ်ကောင်းတဲ့ တရားဘဲ၊ သူများ ကြီးပွားချမ်းသာတာကို တွေ့ရတာနဲ့ သူက ဝမ်းမြောက်ပြီး ပီတိတွေ ဖြစ်နေတယ်၊ အဲဒီတော့ မုဒိတာဖြစ်တဲ့ လူမှာလဲ ကိုယ်ရော စိတ်ပါ ချမ်းသာနေတယ်၊ အလွန်ကြည်လင် အေးချမ်းတဲ့ တရားဘဲ။ နောက်ပြီးတော့ "သူများကြီးပွားချမ်းသာတာကို ဝမ်းမြောက်ကြည်သာတဲ့ ကောင်းမှုကြောင့် နတ်ရွာသုဂတိလဲ ရောက်နိုင်တယ်၊ လူ့ဘဝ ပြန်ရောက်လာရင်လဲ အခြွေအရံတွေ ပေါများပြီး (မဟေသက္ခ) တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တတ်တယ်" ဆိုတဲ့အကြောင်း စူဠကမ္မဝိဘင်္ဂသုတ်မှာပဲ မြတ်စွာဘုရားက ဟောပြထားပါတယ်။"ယထာလဒ္ဓ သမ္ပတ္တိတော - ရမြဲဖြစ်သော စည်းစိမ်ချမ်းသာမှ၊ မာဝိ ဂစ္ဆန္တု - မကင်းကွာကြဘဲ ချမ်းသာမြဲ ချမ်းသာကြပါစေ"ဆိုတဲ့ နှလုံးသွင်းပွားများပုံကတော့ မုဒိတာကို ပွားပုံပဲ။ သူများတွေက မနာလိုကြမည့်နေရာမှာ ငါတို့ကတော့ ကြည်သာရွှင်ပျ ဝမ်းမြောက်ကြမည်၊ ကိလေသာ ပါးစေတဲ့အကျင့်ကို ကျင့်မည်၊ ဒီလို စိတ်မျိုးကို ဖြစ်စေမည်၊ မနာလိုမှု လမ်းဆိုးကို ဝမ်းမြောက်ကြည်သာ မုဒိတာ လမ်းကောင်းဖြင့် ရှောင်လွှဲမည်၊ မုဒိတာလမ်းကောင်းဖြင့် အဆင့်အတန်း တက်မည်၊ မနာလိုမှု ကိလေသာမီးကို မုဒိတာရေစင်ဖြင့် ငြိမ်းသတ်မည်ဆိုပြီး အမြဲစိတ်နှလုံးထဲ သွင်းထားတက်ဖို့လိုပါတယ်။ .  နောက်ပယ်သတ်နည်းက ကိုယ်က သတိဥာဏ်ယှဉ်ဖို့ပါပဲ၊ ပုထုဇဉ်တွေဆိုတော့ အကုသိုလ် ဖြစ်စရာ အာရုံတွေနဲ့ ကြုံလာရင်ဖြစ်မှာပါပဲ၊ စိတ်မပျက်ပါနဲ့၊ ၀ိပဿနာရှုမှတ်ပြီး ပယ်သတ်လိုက်ပါ။ 

ဒီနေရာမှာ ၀ိပဿနာရှုမှတ်ပုံနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပါရစေ၊ ၀ိပဿနာရှုမှတ်တယ်ဆိုတာ ပစ္စုပ္ပန်ဖြစ်ဆဲ ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်ရတာပါ။ ပစ္စုပ္ပန်တည့်တည့်အချိန်မှာ ကိုယ့်ရဲ့ ရုပ်ဟာဘာဖြစ်နေသလဲ၊ ထိုင်နေသလား၊ သွားနေသလား၊ စားနေသလား၊ထိုင်နေ ရင်လဲ တင်ပါးနဲ့ ထိုင်ခုံနဲ့ ထိနေတဲ့သဘောလေးဆီကို စိတ်ကိုပို့လိုက်ပြီး "ထိုင်တယ်၊ ထိုင်တယ်" လို့သတိကပ်ပြီး ရှုမှတ်နေရပါတယ်၊ ကော်ဖီခွက်ကိုင်ရင်လဲ "ကိုင်တယ်၊ ကိုင်တယ်" သောက်ရင်လဲ "သောက်တယ်၊ သောက်တယ်" စသည်ဖြင့် ရုပ်ရဲ့  ပစ္စုပ္ပန်တည့်တည့် အမှုအရာကို ရှုမှတ်ရပါတယ်။
ဒီလိုပါပဲ၊ နာမ်ဖြစ်တဲ့ စိတ်ကကော ဘာဖြစ်နေသလဲဆိုတာ သတိကပ်လိုက်ပါ။ ရာဂဖြစ်နေသလား၊ ဒေါသဖြစ်နေသလား၊ ပီတိဖြစ်နေသလားစသည်ဖြင့် ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ ကိုယ့်ရဲ့စိတ်ကို ရှုမှတ်ရမှာပါ။ဥပမာပဲထားပါတော့ ဂျာနယ်အယ်ဒီတာ တစ်ယောက် ကိုယ့်ရဲ့ပြိုင်ဘက် ဂျာနယ်တစ်စောင်က သူတို့ရဲ့ ကံဥာဏ်ဝီရိယတွေကြောင့် စောင်ရေတွေ တအားထိုးတက်သွားပြီး ကိုယ့်ထက်သာသွားပြီ၊ ကိုယ့်ထက်အောင်မြင်သွားပြီပဲ ဆိုပါတော့၊ ဒီအချိန်မှာ ကိုယ့်ထက်သာရင် ၀င်လာလေ့ရှိတဲ့ မနာလိုတဲ့ ဣဿာ က၀င်လာပြီဆိုပါတော့။ " ငါတော့ ဣဿာ ဖြစ်နေပြီ၊ ဣဿာ ဆိုတာ အကုသိုလ်၊ အကုသိုလ်ဖြစ်ရင် အကုသိုလ်ရဲ့ အကျိုးအပြစ်တွေကိုတော့ ခံရတော့မှာပဲ" စသည်ဖြင့် ဝေဖန်စဉ်းစားသုံးသပ်မနေပါနဲ့၊ ၀ိပဿနာဆိုတာ ဝေဖန်စဉ်းစားသုံးသပ်နေရတဲ့ အရာမဟုတ်ပါဘူး၊ ပစ္စုပ္ပန်တည့်တည့်ဖြစ်နေတဲ့ စိတ်ကိုပဲ ရှုမှတ်ရမှာပါ။

အခုပစ္စုပ္ပန်တည့်တည့်မှာ ဣဿာဖြစ်နေတာဆိုတော့ ဖြစ်နေတဲ့ ဣဿာ စိတ်ကလေးဆီကို သတိကပ်လိုက်ပါ။ ပြီးတော့ " ဣဿာ ဖြစ်တယ် ဣဿာ ဖြစ်တယ်" ဆိုပြီးမှတ်နေလိုက်ပါ။
ခဏကြာတော့ ပျောက်သွားပါလိမ့်မယ်၊ မပျောက်သေးရင်လဲ ဆက်မှတ်ပါ၊ ဒါဟာဝိပဿနာရှုမှတ် တာပါပဲ၊ အဲ့ဒီလိုရှုမှတ်လိုက်နိုင်ပြီ ဆိုရင်ပဲ အမြတ်ဆုံးဘာဝနာကုသိလ်ဖြစ်သွားပါပြီ။ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားတာပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ။ ဒါပေမဲ့ ကိုယ်က သတိရှိပြီး ၀ိပဿနာရှုမှတ်ပစ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ ဥပမာပြောရရင် (ဥပမာက နိမ့်နေမလား မပြောတက်ပါဘူး) ငါးကြင်းဆီနဲ့ ငါးကြင်းကြော်လိုက်တဲ့ သဘောပါ။

အကုသိုလ်ဆိုတာ အဖြစ်သိပ်လွယ်ပါတယ်၊ အဆင်းဘီးတပ်ပေးလိုက်သလိုပါပဲ၊ ကုသိုလ်ကျတော့ အမြင့်ကို ၀န်တစ်ခုလွယ်ပြီး တက်နေရသလိုပါပဲ၊ ဖြစ်ဖို့အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ကိုယ်က အပ္ပမာဒခေါ်တဲ့ သတိတရားရှိဖို့သာ အရေးကြီးပါတယ်။
အကုသိုလ်စိတ်ဖြစ်ပြီဟေ့ ဆိုတာနဲ့ ၀ိပဿနာရှုမှတ်လိုက်ပါ။ ဒါဆိုအကုသိုလ်ကနေ အမြတ်ဆုံးဘာဝနာ ကုသိုလ်ဖြစ်လာပါလိမ့်မည်။

ကိုးကား။ ။
---------------
၁။ ကုသိုလ် မှ အကုသိုလ် သို့ -အလင်းတန်းဂျာနယ် (ရဝေနွယ် (အင်းမ))
၂။ ဣဿာ - မနာလိုခြင်း (ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်))- မဟာစည်ဆရာတော်ဘုရားကြီး၏ (၁၃၃၂-ခုနှစ်၊ ပြာသိုလဆုတ် ဂ-ရက်နေ့)တွင် ဟောတော်မူခဲ့သော သလ္လေခသုတ်တရားတော်ကြီးမှ ကောက်နှုတ်ချက်)
၃။ စိုးသူရ - (စူဠကမ္မ ၀ိဘင်္ဂသုတ်)
၎။ မေတ္တာရှင်ဆရာတော် အရှင်ဇ၀န (အဆိုးဆုံး အဆိပ်တရားတော်)

ငြိမ်းအေးထွန်း (.၆.၂.၂၀၁၄)