Wednesday 5 February 2014

အမှောင်မှ အလင်းသို့



လောကီသဘောအရ ကိုယ့်အတွက်ဘာအကျိုးမှမရှိ နေရင်းထိုင်ရင်း လွယ်လွယ်နဲ့ ဖြစ်ဖြစ်နေတတ်တဲ့ အကုသိုလ်ကတော့ ဣဿာ နဲ့ မစ္ဆရိယဖြစ်ပါတယ်။ ဣဿာဆိုတာက သူတစ်ပါး စည်းစိမ်ကိုမနာလိုတာ ငြူစူတာ မစ္ဆရိယဆိုတာက မိမိစည်းစိမ်ကို ၀န်တိုတာ မပေးလိုတာပါ။ ဣဿာက သူတပါးပစ္စည်းနဲ့ ဆက်စပ်ပြီး မစ္ဆရိယက မိမိရဲ့ ပစ္စည်းနဲ့ဆပ်စပ်နေပါတယ်။ 
သူတစ်ပါးက ရှေးအတိတ်ကုသိုလ်ကံအလျှောက်ရုပ်အဆင်းလှနေတာ ပစ္စည်းဥစ္စာပေါများနေတာ ပညာတက်ဖြစ်နေတာတွေကို တိုက်ရိုက်မြင်တွေ့ရရင် ဖြစ်ဖြစ်၊ တဆင့်စကားနဲ့ကြား၇ရင်ဖြစ်ဖြစ် ၀မ်းမြောက်တဲ့ မုဒိတာစိတ်ဖြစ်ရမည့်အစား "အလကားပါကွာ သူ့အဖေကြောင့် ဖြစ်နေတာပါ" စသည်ဖြင့်ပြန်ပြောပြီး မနာလိုမှု ငြူစူမှုဖြစ်တာပါ။ အထူးသဖြင့် ဣဿာ က သူတစ်ပါးက ကိုယ့်ထက် ကြီးပွားတာ ချမ်းသာတာ ပြည့်စုံတာကို အလိုမရှိဘူး။ ပစ္စည်းဥစ္စာဘက်က ဖြစ်စေ၊ အပေါင်းအသင်း အခြွေအရံဘက်က ဖြစ်စေ၊ အရုပ်အဆင်းဘက်က ဖြစ်စေ၊ အသိအလိမ္မာဘက်က ဖြစ်စေ၊ အတတ်ပညာဘက်က ဖြစ်စေ၊ ကိုယ့်ထက်သာတယ်-ဆိုတာကို အလိုမရှိဘူး။ မမြင်ချင်ဘူး၊ မကြားချင်ဘူး။ အထူးအားဖြင့် ကိုယ့်နဲ့ဘဝတူ လုပ်ငန်းတူ ဂုဏ်ရည်တူလဲ ဖြစ်မယ်၊ ကိုယ်မချစ်တဲ့သူလဲ ဖြစ်မယ်ဆိုရင် အဲဒီလိုလူ ပြည့်စုံကြီးပွားတာကို သာပြီး မနာလိုဖြစ်တတ်တယ်။ လူငယ် လူငယ်ချင်း၊ လူကြီး လူကြီးချင်း၊ ယောကျာ်း ယောကျာ်းချင်း၊ မိန်းမ မိန်းမချင်း၊ ကျောင်းသား ကျောင်းသာချင်း၊ ဆရာ ဆရာချင်း၊ အလုပ်သမား အလုပ်သမားချင်း၊ ရဟန်း ရဟန်းချင်း - ကိုယ့်ထက်သာတယ်ဆိုရင် မနာလို ဖြစ်တတ်တယ်။

မစ္ဆရိယကလဲ မနာလိုတက်တဲ့ ဣဿာသဘော အတိုင်းပါပဲ။ ကိုယ့်ရဲ့နေရာ ရာထူးမျိုးသူတစ်ပါးကို မဖြစ်ထွန်းလိုဘူး ကိုယ့်အမျိုး တပည့် ဆရာတွေနဲ့ သူတစ်ပါးကို မသိကျွမ်းစေလိုဘူး၊ ကိုယ်ရထားတဲ့ ပစ္စည်း ဥစ္စာစည်းစိမ်မျိုး သူတစ်ပါးကိုမရစေလိုဘူး၊ ကိုယ်ရဲ့ ရုပ်အဆင်းအောင်မြင်ကျော်ကြားမှုမျိုး၊ သူတစ်ပါးကို မလှစေလို မအောင်မြင်စေလို မကျော်ကြားစေလိုဘူး၊ ကိုယ်တက်ထားတဲ့ ပညာမျိုး သူတစ်ပါး တက်သွားမှာ မလိုလားဘူး၊ ဒါတွေဟာ မစ္ဆရိယရဲ့  သဘောသရုပ်တွေပါ။ မစ္ဆရိယစိတ်ဝင်လာလျှင် သူတစ်ပါးအား ၀န်တိုစဉ်လဲတက်သလို မကောင်းကြံ မမှန်သောစိတ်ကြောင့် ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်လုပ်ကိုင်တတ်၏။ မိမိ၏ မကောင်းစိတ်ကြောင့် သူတစ်ပါးကို မကောင်းကြံတတ်သလို ထိုစိတ်ကြောင့် မိမိတွင် အကုသိုလ်ဖြစ်၏။ သူယုတ်ဖြစ်၏။ မိမိ၏ မကောင်းကြံ၊ မကောင်းစိတ်ကြောင့် တစ်ပါးသူ အကျိုးပျက်သည်၊ မပျက်သည်ကို မသိသော်လည်း မိမိ၏ အကျိုးက ပျက်သုန်း၏။ ယင်းသမို့ လူကြီးသူမများက “မကောင်းစိတ်ကို မမွေးနဲ့၊ သူတစ်ပါးကို မကောင်းမကြံနဲ့” ဟု မိန့်ဆိုခဲ့သည်ကို မှတ်သားဖူးသည်။ မစ္ဆရိယစိတ်ဆိုတာ အင်မတန် ကြောက်စရာကောင်းတဲ့စိတ်ပဲ၊ ကိုယ့်ဘ၀ကို မီးရို့တဲ့ စိတ်ဆိုရင်လည်း မမှားဘူး။ ပြောရရင်တော့ မစ္ဆရိယ စိတ်ဆိုတာ ၀န်တိုစဉ်းလဲစိတ်ဆိုလည်း မှန်တယ်။ အကောင် အထည်ပြုရ ခက်ပြီး ကြောက်စရာ အင်မတန်ကောင်းတဲ့စိတ်ပဲ ဟု မဟာဆေးဝင်္ပါ ဆရာတော်ဘုရားက မိန့်ကြားခဲ့ဖူး၏။

သေသေချာချာ စိစစ်ကြည့်ရင် သူတစ်ပါးကို မနာလို ဖြစ်တာဟာ ဘာမှ မစားရ မသုံးရဘဲနဲ့ သက်သက် အကုသိုလ် ပွားနေတာပါပဲ။ မနာလို ဖြစ်တယ်-ဆိုရင် စိတ်ထဲမှာ မချမ်းမသာ ဖြစ်သေးတယ်၊ ဒါကြောင့် မနာလိုတဲ့ သဘောဟာ ကိုယ့်ဟာကိုယ် ဆင်းရဲအောင်လုပ်နေတာနဲ့ တူတာပါပဲ။ နောက်ပြီးတော့ "အဲဒီ မနာလိုမှု အကုသိုလ်ကံကြောင့် အပါယ်ငရဲသို့လဲ ကျရောက်တတ်တယ်၊ လူ့ဘဝ ပြန်ရောက်လာရင်လဲ အခြွေအရံ အပေါင်းအဖော်နည်းတဲ့သူ ဖြစ်နေတတ်တယ်" ဆိုတဲ့အကြောင်း စူဠကမ္မဝိဘင်္ဂသုတ်မှာ မြတ်စွာဘုရားက ဟောပြထားပါတယ်။

ဝန်းသို ခန္တီးဆရာ တော်ဘုရားကြီးကလည်း မနာလိုဝန်တိုစိတ်ရှိသူအပေါ် မနာလိုဝန်တိုစိတ်မွေးမည့်အစား ဘဲတွေ ကြက်တွေမွေးပါတဲ့ ဘဲတွေ ကြက်တွေမွေးခြင်းက ဘဲဥ ကြက်ဥ စားရသေးတယ် လားရာမကောင်းမဲ့ဖြစ်ခြင်း အတူတူ မနာလိုဝန်တိုစိတ်မွေးခြင်းက...ဘာမှမစားရဘဲ အပယ်ကိုလား ရမှာပါဟု ဆုံးမထားဖူးပါသည်။ တကယ်လည်း ဒီတရားနှစ်ပါးဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူတစ်ပါးအတွက်လဲ အကျိုးမရှတဲ့ တရားတွေပါ။ ပြီးတော့ သံသရာမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ တရားတွေဖြစ်ပါတယ်။

ဒီတော့ ဒီစိတ်မျိုးတွေ ကိုယ့်ရဲ့သဏ္ဍာန်ထဲမှာရှိနေရင် ဖြစ်ဖြစ်နေလို့ရှိရင် ဘယ်လိုဖြေဖျောက်ရမလဲဆိုတော့ အဲဒီ မနာလိုမှု၏ ဆန့်ကျင်ဘက်ကတော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ - ဆိုတဲ့ ဗြဟ္မစိုရ်တရား ၄-ပါးထဲက မုဒိတာဆိုတဲ့ တရားပါပဲ။ မုဒိတာ-ဆိုတာကတော့ သူတစ်ပါး ကြီးပွားချမ်းသာတာကို အလိုရှိတယ်၊ ကြီးပွားချမ်းသာတာကို မြင်ရ ကြားရ သိရလို့ရှိရင် ကြီးပွားမြဲ ကြီးပွားကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေလို့ နှလုံးသွင်းပြီး ဝမ်းမြောက်တယ်။ အဲဒီ မုဒိတာကတော့ တကယ်ကောင်းတဲ့ တရားဘဲ၊ သူများ ကြီးပွားချမ်းသာတာကို တွေ့ရတာနဲ့ သူက ဝမ်းမြောက်ပြီး ပီတိတွေ ဖြစ်နေတယ်၊ အဲဒီတော့ မုဒိတာဖြစ်တဲ့ လူမှာလဲ ကိုယ်ရော စိတ်ပါ ချမ်းသာနေတယ်၊ အလွန်ကြည်လင် အေးချမ်းတဲ့ တရားဘဲ။ နောက်ပြီးတော့ "သူများကြီးပွားချမ်းသာတာကို ဝမ်းမြောက်ကြည်သာတဲ့ ကောင်းမှုကြောင့် နတ်ရွာသုဂတိလဲ ရောက်နိုင်တယ်၊ လူ့ဘဝ ပြန်ရောက်လာရင်လဲ အခြွေအရံတွေ ပေါများပြီး (မဟေသက္ခ) တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တတ်တယ်" ဆိုတဲ့အကြောင်း စူဠကမ္မဝိဘင်္ဂသုတ်မှာပဲ မြတ်စွာဘုရားက ဟောပြထားပါတယ်။"ယထာလဒ္ဓ သမ္ပတ္တိတော - ရမြဲဖြစ်သော စည်းစိမ်ချမ်းသာမှ၊ မာဝိ ဂစ္ဆန္တု - မကင်းကွာကြဘဲ ချမ်းသာမြဲ ချမ်းသာကြပါစေ"ဆိုတဲ့ နှလုံးသွင်းပွားများပုံကတော့ မုဒိတာကို ပွားပုံပဲ။ သူများတွေက မနာလိုကြမည့်နေရာမှာ ငါတို့ကတော့ ကြည်သာရွှင်ပျ ဝမ်းမြောက်ကြမည်၊ ကိလေသာ ပါးစေတဲ့အကျင့်ကို ကျင့်မည်၊ ဒီလို စိတ်မျိုးကို ဖြစ်စေမည်၊ မနာလိုမှု လမ်းဆိုးကို ဝမ်းမြောက်ကြည်သာ မုဒိတာ လမ်းကောင်းဖြင့် ရှောင်လွှဲမည်၊ မုဒိတာလမ်းကောင်းဖြင့် အဆင့်အတန်း တက်မည်၊ မနာလိုမှု ကိလေသာမီးကို မုဒိတာရေစင်ဖြင့် ငြိမ်းသတ်မည်ဆိုပြီး အမြဲစိတ်နှလုံးထဲ သွင်းထားတက်ဖို့လိုပါတယ်။ .  နောက်ပယ်သတ်နည်းက ကိုယ်က သတိဥာဏ်ယှဉ်ဖို့ပါပဲ၊ ပုထုဇဉ်တွေဆိုတော့ အကုသိုလ် ဖြစ်စရာ အာရုံတွေနဲ့ ကြုံလာရင်ဖြစ်မှာပါပဲ၊ စိတ်မပျက်ပါနဲ့၊ ၀ိပဿနာရှုမှတ်ပြီး ပယ်သတ်လိုက်ပါ။ 

ဒီနေရာမှာ ၀ိပဿနာရှုမှတ်ပုံနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပါရစေ၊ ၀ိပဿနာရှုမှတ်တယ်ဆိုတာ ပစ္စုပ္ပန်ဖြစ်ဆဲ ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်ရတာပါ။ ပစ္စုပ္ပန်တည့်တည့်အချိန်မှာ ကိုယ့်ရဲ့ ရုပ်ဟာဘာဖြစ်နေသလဲ၊ ထိုင်နေသလား၊ သွားနေသလား၊ စားနေသလား၊ထိုင်နေ ရင်လဲ တင်ပါးနဲ့ ထိုင်ခုံနဲ့ ထိနေတဲ့သဘောလေးဆီကို စိတ်ကိုပို့လိုက်ပြီး "ထိုင်တယ်၊ ထိုင်တယ်" လို့သတိကပ်ပြီး ရှုမှတ်နေရပါတယ်၊ ကော်ဖီခွက်ကိုင်ရင်လဲ "ကိုင်တယ်၊ ကိုင်တယ်" သောက်ရင်လဲ "သောက်တယ်၊ သောက်တယ်" စသည်ဖြင့် ရုပ်ရဲ့  ပစ္စုပ္ပန်တည့်တည့် အမှုအရာကို ရှုမှတ်ရပါတယ်။
ဒီလိုပါပဲ၊ နာမ်ဖြစ်တဲ့ စိတ်ကကော ဘာဖြစ်နေသလဲဆိုတာ သတိကပ်လိုက်ပါ။ ရာဂဖြစ်နေသလား၊ ဒေါသဖြစ်နေသလား၊ ပီတိဖြစ်နေသလားစသည်ဖြင့် ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ ကိုယ့်ရဲ့စိတ်ကို ရှုမှတ်ရမှာပါ။ဥပမာပဲထားပါတော့ ဂျာနယ်အယ်ဒီတာ တစ်ယောက် ကိုယ့်ရဲ့ပြိုင်ဘက် ဂျာနယ်တစ်စောင်က သူတို့ရဲ့ ကံဥာဏ်ဝီရိယတွေကြောင့် စောင်ရေတွေ တအားထိုးတက်သွားပြီး ကိုယ့်ထက်သာသွားပြီ၊ ကိုယ့်ထက်အောင်မြင်သွားပြီပဲ ဆိုပါတော့၊ ဒီအချိန်မှာ ကိုယ့်ထက်သာရင် ၀င်လာလေ့ရှိတဲ့ မနာလိုတဲ့ ဣဿာ က၀င်လာပြီဆိုပါတော့။ " ငါတော့ ဣဿာ ဖြစ်နေပြီ၊ ဣဿာ ဆိုတာ အကုသိုလ်၊ အကုသိုလ်ဖြစ်ရင် အကုသိုလ်ရဲ့ အကျိုးအပြစ်တွေကိုတော့ ခံရတော့မှာပဲ" စသည်ဖြင့် ဝေဖန်စဉ်းစားသုံးသပ်မနေပါနဲ့၊ ၀ိပဿနာဆိုတာ ဝေဖန်စဉ်းစားသုံးသပ်နေရတဲ့ အရာမဟုတ်ပါဘူး၊ ပစ္စုပ္ပန်တည့်တည့်ဖြစ်နေတဲ့ စိတ်ကိုပဲ ရှုမှတ်ရမှာပါ။

အခုပစ္စုပ္ပန်တည့်တည့်မှာ ဣဿာဖြစ်နေတာဆိုတော့ ဖြစ်နေတဲ့ ဣဿာ စိတ်ကလေးဆီကို သတိကပ်လိုက်ပါ။ ပြီးတော့ " ဣဿာ ဖြစ်တယ် ဣဿာ ဖြစ်တယ်" ဆိုပြီးမှတ်နေလိုက်ပါ။
ခဏကြာတော့ ပျောက်သွားပါလိမ့်မယ်၊ မပျောက်သေးရင်လဲ ဆက်မှတ်ပါ၊ ဒါဟာဝိပဿနာရှုမှတ် တာပါပဲ၊ အဲ့ဒီလိုရှုမှတ်လိုက်နိုင်ပြီ ဆိုရင်ပဲ အမြတ်ဆုံးဘာဝနာကုသိလ်ဖြစ်သွားပါပြီ။ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားတာပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ။ ဒါပေမဲ့ ကိုယ်က သတိရှိပြီး ၀ိပဿနာရှုမှတ်ပစ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ ဥပမာပြောရရင် (ဥပမာက နိမ့်နေမလား မပြောတက်ပါဘူး) ငါးကြင်းဆီနဲ့ ငါးကြင်းကြော်လိုက်တဲ့ သဘောပါ။

အကုသိုလ်ဆိုတာ အဖြစ်သိပ်လွယ်ပါတယ်၊ အဆင်းဘီးတပ်ပေးလိုက်သလိုပါပဲ၊ ကုသိုလ်ကျတော့ အမြင့်ကို ၀န်တစ်ခုလွယ်ပြီး တက်နေရသလိုပါပဲ၊ ဖြစ်ဖို့အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ကိုယ်က အပ္ပမာဒခေါ်တဲ့ သတိတရားရှိဖို့သာ အရေးကြီးပါတယ်။
အကုသိုလ်စိတ်ဖြစ်ပြီဟေ့ ဆိုတာနဲ့ ၀ိပဿနာရှုမှတ်လိုက်ပါ။ ဒါဆိုအကုသိုလ်ကနေ အမြတ်ဆုံးဘာဝနာ ကုသိုလ်ဖြစ်လာပါလိမ့်မည်။

ကိုးကား။ ။
---------------
၁။ ကုသိုလ် မှ အကုသိုလ် သို့ -အလင်းတန်းဂျာနယ် (ရဝေနွယ် (အင်းမ))
၂။ ဣဿာ - မနာလိုခြင်း (ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်))- မဟာစည်ဆရာတော်ဘုရားကြီး၏ (၁၃၃၂-ခုနှစ်၊ ပြာသိုလဆုတ် ဂ-ရက်နေ့)တွင် ဟောတော်မူခဲ့သော သလ္လေခသုတ်တရားတော်ကြီးမှ ကောက်နှုတ်ချက်)
၃။ စိုးသူရ - (စူဠကမ္မ ၀ိဘင်္ဂသုတ်)
၎။ မေတ္တာရှင်ဆရာတော် အရှင်ဇ၀န (အဆိုးဆုံး အဆိပ်တရားတော်)

ငြိမ်းအေးထွန်း (.၆.၂.၂၀၁၄)

No comments: