Tuesday 11 December 2012

လွတ်မြောက်တဲ့ စိတ်အကြောင်း



စိတ်ကလေး လွတ်သွားဖို့ဆိုတာ လွတ်မြောက်တဲ့စိတ်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး
မရင့်ကျက်သေးရင် ရင့်ကျက်ဖို့အကြောင်းတရားတွေ ကိုယ့်မှာ လိုနေသေးတယ်
အဲဒီအကြောင်းတရားတွေက ဘာတွေလဲဆိုရင်...
    နံပါတ်တစ် ကိုယ့်မှာ လမ်းညွှန်မှု ဂိုက်လိုင်းပေးနိုင်တဲ့ မိတ်ကောင်း၊ ဆွေကောင်းတွေလိုမယ်။
    နံပါတ်နှစ်    ကိုယ့်မှာ ကိုယ်ကျင့်တရား ပြည့်စုံဖို့လိုမယ်။
    ( ဥပမာ-ရဟန်းဆိုရင် ရဟန်းတွေကျင့်ရမည့် ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်တရားတွေလိုမယ်။
    နံပါတ်သုံး    ကထာ (သို့မဟုတ်) စကား (၁၀) မျိုး သူများဆီက ကြားဖို့လိုမယ်။
    ဆွေးနွေးပြောကြားဖို့အတွက် စကားဆိုတာ အင်မတန်မှ ထိရောက်ပါတယ်။
    ဒီစကားတွေကိုသာ နားထောင်ရင် မရင့်ကျက်သေးတဲ့စိတ်က ရင့်ကျက်လာမယ်၊
    မလွတ်မြောက်သေးတဲ့ စိတ်က လွတ်မြောက်လာမယ်။
    ဘာစကားတွေ နားထောင်ရမလဲဆိုတော့...
၁။ အပ္ပိစ္ဆ ကထာ - လောဘဆိုတာ မထားရဘူးဆိုတဲ့ စကားမျိုးတွေ များများနားထောင်ရမယ်။
၂။ သန္တောကထာ - ရှိတာလေးနဲ့ ရောင့်ရဲရမယ်ဆိုတဲ့ စကားမျိုးတွေ များများနားထောင်ရမယ်။
၃။ အသံသဂ္ဂကထာ - ကိလေသာတွေနဲ့  စိတ်နဲ့ မရောနှောရဘူး။
တွယ်တာငြိကပ်မှုတွေနဲ ကင်းကွာလွတ်လပ်အောင်နေရမယ်ဆိုတဲ့
နေနည်းတွေနဲ ပြောပြတဲ့ စကားတွေကို များများ နားထောင်ရမယ်။
ဒီစကားတွေဟာ သိပ်ပြီးတော့ အရေးကြီးတယ်။ မကောင်းတဲ့ဘက်ကို ဖယ်ရှားပြီး၊
 ကောင်းတဲ့ဘက်ကို ကျင့်ကြံပွားများဖို့စိတ်ကို မွေးမြူရမယ်။
အဲဒါတွေကိုမွေးဖို့ တိုက်တွန်းတဲ့စကားတွေကို များများနားထောင်ပေးရမယ်။
ဟုတ်ပါတယ်။ စကားဆိုတာ အင်မတန်မှ တန်ဖိုးရှိပါတယ်။
တရားနာလိုက်လို့ဆိုရင် တရားနာလိုက်လို့ ရတဲ့အသိလေးက ကိုယ့်ကို အများကြီးပြောင်းလဲသွားစေတယ်။
ဒီစကားတွေဆိုတာလဲ မိတ်ကောင်းဆွေကောင်းဆီသွားမှ ဒီလိုစကားမျိုးကြားရမှာ။
 ဒီပြင်လူဆီသွားလို့ ဒီစကားမျိုးကြားရမှာမဟုတ်ဘူး။
ကုန်သည်ပွဲစားဆီသွားရင် အရောင်းအ၀ယ်ကိစ္စပဲကြားမယ်။
သူခိုး ဓားပြ ဆီသွားရင် တိုက်မယ် ခိုက်မယ်ဆိုတဲ့ စကားပဲကြားရမယ်။
သူတော်ကောင်းနဲ့ပေါင်းတဲ့အခါမှ ဒီစကားမျိုး ကြားရမှာပါ။
    ၄။ သီလ ကထာ - ကိုယ်ကျင့်တရားနဲ ပတ်သက်တဲ့ စကားတွေ များများနားထောင်ရမယ်၊
         များများပြောပေးရမယ်။
    ၅။ ပရိဝေက ကထာ - တိတ်ဆိတ် ငြိမ်သက်မှုနှင့် စပ်လျဉ်းသည့် စကားများများနားထောင်ပေးရမယ်။
         လွတ်လွတ်လပ်လပ် ကိုယ်လွတ်စိတ်လွတ် တရားပေါ်မှာသာ စိတ်ညွတ်ပြီးတော့နေတဲ့
         အနေအထားမျိုးကိုရှင်းလင်းပြောကြားတဲ့ စကားတွေကိုသာ နားထောင်ရမယ်။
    ၆။ သမာဓိ ကထာ - စိတ်ဓာတ်တည်ငြိမ်မှုနဲ့ ပတ်သက်တဲ့ စကားတွေများများနားထောင်ရမယ်၊
         များများပြောပေးရမယ်။
    ၇။ ပညာ ကထာ - ပညာနဲ ပတ်သက်တဲ့စကား။
    ၈။ ၀ိမုတ္တိ ကထာ - စိတ်ရဲ့ လွတ်မြောက်မှုနဲ့ ပတ်သက်တဲ့ စကား။
    ၉။ ၀ိမုတ္တိ ညာနဒဿန ကထာ - လွတ်မြောက်ပြီး ရတဲ့ အသိဥာဏ်နဲ့ ပတ်သက်တဲ့ စကား။
    ၁၀။ နောက်တစ်ခုက ကြိုးပမ်းအားထုတ်မှုလိုအပ်တဲ့ ၀ီိရိယနဲ့ ပတ်သက်တဲ့စကားတွေ များများနားထောင်ရမယ်။ များများပြောပေးရမယ်။
အဲဒါကို ကထာ (၁၀) မျိုးလို့ခေါ်တယ်။ အဲဒီစကား (၁၀)မျိုးကိုသာ ကြားနေရရင် မရင့်ကျက်သေးတဲ့စိတ်တွေ ရင့်ကျက်စေတယ်။


မလွတ်မြောက်သေးတဲ့ စိတ်တွေလွတ်မြောက်စေပါတယ်။ ဒါကြောင့် ကထာ (၁၀)မျိုးကို မကြာခဏ နားထောင်ပေးရပါမယ်။
မြတ်စွာဘုရားရှင်က ဒီ(၅)ချက်ဟာ အရေးကြီးတယ်ဟု ဟောကြားခဲ့တယ် ။ အဲဒီအချက်တွေကတော့ -
၁။    ကိုယ့်မှာ မိတ်ကောင်း၊ ဆွေကောင်းတွေရှိရမယ်။
၂။     ကိုယ့်မှာ ကိုယ်ကျင့်သီလရှိရမယ်။
၃။     ကထာ (သို့မဟုတ်) စကား (၁၀) မျိုး နားထောင်ရမယ်။
၎။    လုံးလ၀ိရိယရှိရမယ်။
၅။    အသိပညာရှိရမယ်တို့ ဖြစ်တယ် ။
ကြိုးပမ်းအားထုတ်မှုနဲ့ ပတ်သက်တဲ့ ၀ီရိယပညာတွေ လိုအပ်တယ်။ အကုသိုလ်တွေဖြစ်လာရင် ဖယ်ရှားပစ်ဖို့  ကြိုးပမ်းရမယ်။
ဘာအတွက်ကြိုးပမ်းရမလဲဆိုတော့ ကုသိုလ်တွေမဖြစ်သေးရင် ဖြစ်လာအောင်ကြိုးပမ်းရမယ်။ အဲဒီ ကြိုးပမ်းမှု (၂)မျိုးနဲ ပြည့်စုံရမယ်။


နောက်တစ်ခု လိုအပ်တဲ့အရည်အသွေးက ပညာ။ ဖြစ်တာ ပျက်တာဆိုတဲ့ သင်္ခါရတရားတွေရဲ့ ဖြစ်မှု ပျက်မှုကိုမြင်တဲ့ ပညာ၊
ကိလေသာ အစိုင်အခဲကို ဖောက်ခွဲပစ်နိုင်တဲ့ စွမ်းရည်ထက်မြတ်တဲ့ပညာ၊
ဝိပဿနာ ပညာ၊ မဂ်ပညာ ဆိုတဲ့ ဒီပညာမျိုးတွေနဲ ပြည့်စုံအောင်ကြိုးစားရမယ်။
အဲဒီလိုကြိုးစားမှ လွတ်မြောက်တဲ့ စိတ်ကလေးဟာ ဖြစ်ပေါ်လာတာပါပဲ။
ဒီအရည်အသွေး (၅)မျိုးမှာ အရေးအကြီးဆုံးက ဘာလဲဆိုရင် မိတ်ကောင်း ဆွေကောင်း၊
ကလျာနမိတ္တဆိုတာ ဒီနေရာမှာ ဘုရားအဖြစ်ထိတောင် ရည်ညွန်းထားတယ်။
သာမန်မိတ်ဆွေ မဟုတ်ဘူး။ တရားဓမ္မကို ညွှန်ကြားပြသနိုင်တဲ့
ကလျာန မိတ်ကောင်း ဆွေကောင်းတွေ ရှိလာရင် သီလပြည့်စုံဖို့ အခြေအနေရလာတယ်။
သီလပြည့်စုံဖို့ အခြေအနေတစ်ခုဖြစ်လာမယ်။ ကထာ (၁၀)မျိုးကို နားထောင်ဖို့လည်း အခြေအနေတစ်ခုဖြစ်လာနိုင်တယ်။
ကြိုးပမ်းအားထုတ်မှု ၀ီရိယရှိမှုဆိုတဲ့ အခြေအနေတွေလည်း ဖြစ်လာမယ်။
အသိပညာတိုးတက်လာဖို့ အခြေအနေတွေဆိုတာ ဖြစ်လာနိုင်တယ်။
အရေးကြီးဆုံး နံပါတ်တစ်က ကလျာန မိတ္တကိုပဲ ပြောတာပါ။ အင်အားကောင်းတဲ့ အကြောင်းတရားတွေပါပဲ။
အဲဒီအကြောင်းတရားတွေကနေ သယ်ဆောင်လိုက်တာ အကြောင်းတရားတွေ အဆင့်ဆင့် အဆင့်ဆင့်ဖြစ်သွားတယ်။
ဒါဖြင့် စိတ်ကလေးက ဒီလောက်နဲ လွတ်မြောက်ပြီလားဆိုတော့ မလွတ်မြောက်သေးပါဘူး။
ဒီအခြေအနေ (၅)မျိုးပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ ဘာလုပ်ရမလဲဆိုတော့
လွတ်မြောက်အောင် ကြိုးစားရမယ်။ လွတ်မြောက်အောင်ကြိုစားဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။
 လွတ်မြောက်အောင်ကြိုးစားဖို့ဆိုတော့ ဘာတွေကလွတ်မြောက်အောင် ကြိုစားရမလဲဆိုတော့
အရေးကြီးဆုံးက လောဘက လွတ်မြောက်ဖို့၊ ဒေါသက လွတ်မြောက်ဖို့၊ မမှန်ကန်တဲ့ အတွေးတွေကနေ လွတ်မြောက်ဖို့၊
မှားယွင်းနေတဲ့ အထင်အမြင်တွေက လွတ်မြောက်ဖို့ပါပဲ။
အဲဒါတွေက လွတ်မြောက်မှ စိတ်ကလေးဟာ တကယ်လွတ်မြောက်တဲ့စိတ် ဖြစ်မှာပါ။
ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီအရည်အသွေး (၅)ခုပေါ်မှာရပ်တည်ပြီးတော့ အခုပြောမဲ့ တရား (၄)မျိုးကိုပွားပါတဲ့။ ဒါကိုဆက်ပြီးတော့လုပ်ပါတဲ့။ အဲဒါမှ မင်းဟာ ရဟန္တာဖြစ်နိုင်မယ်တဲ့။
ဘာတွေဆက်လုပ်ရမလဲ ဆိုရင်.. တဏှာလောဘကို ဖယ်ရှားပစ်ချင်လို့ဆိုရင် အသုဘ ကမ္မဌာန်းပွားပေးရမယ်။
အသုဘဆိုတာ မစင်မကြယ် မတင့်မတယ် ရွံစဖွယ်တွေကို တွေးတောပေးရမယ်။
အပေါ်ယံလေးကြည့်ရင် လူတွေဟာ တဏှာရာဂစိတ်ပေါ်လာလို့ဆိုရင် စိတ်ထဲမှာ လှတယ်လို့ထင်တယ်။
အဲဒီလိုလှတယ်လို့ထင်လို့ လောဘစိတ်ဖြစ်လာလို့ဆိုရင် အတွင်းသားကိုကြည့်ပါ။
ခန္ဒာကိုယ်ကြီးရဲ့ သဘာဝ မစင်ကြယ်တာတွေကို ကြည့်ပါ။ သုတ္တန် တစ်ခုမှာ ဟောထားတယ်။
ခန္ဒာကိုယ်ကြီးကို  အတွင်းနှင့် အပြင် လဲထားလိုက်ရင် တုတ်နဲ့  ကျီးတွေမောင်းနေရမှာတဲ့။
အပေါ်ယံအရေပါးလေး ဖုံးထားလို့ ဟုတ်သလိုထင်နေတာတဲ့။
အဲဒီအရေပါးလေးပေါ်မှာ လှတဲ့အ၀တ်ကလေးတွေနဲဆင်ထားရင် လှတာကြောင့် မျက်စိလည်နေကြတာတဲ့။
ဟုတ်တာပေါ့..မနက် အိပ်ယာထတာနဲ တပြိုင်နက် ခန္ဓာကိုယ်ရဲ့အညစ်အကြေးသုတ်သင်ရတာ နံပါတ် (၁)ပဲလေ။
မွှေးကြိုင်နေလို့ဆိုရင် စုထားကြမှာပေါ့။ မမွှေးကြိုင်လို့ စွန့်ပစ်နေကြရတာပဲ။
ခန္ဓာကိုယ်ထဲကထွက်တာ မွှေးကြိုင်တာတို့ တင့်တယ်တာတို့ တစ်ခုမှ မရှိဘူး။ အကုန်ပစ်နေရတာပဲ။
အဲဒီတော့ အဲဒါတွေကို စဉ်းစားတွေးခေါ်လိုက်လို့ဆိုရင်
လောဘဆိုတာ ဖြစ်လာစရာ၊ ရာဂဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူး။
ဒါကြောင့်မို့ ခုနက အခြေအနေ ၅ မျိုးပေါ်မှာသာ ရပ်တည်ပြီးတဲ့အခါမှာ
တဏှာရာဂကို အားနည်းသွားအောင် သို့မဟုတ် တဏှာရာဂတွေကို
ဖယ်ရှားပစ်ဖို့အတွက် အသုဘကို အားထုတ်ပါ။ မတင့်တယ်တဲ့သဘောတွေကို ဆင်ခြင်ပေးပါ။
ဆင်ခြင်တာဟာ ဓမ္မအားထုတ်မှုပါပဲ။ တပလ္လင်ခွေကြီးထိုင်နေမှ မဟုတ်ပါဘူး။
ကိုယ်ခန္ဓာမှာ တစ်ခုမှ သိမ်းထားချင်စရာမရှိဘူး။
ဆံပင်ဆိုလည်း ခေါင်းပေါ်မှာနေတဲ့အခါသာ ဟုတ်တုတ်တုတ်ရှိနေတာ။ လှအောင်ပြင်ကြတယ်။ ဆေးဆိုးကြတယ်။
အဲဒီဆံပင်မျှင်လေး တစ်မျှင်သာ ထမင်းထဲကျလို့ဆိုရင် ရွံကြတယ်။ လူများလည်း အံ့သြစရာတော့ကောင်းတယ်။
ဒီဆံပင်ပါပဲ။ ခေါင်းပေါ်နေရင် အကောင်းသား။ နေရာရွေ့သွားတာနဲ့တစ်ပြိုင်နက် မလိုချင်ကြတော့ဘူး။
ကိုယ်ရဲ့ပါးစပ်ထဲမှာ တံတွေးတွေရှိတယ်။ အပြင်မထွက်သေးသမျှတော့ အကောင်းပဲ။ မျိုချနေကြတာ။
အပြင်ထွက်တာနဲတစ်ပြိုင်နက် ရွံကြတာပဲ။ အဲဒီလိုပဲ အားလုံးဟာ အပြင်မထွက်သေးရင် အကောင်းပဲ။
အပြင်ရောက်သွားတာနဲ ရွံကြတယ်။ ဒါကို ဆင်ခြင်တွေးတောရင် အသုဘလို့ ပြောတာပါ။
အဲဒီတော့ အသုဘကို ဆင်ခြင်စဉ်းစားခြင်းဖြင့် ခန္ဓာကိုယ်ပေါ်မှာ
တွယ်တာတပ်မက်တက်တဲ့ တဏှာကို ဖယ်ရှားပစ်ရမယ်။
အဲဒါဖယ်ရှားပစ်နိုင်မှ လောဘက လွတ်နိုင်မယ်။ လွတ်မှ လွတ်မြောက်တဲ့စိတ်ဆိုတာ ရမှာပါ။
ဒီနေရာမှာ မြတ်စွာဘုရားဟောထားတာက ရာဂကိုဖယ်ရှားရန်အတွက် အသုဘကမ္မဌာန်းကို ပွါးပါ။
ရွံစဖွယ်ဆိုတဲ့ အနေအထားတွေ မြင်အောင် စိတ်ထဲမှာ ဖြစ်ပေါ်လာအောင်၊
တိုးပွါးလာအောင် ကြိုးစားကျင့်ကြံအားထုတ်ပါ။
မဖြစ်သေးရင် ဖြစ်အောင်လုပ်တာ ဘာဝနာလို့ခေါ်တယ်။
ဖြစ်လာပြီးတဲ့နောက် တိုးလာအောင် အရှိန်ရလာအောင် ကြိုးစားတာ ဘာဝနာပါ။
ဘာဝနာဆိုတာ ဖြစ်စေ၊ တိုးပွါးစေ ဒီနှစ်ခုကိုပြောတာပါ။
အသုဘပွါးသည့်အတွက်ကြောင့် ရာဂဆိုတာကိုဖယ်ရှားလိုက်နိုင်သည့်အတွက်
ရာဂကတော့လွတ်မြောက်ပါပြီ၊ စိတ်ထဲမှာ အလိုမကျတာမျိုးတွေ ပေါ်လာရင် ဒေါသက တစ်စထောင်လာလိမ့်မယ်။
ဒေါသကိုဖယ်ရှားပစ်နိုင်ရန်အတွက် မေတ္တာပွားလိုက်ပါ။ ကမ္မဌာန်းပေးနေတာ။
အသုဘ ကမ္မဌာန်းကလွတ်ဖို့အတွက် လောကက လွတ်ဖို့အတွက်၊
ဒေါသကလွတ်ဖို့အတွက် မေတ္တာကမ္မဌာန်း အားထုတ်လိုက်ပါ။ မေတ္တာစိတ်တွေ များများမွေးပါ။
ကမ္မဌာန်းအားထုတ်တယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ မေတ္တာတွေ များများပွါးပေးတာကိုပြောတာပါ။
ဒါနဲ့ တင် ရပ်ချင်ရပ်သွားမယ်။ ရပ်မသွားဘူးဆိုရင် ဘာတွေလာမလဲဆိုတော့ အတွေးတွေလာမယ်။
လူတွေမှာ အတွေးတွေ မထိန်းနိုင်ကြဘူး။
တစ်ယောက်တည်းနေလည်း တွေးနေတာပဲ။
အမြဲတမ်းတွေးနေတာ။ အတွေးထဲမှာ မကောင်းတဲ့အတွေးက (၃)မျိုး၊ ကောင်းတဲ့အတွေးက (၃)မျိုး ။
မကောင်းတဲ့အတွေးဆိုတာ ဘာကြောင့်မကောင်းတာလဲဆိုရင် အသိဥာဏ်ရဖို့အတွက်
အဟန့်အတား အနှောက်အယှက်ဖြစ်လို့ မကောင်းဘူးလို့ပြောတာ။
ဒေါသနဲ့တွေးတဲ့အတွေးက မကောင်းဘူး။ မှားယွင်းတဲ့အတွေး။
ညှဉ်းဆဲဖို့ သတ်ဖြတ်ဖို့ တွေးတဲ့အတွေးတွေက မကောင်းဘူး။
အဲဒီမကောင်းတဲ့အတွေးတွေ ဖယ်ရှားပစ်ချင်ရင် ဘာလုပ်ရမလဲဆိုရင် ထွက်လေ၊ ၀င်လေရှုပါ။
ထွက်လေ၊ ၀င်လေပေါ်မှာ သတိစိုက်ထားပါ။ ထွက်လေ၊ ၀င်လေကို
ပုံမှန်ရှုပြီးတော့ ထွက်သွားတဲ့လေလေး ၀င်လာတဲ့လေလေးကို ရှုပါ ။
လူက ၂၄ နာရီအသက်ရှုနေတာဆိုတော့ အဲဒီလေပေါ်မှာ ထွက်လေ၊ ၀င်လေ လေးပေါ်မှာ အာရုံစိုက်ထားရင်
ကျန်တဲ့ အတွေးတွေ ရပ်ဆိုင်ပစ်လို့ရတယ်။ အဲဒီအတွေးတွေ
ရပ်ဆိုင်းပစ်လိုက်ရင် လောဘနဲ့ ပတ်သက်တဲ့ အတွေးလည်း မတွေးတော့ဘူး။
ဒေါသနဲ့ ပတ်သက်တဲ့ အတွေးလည်း မတွေးတော့ဘူး။
မှားယွင်းတဲ့အတွေးတွေပါ လုံးဝကင်းရှင်းသွားမယ်။ ဒီလောက်နဲ့ မပြီးသေးပါဘူး။
အတွေးတွေ ရပ်ဆိုင်းသွားပြီးရင် အထင်အမြင်တွေက ရှိနေတတ်သေးတယ်။
ဘာလဲဆိုတော့ အဲဒီအတွေးတွေကို ရပ်ဆိုင်းပစ်နိုင်တဲ့ ဒီသတိတို့
ပညာတို့ ၀ီရိယတို့ကိုပဲ ကိုယ့်စိတ်ထဲမှာ ထာဝရရှိနေတယ်လို့
ထင်နေတဲ့ အထင်အမြင်မျိုး ပေါ်လာတတ်သေးတယ်။
ဒါကြောင့်မို့ ငါဆိုတဲ့ မာန်မာန၊ ငါဖြစ်တယ်ဆိုတဲ့ မာန်မာနကို ဖယ်ရှားပစ်ဖို့ ရန်အတွက် မေတ္တာများများပွားလိုက်ပါ။
ငါဆိုတဲ့အတွေးတွေ ပျောက်ဖို့အတွက် လူဆိုတာ ကိုယ့်မှာမာနဆိုတာ ရှိနေတက်တယ်။
ကိုယ့်မာနလေးကို လာထိရင် သူတောင်းစားတောင် မာနလေးက ပေါ်သေးတာပဲ။
သာမာန်လူမပြောနဲ့  သူတောင်းစားတောင် မာနရှိတယ်။ သူတောင်းစားကိုပိုက်ဆံပေးပြီး ခိုင်းကြည့်ပါ။
ခိုင်းလို့မရဘူး။ သူက သူတောင်းစားတဲ့။ လုပ်စရာမလိုဘူး။
ဘယ်မှာတောင်းစားစားရတယ်။ သူ့ကိုတံမြတ်စည်း လဲခိုင်းလို့ လဲမယ်မထင်နဲ့ ။
သူ့မှာ သူတောင်းစားမာန ရှိတယ်။ မာနဆိုတာ သူ့ဘာသူရှိတာ။
အဲဒီမာနကို ဖယ်ချပစ်ဖို့ရာအတွက် ဘာလုပ်ရမလဲဆိုတော့ ဘယ်အရာမှ မမြဲဘူး၊
ထာဝရပြောင်းလဲနေတယ်ဆိုတဲ့ အတွေးကိုတွေးဖို့ အထင်အမြင်တွေကို
ရအောင် ပွါးရမယ်။ မာနတရားကို ဖယ်ရှားလိုက်နိုင်ပြီဆိုရင် ကိုယ့်လုပ်တိုင်းမဖြစ်ဘူးဆိုတာ သိလာလိမ့်မယ်။
မမြဲဘူးဆိုတာ သိလာလို့ဆိုရင် ကိုယ့်အလိုကျ ဘာမှမဖြစ်ဘူးဆိုတာ သိလာလိမ့်မယ်။
လူတွေက ကိုယ်လုပ်ရင် ဖြစ်တယ်လို့ ထင်နေတာ။ အဲဒါ မာနကထင်နေတာ။
တကယ်တော့ ဘာမှမမြဲပါဘူး ထာဝရပြောင်းလဲနေတာပါ။
ထာဝရပြောင်းလဲနေတဲ့အရာတစ်ခုဟာ ကိုယ့်အလိုကျပြောင်းလဲချင်လို့မရဘူး။
အနတ္တ ငါလုပ်လို့မဘူး သူဘာသူပြောင်းလဲနေတာပဲဆိုတဲ့ အနတ္တအတွေးမျိုး
တွေးတက်ရမယ်။အနတ္တ၀င်လာလို့ဆိုရင် ငါဆိုတဲ့မာနကို ဖယ်ရှားပစ်လာနိုင်ပါလိမ့်မယ်တဲ့။
အနတ္တ၀င်လာလို့ဆိုရင် ငါဆိုတဲ့ အထင်အမြင်ပျောက်သွားလိမ့်မယ်။
ငါဆိုတဲ့အထင်မမြင် ပျောက်သွားရုံးတင်မကဘူး မျက်မှောက်ဘ၀မှာပဲ စိတ်ဓာတ်လေးဟာ ငြိမ်းချမ်းသွားလိမ့်မယ်။
စိတ်ကလေးဟာ လုံးဝအနှောင်အဖွဲ့တွေ သံယောစဉ်ကြိုးတွေကနေ
လုံးဝလွတ်သွားလိမ့်မယ်လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်။
စိတ်ကလေးဟာ ငြိမ်ကျပြီးတော့ နှောင်ကြိုးတွေအားလုံး
ပြုတ်ထွက်သွားပြီးတော့ လုံးဝလွတ်တဲ့စိတ်တွေဟာ အဲဒီကျမှ ဖြစ်လာမှာပါ။
ရာဂကိုလည်း ဖယ်ရှားလိုက်နိုင်ပြီ။ ဒေါသကိုလည်း ဖယ်ရှားလိုက်နိုင်ပြီ။
မာနကိုလည်း အတွေးတွေကိုလည်း ဖယ်ရှားပစ်လိုက်နိုင်ပြီဆိုရင်
မှားယွင်းတဲ့အထင်အမြင်တွေကိုလည်း ဖယ်ရှားပစ်လိုက်နိုင်ပြီ။
အထင်အမြင်တွေကိုလည်း ဖယ်ရှားပစ်လိုက်တဲ့အတွက်ကြောင့် မာနလည်း လုံးဝမရှိတော့ပါဘူး။
မာနလည်းပဲ လုံးဝအကြွင်းအကျန် မရှိတော့ဘူးဆိုရင် စိတ်ကလေးဟာ
နှောင်ကြိုးတွေကနေလုံးဝလွတ်လာတဲ့ စိတ်အဆင့်ကိုရောက်လာပါမည်။
အဲဒီကျမှ လွတ်မြောက်တယ်ဆိုတာ ခေါ်လို့ရပါတယ်။ တစ်ယောက်တည်းနေတာပါ
လွတ်လွတ်လပ်လပ်နေတာပါဆိုတာနဲ့ လွတ်တာဟာ ဟုတ်သလား။ မဟုတ်ပါဘူး။
စိတ်ဟာ အနှောင်အဖွဲ့ကြီးထဲမှာရောက်နေတာ။ စိတ်ဟာ နှောင်ကြိုးတွေနဲ
တွယ်ခံနေရတဲ့အတွက်ကြောင့် ကိုယ့်စိတ်လေးဟာ လွတ်တယ်လို့ ထင်နေပေမဲ့
လွတ်မြောက်မှုမရှိဘူး။ အဲဒါကြောင့် မြတ်စွာဘုရားက ဒီတရားငါးမျိုးပေါ်မှာအခြေစိုက်ပြီးတော့
အခုပြောတဲ့ အသုဘကိုပွားပါ။ မေတ္တာကိုပွားပါ။ ရာဂပယ်ဖို့ အသုဘကိုပွားပါ။
ဒေါသကိုပယ်ဖို့ မေတ္တာကိုပွားပါ။ အတွေးတွေကို ဖယ်ရှားပစ်ဖို့အတွက် အာနာပါနနုဿတိကို ပွားပါတဲ့။
မာနကိုဖယ်ချဖို့အတွက် အနစ္စသင်္ညာကိုပွားပါ။ အနစ္စသင်္ညာကိုပွားလိုက်ရင် အနတ္တသင်္ညာဝင်လာပါလိမ့်မယ်။
အနတ္တ သင်္ညာဝင်လာရင် ငါဆိုတဲ့ မာန်မာနတွေ ကျသွားပါလိမ့်မယ်။
ငါဆိုတဲ့ မာန်မာနတွေ ကျသွားပြီဆိုတာနဲ့ တစ်ပြိုင်နက် ဒီကြိုးတွေအားလုံးပြုတ်ထွက်သွားမယ်။
ဘာမှ မရှိတော့ပါဘူး။ ကြိုးတွေအားလုံးပြုတ်ထွက်သွားပြီးတော့ စိတ်ကလေးဟာ လွင့်ထွက်လာပါလိမ့်မယ်။
အနှောင်အဖွဲ့ကနေ လွတ်လာတဲ့စိတ်ဟာ စိတ်ရဲ့လွတ်မြောက်မှုဆိုတဲ့ အဆင့်ကိုရောက်လာပါတယ်။
ဒါဟာ ဗုဒ္ဓမြတ်စွာဘုရားဟောထားတဲ့ စိတ်ရဲ့ အဆင့်မြင့်ဆုံးစိတ်၏ လွတ်မြောက်ခြင်းပါပဲ။
နောက်ဆုံးဒီအဆင့်ထိရောက်အောင် ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။
လွတ်မြောက်မှုဆိုတဲ့စိတ်ကိုရဖို့အတွက် -
၁။ မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာကောင်း၊ သမားကောင်းတွေ ရှာရမယ်။
၂။  မိတ်ကောင်း၊ ဆွေကောင်း၊ဆရာကောင်း၊ သမားကောင်းတွေကိုအကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလမြဲရမယ်။
၃။  တရားဓမ္မနာယူရမယ်။ ကထာ(သို့) စကား (၁၀) မျိုး မကြာခဏနာရမယ်။
     ပျော်စရာစကားတွေနားထောင်ဖို့မဟုတ်ပါဘူး။
     တကယ့်သံဝေဂရဖို့အတွက် လေးနက်တဲ့ တရားတွေနာဖို့လိုပါတယ်။
၎။ လုံးလ၀ီရိရရှိရမယ်။
၅။ အသိပညာရှိရမယ်။
အဲဒီအခြေအနေ (၅)မျိုးသာ ရှိလာခဲ့ပြီဆိုရင် စိတ်ကလေးလွတ်မြောက်လာမယ်။
လောဘကလွတ်ဖို့အတွက် အသုဘကိုပွားပါတဲ့။ ဒေါသကလွတ်ဖို့အတွက် မေတ္တာကိုပွားပါတဲ့။
အတွေးတွေက လွတ်မြောက်ဖို့အတွက် အာနာပါနနုဿတ္တိကိုပွားပါတဲ့။
ငါဆိုတဲ့မာနကို ဖယ်ရှားဖို့အတွက် အနစ္စသင်္ညာကိုပွားပါတဲ့။ ပွားလိုက်ရင် အနတ္တ သင်္ညာဝင်လာမယ်။
အနတ္တ သင်္ညာဝင်လာရင် ငါဆိုတဲ့ မာန်မာနတွေ ကျသွားပါလိမ့်မယ်တဲ့။
အဲဒီအခြေအနေမှာ လုံးဝလွတ်မြောက်တဲ့စိတ်ရဲ့အခြေအနေတစ်ခုအထိ ပိုင်ဆိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်ဗုဒ္ဓမြတ်စွာရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ လုံးဝလွတ်မြောက်တဲ့စိတ်ကိုရရှိအောင်
ကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေ ဂုဏ်သော်... သာဓု..သာဓု..သာဓု ပါဘုရား။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "လွတ်မြောက်တဲ့ စိတ်အကြောင်း" တရားတော်...မှ ကောက်နှုတ်ချက်




တရားကိုပေးလှူခြင်းသည် အမြတ်ဆုံးအလှူဖြစ်သည်။
တရားအရသာသည် အမွန်မြတ်ဆုံး အရသာ ဖြစ်သည်။
တရားနှင့် မွေ့လျော်ခြင်းသည် အကောင်းဆုံး မွေ့လျော်ခြင်းဖြစ်သည်။
တရားကိုသိပြီး လက်တွေ့ကျင့်သုံးခြင်းဖြင့်
အမြတ်ဆုံး ချမ်းသာကို ရယူနိုင်ကြပါစေ။
နားထောင်ပြီးမှ စာရိုက်ထားခြင်းဖြစ်ပါသဖြင့် စာလုံးပေါင်းမှားလျှင် သီးခံပြီးဖတ်ရှု့ပါရှင် :)

♣☺☺မေတ္တာဖြန်း၍ လန်းဆန်းကြပါစေ☺☺♣ 
မိုးတိမ်လွင်ပြင်မှ ကူးယူပူဇော်ပါသည်..

No comments: