Wednesday, 18 May 2011

ဒေါသဖြေဖျောက်နည်း





ဒေါသသည် မိမိတစ်ဦးချင်းအတွက် လည်းကောင်း၊ မိမိ မိသားစုအတွက်လည်းကောင်း မိမိရပ်ရွှာအတွက်လည်းကောင်း၊ မိမိမြို့နယ်အတွက်လည်းကောင်း၊ မိမိတိုင်းပြည်အတွက်လည်းကောင်း၊ အလွန်တရာကြီးမားသော အန္တရာယ်ဖြစ်သည်။

ဒေါသကြောင့် မိမိအကျိုးဆုတ်ယုတ်ရသည်။ ဒေါသကြောင့် မိမိ၏ မိသားစုမဖြစ်တန်တာ ဖြစ်ရသည်။ ဒေါသကြောင့် ချစ်သူခင်သူ ဆုံးရှုံးသွားရတက်သည်။ ဒေါသကြောင့် မိမိရပ်ရွှာနှင့် မိမိမြို့နယ် ပျက်သုန်းသွားရသည်။ ဒေါသကြောင့် ကမ္ဘာကြီး ဟုန်းဟုန်းတောက်ရသည်။ ဒေါသသည် မည်မျှကြီးမားသော အန္တရာယ်ဖြစ်သနည်း။ ထို့ကြောင့် ဘာသာတရား အားလုံးက ဒေါသကိုပယ်ရန် ဆုံးမသြ၀ါဒပေးထားကြခြင်းဖြစ်သည်။

ဒေါသသည် လူတို့၏ သဘာဝအရဖြစ်ပေါ်လာသော စိတ်၏အခြေအနေ၊ စိတ်၏လှုပ်ရှားမှုဖြစ်သည်။ ဒေါသဖြစ်ပေါ်လာလျှင် လူတို့၏ စိတ်အခြေအနေသည် ပုံမှန် မဟုတ်တော့ဘဲ ပြောင်းလဲလာသည်။ သွေးခုန်နှုန်းမြန်လာသည်။ မျက်နှာတင်းမာလာသည်၊ မျက်နှာနီလာသည်။ မျက်လုံးနီလာသည်။ ဒေါသစိတ်ကြွတက်လာသည် ဖြစ်၍ ကိုယ်ခန္ဓာရှိ အခြားခံစားမှုများ အားပျော့သွားသည်။ အကောင်းအဆိုး စဉ်းစားဆင်ခြင်ဥာဏ် ပျက်စီးသွားသည် လူတစ်ဦးတစ်ယောက်ကို ချောက်တွန်းလိုလျှင်၊ ဒုစရိုက်အလုပ် တစ်ခုခုကို ပြုလုပ်စေလိုလျှင် ဒေါသကိုဆွပေးပါ။ အိပ်ပျော်နေသော ဒေါသကိုနိုးလာအောင်လုပ်ပေးပါ။ ထိုပုဂ္ဂိုလ်သည် အကောင်းအဆိုးစဉ်းစားဥာဏ်ပျောက်သွားလျှင် ချောက်ထဲထိုးဆင်းသွားမည့် အလုပ်ကိုလုပ်လိမ့်မည်။

ဒေါသကို နှိုးဆွသော အရာတစ်ခုမှာ အရက်သေစာဖြစ်သည်။ အရက်သေစာ အတိုင်းထက် အလွန်သောက်လျှင် ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ဒေါသဘီလူး ဘွားခနဲပေါ်လာလိမ့်မည်။ အချို့ပုဂ္ဂိုလ်များမှာ မဆိုသလောက် သေရည်သေရက်သောက်ရုံမျှနှင့် ဒေါသ အရိပ်အယောင်ပေါ်လာသည်။ သွေးဆိုးလာသည်။ သေရည်သေရက် အရှုးအမှုးသောက်ပြီးနောက် ဒေါသဘီလူး၊ ဒေါသ သရဲအပူးခံရသောအခါ သူတစ်ပါးကို သာမက မိမိ မိသားစုကိုပါ ရန်လုပ်သည်ဒ အရက်မှုးပြီး ဒေါသမုန်တိုင်း တိုက်ခတ်လာသည့်အတွက် မိမိ၏ မိသားစု၌ပင် မဖြစ်တန်တာ ဖြစ်ရသည်။ ဒေါသဖြစ်ပေါ်လာသည့်အတွက် စဉ်းစားဥာဏ် ဆိတ်သုန်းသွားပြီး မဖြစ်တန်တာ ဖြစ်ရခြင်း ဖြစ်သည်။ ယင်းသို့အားဖြင့် ဒေါသသည် အိမ်ထောင်မိသားစု သာယာချမ်းမြေ့ မှုကို ဖျက်ဆီးပစ်သော အဓိက အကြောင်းတစ်ရပ်လည်းဖြစ်သည်။

ဒေါသကို မည်သို့တားမ်ြမည် နည်း။ သတိလက်လွတ်မဖြစ်လျှင် ဒေါသကိုတက်နိုင်သမျှ ထိန်းချုပ်၍ ရသည်။ ဒေါသအပူမီးကို ငြိမ်းအေးသွားစေသော အရာတစ်ခုမှာ ဆင်ခြင်စဉ်းစားဥာဏ်ဖြစ်သည်။ အခြေအနေအရပ်ရပ်ကို ဆင်ခြင် စဉ်းစားဥာဏ်ဖြင့် ဝေဖန်သုံးသပ်ကြည့်ဖို့ လိုအပ်သည်။ အကောင်းအဆိုး ဆင်ခြင် စဉ်းစားဥာဏ် လက်လွတ်သွားသည်နှင့် တစ်ပြိုင်နက် ဒေါသ ခေါင်းထောင်ထလိမ့်မည်။

ဒေါသသည် တစ်စုံတစ်ယောက်၏ ကိုယ်၊ နှုတ်၊ နှလုံး အားလုံးအတွက် ကြီးမားသော

အန္တရာယ် ဖြစ်သည်။ ဒေါသထွက်လာလျှင် ဒေါသနှင့် ယှဉ်သော စကားလုံးများ ထွက်လာလိမ့်မည်။ သူတစ်ပါးအား ထိခိုက်စေမည့် ဆဲဆိုကြိမ်းမောင်းခြင်းများကို ပြုလုပ်လာပေလိမ့်မည်။ စိတ်နှလုံးကို ပုံမှန် အနေအထားမှ ဖောက်လွဲဖောက်ပြန် ပြောင်းလဲလာအောင် ပြုလုပ်ပေလိမ့်မည်။ စိတ်နှလုံးကို ဖြူစင်နေရာမှ မည်းနက်အောင်လုပ်ပေလိမ့်မည်။ စိတ်နှလုံးကို ကြည်လင်နေရာမှ နောက်ကျူလာအောင်လုပ်လိမ့်မည်။ ကိုယ်ခန္ဓာလည်း ဒေါသကြောင့် ထိခိုက်လာနိုင်သည်။

ဒေါသအဖြစ်များသည် အခါခပ်သိမ်း တင်းမာမှုများ ရှိနေသည်။ စိတ်နှလုံးနှင့်ပတ်သက်သော ရောဂါဝေဒနာမျိုး နှင့် အခြားဝေဒနာများ ဖြစ်ပေါ်လာတက်သည်။

ဆယ်မိနစ် ဒေါသထွက်ခြင်းသည် တစ်နေ့လုံး ပင်ပန်းသည့် အလုပ်ကို လုပ်ခြင်းထက် လူ၏အင်အားကို ကုန်ခမ်းသွားစေနိုင်သည်ဟုပင် ပြောဆိုကြသည်။ နံနက်ချိန်က စပြီး ညအချိန်အထိ အလုပ်လုပ်ခြင်းသည် တစ်နာရီ ဒေါသထွက်ခြင်းလောက် မပင်ပန်းပေ။ ဒေါသထွက်နေချိန်၌ ပြောဆိုနေသော စကားများနှင့် ပြုလုပ်သော အပြုအမှုများသည် ဒေါသ ပြေပောက်သွားပြီး ဆင်ခြင်စဉ်းစားလိုက်သောအခါ မှားသော စကားများ၊ မှားသောအပြုအမှုများ ဖြစ်သည်ဟူ၍ တွေးမိပြီး နောက်တကြီးစွယ ရတက်ကြသည်။

တရားဘာဝနာ ပွားများ အားထုတ်သူများ၏ အဓိက ရည်ရွှယ်ချက်မှာ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော စိတ်ဖောက်ပြန်မှုများ၊ သို့မဟုတ် ကိလေသာ တရားများကို ပယ်သတ်ရန်ဖြစ်သည်။ တရားဘာဝနာ ပွားများ အားထုတ်၍ တရားအမြင်ရပြီး ယင်းစိတ်ဖောက်ပြန်မှုများ သို့မဟဟုတ် ကိလေသာတရားများ လျော့ပါးသွားကြသည်များလည်းရှိသည်။ သို့သော်လည်း တရားဘာဝနာ ပွားများအားထုတ်

ကြသော်လည်း အချို့  ပုဂ္ဂိုလ်များမှာ ယင်းစိတ်ဖောက်ပြန်မှုများ၊ သို့မဟုတ် ကိလေသာ တရားများ လျော့မသွားရုံ သာမက ပိုပြီး ခေါင်းထောင်ထလာသည်ကို တွေ့ရသည်။ ထိုပုဂ္ဂိုလ်များသည် သူများ ယောင်၍ ယောင်ကြသော်လည်း၊ သူများတရားထိုင်၍ ထိုင်ကြသော်လည်း တရားအမြင်မှန် မရရှိသူများဖြစ်သည်။

ဒေါသ ပြေပျောက်အောင် ပြုလုပ်ရန်အတွက် သူတော်စင် ပုဂ္ဂိုလ်အချို့ ညွှန်ကြားပြောပြထားသော နည်းလမ်းတစ်ခုရှိသည်။ ယင်းနည်းလမ်းမှာ လွယ်ကူမှုရှိပြီး၊ အထိုက်အလျှောက် ဒေါသပြေပျောက် သွားနိုင်စရာလည်းရှိသည်။ အကယ်၍ ဒေါသထွက်လာသည် ဆိုလျှင် ဒေါသနှင့် ယှဉ်သော စကားကို မပြောမီ၊ ဒေါသနှင့် ယှဉ်သောအလုပ်ကို မလုပ်မီ တစ်၊ နှစ်၊သုံး၊ လေး..စသည်ဖြင့် တစ်ဆယ်ထိအောင်ရေတွက်နေရမည်။ အကယ်၍ ပေါ်လာသော ဒေါသသည်အတိုင်းအတာ ကြီးမားနေသည် ဆိုလျှင် တစ်ရာအထိ ရေတွက်နေရမည်။ ယင်းအချိန်အတောအတွင်း သူ့ အလိုလို ဒေါသမီး ငြိမ်းအေးသွားလိမ့်မည်။

ဒေါသထွက်တက်သူအတွက် အကောင်းဆုံးနည်းလမ်းမှာ ဒေါသထွက်စဉ် ခဏ၌လက်ကလွတ်သွားသော သတိကို ပြန်ဆွဲခေါ်ယူခြင်း ဖြစ်သည်။ ပျောက်ကွယ်သွားသော အကောင်းအဆိုးစဉ်းစားဥာဏ် ပြန်ပေါ်အောင် လုပ်ခြင်းဖြစ်သည်။ အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ခန္တီတရား လက်ကိုင်ထားခြင်းဖြစ်သည်။ ဒေါသကို ခန္တီဖြင့် တိုက်ဖျက်ပစ်ရမည်။ သူတစ်ပါးအပေါ် မလိုမုန်းထား ဒေါသပွားနေခြင်းကို သသည်းခံစိတ်ဖြင့် ငြိမ်းအေးသွားအောင် ပြုလုပ်ရမည်။ မည်းနက်ညစ်ညမ်းနေသော ဒေါသကို ခန္တီဆပ်ပြာဖြင့် ဆေးကြောပစ်ရမည်။ ခန္တီတရား လက်ကိုင်ထားနိုင်လျှင် ရန်သူကိုဖြစ်စေ အနိုင်ရရှိလာပေမည်။



ဆရာပါရဂူ

လယ်ယာစီးပွား

၈.၁၂.၂၀၀၀

Thursday, 14 April 2011

သင်္ကြန်တရားတော် - ရွှေဥမင်ဆရာတော်ဘုရားကြီး

ကူးပြောင်းတာကို ‘သင်္ကြန်’ ခေါ်တာ။

‘သင်္ကန္တ’ ပေါ့။

သင်္ကန္တ သဒ္ဒါကို ဗမာက ‘သင်္ကြန်’လို့ သုံးလိုက်တာ။ အများ နားလည်တာ။

ကလေးတွေကတော့ သင်္ကြန်ဆိုတာ ရေပက်တာလို့ သူတို့ နားလည်တယ်။

သင်္ကြန်အစစ်ကတော့ ကူးပြောင်းတာ။

နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာ။

ခန္ဓာသင်္ကြန်နှင့် အတွင်းသန့်ရှင်းရေး

လူကလည်း ရုပ်ဟောင်းတွေ ချုပ်ငြိမ်းပြီးတော့ ရုပ်သစ်ကို ကူးပြောင်းတာ တဲ့။

ရုပ်ဟောင်းကနေ ရုပ်သစ် ကူးပြောင်းတယ် ဆိုပေမယ့် ခု ဒီမှာကတော့ ကူးပြောင်းတယ်လို့ မဟုတ်ဘူးနော်။

အဟောင်းပျက်လို့ အသစ်ဆက်တာ။

သူ့အကြောင်းနဲ့သူ မကင်းတာဘဲ ရှိတယ်။

အဲဒီတော့ နှစ်သစ်ကူးရင် သန့်ရှင်းရမယ်နော်။

သန့်ရှင်းအောင် လုပ်ရမယ်။

သန့်သန့်ရှင်းရှင်းနဲ့ နှစ်သစ်ကူးရတယ်။

ခေါင်းလျှော်ရ, အဝတ်လျှော်ရတယ်။

ဒါပေမယ့် အဲဒီ ချေးတွေ ညှော်တွေ သန့်ရှင်းသွားတာနဲ့ ကျန်းမာရေးတော့ ရတာပေါ့လေ။

ထားပါတော့။ နည်းနည်းတော့ ရတာပေါ့။

ဒါက လိုရင်းမဟုတ်ဘူးနဲ့ တူတယ်။

ဒါက အပြင်သန့်ရှင်းရေး။

အတွင်းသန့်ရှင်းရေးက လိုသေးတယ်။

နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြ လုပ်ကြတယ် မဟုတ်လား။

စိတ်ကိုကော ဖြူစင်အောင် လျှော်ကြ ဖွပ်ကြရဲ့လား။

စိတ်သန့်ရှင်းဖို့က လူသန့်ရှင်းဖို့ထက် အရေးကြီးတယ်နော်။

ကိလေသာအညစ်အကြေးတွေကို အမြဲလျှော်ဖွပ်နေမှ သန့်ရှင်း ဖြူစင်မယ်။

ကိလေသာဆိုတာ လောဘ, ဒေါသ, မောဟတွေပဲ။

လောဘနဲ့ စားတယ်။ လောဘနဲ့ သွားတယ်။ လောဘနဲ့ နေတယ်။

ဒေါသမှာလည်း ဒီလိုပဲ။ ဒေါသဖြစ်ရင် ပူပန်ဆင်းရဲတာပဲ။

ဒေါသမဖြစ်အောင် စောင့်ထိန်းဖို့ဟာ ဒေါသဖြစ်ရင် ဖြစ်မှန်း သိရမှာပဲ။

သွားတာ လာတာ စားတာ သောက်တာ နေတာ ထိုင်တာ အားလုံးမှာ အသိနဲ့ သတိ ကပ်ထားရမယ်။

အသိနဲ့ သတိ တစ်ထပ်တည်း ကျဖို့ လိုတယ်။

လိုရင်းချုပ်လိုက်တော့ သတိပဋ္ဌာန်ပဲ။

ခု သင်္ကြန်ကာလအတွင်း ဥပုသ်သီတင်း စောင့်သုံးကြတာ၊ ကိုယ်တွေ နှုတ်တွေ သန့်ရှင်းရေးလုပ်တာ၊ ကမ္မဋ္ဌာန်းဘာဝနာ ပွားများတာ စိတ်သန့်ရှင်းဖို့ အသိဉာဏ်သန့်ရှင်းဖို့ လုပ်ကြတာ။

အဲဒီ သန့်ရှင်းရေးတွေ လုပ်ထားတဲ့လူကတော့ အတွင်းရော အပြင်ရော သန့်ရှင်းပြီး ကောင်းသော နှစ်သစ်ကူးခြင်းပေါ့။

ဒီပြင် လောဘ ဒေါသ မောဟတွေ ထူပြောနေတာတော့ မကောင်းသော နှစ်သစ်ကူးခြင်း ဖြစ်မှာပေါ့။

ဘုန်းကြီးတို့ ပရိသတ်ကတော့ ကောင်းသော နှစ်သစ်ကူးခြင်းဖြစ်အောင် လုပ်ရမယ်။

ခန္ဓာသင်္ကြန်လည်း မကျသေးဘူး။ လုပ်ကြဦး။

ရှေးက ပြောကြသလို “ခါးတောင်းကျိုက် မဖြုတ်ကြနဲ့အုံး” ဆိုတာမျိုးပေါ့။

ကုသိုလ်တွေ လက်မမြှောက်နဲ့အုံး။

ဒီပုံစံအတိုင်းပဲ သင်္ကြန်ရက်မှာ လုပ်ကြသလို ဆက်လုပ်ကြဦး။

လုပ်ကြဦးဆိုတော့ ဒီပြင် မဟုတ်ပါဘူး။

ငါးပါးသီလနဲ့ ကိုယ်လုပ်နေကြ ကမ္မဋ္ဌာန်းဘာဝနာအလုပ်ကို လုပ်ကြဦးလို့ ဆိုလိုတာပါ။

အဲဒီတော့ ခန္ဓာသင်္ကြန် ဘယ်တော့မှ တက်မလဲဆိုတာ တွက်ဦးမှ။

ခန္ဓာသင်္ကြန်ကတော့ ခန္ဓာရှိနေသရွေ့ သင်္ကြန်ကျနေမှာပဲ။

သင်္ကြန်ဆိုတာ အသစ်အဟောင်း ပြောင်းလဲတာဆိုသဖြင့် ရုပ်နာမ်အသစ်တွေ အသစ်အသစ် ထပ်ဖြစ်နေတာ။

မီးခိုးမဆုံး မိုးမဆုံးပဲ။

ဒီက အကြောင်းမကင်းသေးဘူး။

အကျိုး ရုပ်နာမ်တွေ ထပ်ဖြစ်နေတာတဲ့။

မသိမှု အဝိဇ္ဇာနဲ့ တဏှာလောဘ အကြောင်းခံပြီးတော့ မသိလို့ လိုချင်၊

လိုချင်တော့ လုပ်၊

လုပ်တော့ ရ၊

ရတော့ ဒုက္ခ၊

ဒုက္ခသစ္စာ ရုပ်နာမ် ခန္ဓာရ။

အဲဒီတော့ သိရင် မလိုချင်၊

မလိုချင်တော့ မလုပ်တော့ဘူး။

မလုပ်ရင် မရတော့ဘူးပေါ့။

ဒုက္ခတွေ မလိုချင်လို့ ဒုက္ခမလုပ်တာပေါ့။

ဒုက္ခသာ မလုပ်တာ၊ တခြား လုပ်သင့်လုပ်ထိုက်တာတွေတော့ သူ လုပ်တာပေါ့။

အကြောင်းသိမ်းရင် အကျိုးငြိမ်း၊ လောင်စာသိမ်းရင် မီးငြိမ်း

အကြောင်းသမုဒယဆိုတဲ့ လောင်စာသိမ်းလိုက်ရင် ရုပ်နာမ် ခန္ဓာဆိုတဲ့ အကျိုးဒုက္ခ ငြိမ်းသွားမှာပဲ။

အဲဒီ ဘဝသစ် ရုပ်နာမ်ခန္ဓာ၊ ခန္ဓာဇာတ်သိမ်း ငြိမ်းရင် သင်္ကြန်တက်ပြီ၊ ခန္ဓာသင်္ကြန် တက်ပြီ။

အဲဒီအချိန်မှ အနားယူကြပေါ့။

နိဗ္ဗာန်ခရီး နီးအောင် လုပ်

အခုကတော့ “တို့ ဆက်ပြီး လုပ်ရဦးမှာပဲ”လို့ သဘောပေါက်။

နားနေလို့ မဖြစ်သေးဘူး။

‘ဤခရီး နီးသလား?’ဆိုတာနော်။

ဘယ်ခရီးလဲ?

‘မရဏခရီးပါ ဘုရား’

အင်း ... ပြောရမှာတောင် အားနာစရာနော်။ နိဗ္ဗာန်ခရီးပဲ လုပ်ပါတော့။ နိဗ္ဗာန်ခရီး နီးအောင် လုပ်။ ဟုတ်လား။

အဲဒါနဲ့(မရဏခရီးနဲ့) ပြောင်းပြန်ပဲ။

ဟိုက ‘မတ’ သေတာ။

ဒီက ‘အ,မတ’ မသေတာ။

မသေတဲ့ခရီး နီးမှ ဖြစ်မယ်နော်။

အခုပြောတဲ့ ပုံစံအတိုင်း သွားမယ်ဆိုရင် မသေတဲ့ခရီးဟာ နီးသွားမှာပါ။

တစ်လှမ်းထက် တစ်လှမ်း၊ တစ်အာရုံထက် တစ်အာရုံ၊ တစ်သိထက် တစ်သိ နီးသွားရမယ်။

အဲဒီလို တွက်ရမှာပါ။

တော်လောက်ပြီလို့ စိတ်မချနဲ့အုံး။

ခေါင်းဆောင်ကြီးတွေ ခဏခဏ သတိပေးနေတာ။

သူတို့ကိစ္စနဲ့တော့ သူတို့ပေါ့လေ။ ခါးတောင်းကျိုက် မဖြုတ်နဲ့အုံးဆိုတာ။

ဝိပဿနာတိုက်စစ်မှူးအတွက် ဘုရားရဲ့ တပ်လှန့်သံ

ဘုရားကလည်း “အပ္ပမာဒေန သမ္ပာဒေထ” ဆိုတဲ့ စကားနဲ့ တပ်လှန့်နေတာပဲ။

ဘုရားက တပ်လှန့်နေတာ။

ရန်သူက အချိန်မရွေး ဝင်နေတာ။ ရန်သူ။

ကိုယ်က ခံစစ်တင် မဟုတ်ဘူး။ တိုက်စစ်ပါ လုပ်ရမယ်။

သီလလောက် ခံစစ်နဲ့ မရသေးဘူး။

ဝိပဿနာတိုက်စစ်မှူးဖြစ်အောင် လုပ်ရမှာ။

ဘယ်မှ သွားတိုက်ရမှာ မဟုတ်ဘူး။

လောဘ ဒေါသ ရန်သူကို တိုက်ရမှာ။

ကိုယ့်ခန္ဓာ ကိုယ်တိုက်ရမှာ။

မိုးကုတ်ဆရာတော်ကြီး အမိန့်ရှိသလို “ငါသေရင် ဆွမ်းမသွတ်နဲ့”လို့ ကိုယ့်ကိုယ်ကို မှာနိုင်လောက်အောင်အထိ တိုက်စစ်ဆင်ရမှာ။

‘လိုသလောက် မရလည်း၊ လုပ်သလောက်တော့ ရတယ်’နော်။

မလျှော့ဘဲ လုပ်ရမှာပဲ။

သာဓု ... သာဓု ... သာဓုပါ ဘုရား။

+++++

ညီညီနိုင် ပူဇော်သော “ရွှေဥမင်ဆရာတော်ဘုရားကြီး၏ သြဝါဒတရားတော်များ” မှ

Sunday, 20 February 2011

အမှန်တရားအတွက် ....

ခွပ် ………….ခွပ်………….ခွပ်…..ခွပ်ခွပ်……ခွပ်ခွပ်ခွပ်

မြင်းခွာသံများ တောင်ဘက်တောတန်းလေးကနေထွက်လာချေပြီ…….

မြောက် ဘက်ဒေသသို့ ခရီးသွားမဲ့လူငယ်လေးတစ်ဦးဖြစ်ဟန်တူပါသည်။

မြင်းပေါ်တွင် နက်ပြာရောင် ၀တ်စုံကိုဝတ်ဆင်လျက် ဟန်ပန်အပြည့်နဲ့ ခရီးဆက်နေစဉ်……..ရုတ်တရပ် ဆူညံသံများကိုကြားလိုက်မိသည်….အသံလာရာသုံးသပ်ကြည့်တော့

ရှေ့ မှာရှိတဲ့ လမ်းဘေးမှာတည်ထားတဲ့စားသောက်ဆိုင်လေးကဖြစ်မည် ထင်ပါသည်..။

မိမိလည်း မနက်ခတည်းက ခရီးဆက်လာသဖြင့် ပင်ပန်းလို့နေတော့

တထောက်နားဖို့ စဉ်းစားမိသည်။

ဆိုင်မှာနားရင်း မြင်းကိုလည်း အစာကျွေးဖို့အတွက် လိုအပ်သည်မို့ ဆိုင်အတွင်းသို့ ဦးတည်၍

လှမ်းလာမိလိုက်သည်..။

ဆိုင်တွင်းထဲမှ အိုးခွက် သံ စားသံသောက်သံ စကားပြောသံတို့သည်လည်း

ဆိုင်နားရောက်လေ ပိုပိုနီးနီး၍လာလေပြီ….မကြာမီဆိုင်အ၀နား သို့ရောက်လေတော့သည်။

ဆိုင်အတွင်းသို့ ၀င်ရန်အတွက် မြင်းပေါ်ကဆင်းလိုက်စဉ် …..မြောက်ဘက်အရပ်မှလည်း

အနီရောင် ၀တ်စုံနဲ့ မိမိလိုဘဲ လူငယ်တစ်ယောက်ဆင်းလာသည်ကိုမြင်လိုက်ရသည်..သူလည်းငါတို့တောင်ဘက် အရပ်ဒေသကို ခရီးသွားဖို့ထင်တယ်ဟု သုံးသပ်မိသည်။

ဆိုင်အတွင်းသို့ ၀င်ရန် လမ်း (၃)သွယ် ရှိသည် တောင်ဘက်လမ်း အလယ်လမ်း မြောက်ဘက်လမ်း ဆိုပီးရှိသည်။ တောင်ဘက်အရပ်က လာတဲ့လူငယ်လေးကတော့

တောင်ဘက်လမ်းကနေလှမ်းဝင်လိုက်သည်…မြောက်ဘက်ကလာတဲ့သူကလည်း မြောက်ဘက်ဝင်လမ်းကနေ ၀င်လိုက်သည်။

ဆိုင်က အနီးရောက်လေ ပိုပြီးကြီးမားလေဖြစ်သည်..ထူးခြားသည်က ဆိုင်နာမည်ကိုမရေးထား

ဆိုင်ပိုင်ရှင်က ပညာရှိသည်လား…ဆိုင်းဘုတ်အပ်ခ မတက်နိုင်သည်လားတော့မသိ..

ဘာဆိုင်ညာဆိုင်ရယ်လို့ရေးထားသည်မရှိ….ဒါပေမဲ့ လမ်း (၃)လမ်းဆုံရာမှာတော့

ခြသေ့င်္ရုပ်တုကြီးကို ထားထားလေသည်…..မကြာမှီ မြင်းကိုဆွဲပြီးလမ်းလျှောက်လာရာ

ရုပ်တုကြီးနားကို အသီးသီးရောက်ကြလေသည်။

“ မြောက်ဘက်က လာတဲ့မိတ်ဆွေ ဒီဆိုင်ကိုရောက်ဖူးလားဗျ “

တောင်ဘက်က နက်ပြာရောင် ၀တ်စုံနဲ့လုလင်လေးကမေးလိုက်သည်..

“ ဟင်အင့် မရောက်ဘူးဖူး သူငယ်ချင်းကော ရောက်ဖူးလား “

တဘက်က အနီရောင်ဝတ်စုံနဲ့လုလင်ကလည်းပြန်မေးလိုက်၏..။

တောင်ဘက် လုလင်က ခေါင်းကိုခါပြပြီး စဉ်းစားဟန်ပြုသည်..ကြည့်ရတာ စာပေမတက်တခေါက် လေ့လာထားသည်နှင့်တူသည်….ပြီးတော့ ၀င့်ကြွားစွာပြောလိုက်သည်..။

“ ကျွုန်ုလည်း ရောက်တော့မရောက်ဘူးဖူးဗျ……ဒါပေမဲ့ ဆိုင်နာမည်လည်းမရှိနော် ခြသေ့င်္ရုပ်ကိုကြည့်တာနဲ့ ဆိုင်နာမည်ခန့်မှန်းလို့ရပါတယ်….. ရွှေခြသေ့င်္ စားသောက်ဆိုင်ဘဲဖြစ်ရမယ် “

……တဖက်မှ လည်း ရယ်မောသံသဲ့သဲ့နဲ့အတူ..

“ သူငယ်ချင်းတော့ လုပ်ပြီ ရွှေခြသေ့င်္ စားသောက်ဆိုင်မဟုတ်ပါဘူးဗျ……

ငွေခြင်္သေ့ စားသောက်ဆိုင်ပါ သေချာလည်းကြည့်ပါအုံး အဟ “

တောင်ဘက်က နက်ပြာရောင် ၀တ်စုံနဲ့လုလင်လေးဒေါသထွက်စ ပြုလေပြီ

“ ဘာကွ သေချာကြည့် အဲဒါရွှေခြသေ့င်္စားသောက်ဆိုင်က အမှန်ဖြစ်မှာကွ “

သူ့မာနကိုထိပါးလေဟန်မို့ ပြန်အော်လိုက်သည်..။

“ ဟား ဟား သူငယ်ချင်း အမှန်ကို မြင်စမ်းပါကွာ ငွေခြင်္သ့ဆိုင်မှ ငွေခြသေ့င်္

ဆိုင်အစစ်ပါကွ “

သူသာအမှန်ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ပြန်ပြောလိုက်သည်.။

တောင်ဘက်က လူငယ်က သူ့မာနကိုထိလေပြီမို့ ကျော၌ လွယ်ထားသော ဓားရှည်ကို

ဆွဲထုတ်လိုက်သည်

“ ရွှန်း… ကျုပ်ခန့်မှန်းတာ မှားခဲတယ်ဗျ ဒီတော့ ခင်ဗျားနဲ့ကျွန်တော် တိုက်ခိုက်ကြမယ်ဗျာ

နိုင်တဲ့သူက မှန်ကြေး ကဲဘယ့်နှယ်လဲ ရောင်းရင်း “

တဖက်ကလည်း လူငယ်ခြေတက်တွေမို့

ဆက်ဆက်ထိမခံ….ပြန်ပြော၏။

“အိုကေလေ အနိုင်အရှုံးအတွက်ဆိုရင် အသက်ကိုပင်စွံ့ဖို့ ၀န်မလေးသူပါဗျ ကြာတယ် လာပြီဗျာ သေဖို့သာပြင်တော့ ” ဆိုပြီး

မြင်းပေါ်က ဓားရှည်ကို ဆွဲထုတ်ပြီး တောင်ဘက်က လူငယ်ကို စတင်တိုက်ခိုက်လိုက်သည်……..။ နှစ်ယောက်စလုံးက သိုင်းအစွမ်းထက်ကြသည်မို့

အပြိုင်အဆိုင်ပင် သူသေ ကိုယ်သေ အဆင့်ထိပင်တိုက်ခိုက်နေကြသည်။ ဆိုင်အတွင်းမှ လူတစ်ချို့လည်း တိုက်ခိုက်သံကြားသဖြင့် ထွက်လာကြလေပြီ…..ထိုစဉ် အဖြူရောင်ဝတ်စုံနဲ့

သက်တော်ကြီးရင့်ပြီဖြစ်သည့် သိုင်းသမားတစ်ယောက် ဆိုင်ကနေ ခုန်ထွက်လာပီး…..သူသေကိုယ်သေ တိုက်နေသော လူငယ်လေးနှစ်ဦးကို ၀င်ရောက်ဟန့်တားလိုက်၏ …

“ စားတာ သောက်တာတောင် ကောင်းကောင်းမစားလာဘူး လာရန်ဖြစ်နေကြတယ် သေပေတော့ဟု ကြွေးကြော်လျှက် “

မည်သို့မည်ပုံလုပ်လိုက်သည်မသိ လူငယ်နှစ်ယောက် တိုက်ခိုက်မှုရပ်သွားကြသည်…..

ပြီးတော့ “ ရပ်လိုက် ဟုဆိုသော လူကြီးထံ မျက်လုံးများက ဦးတည်သွားကြသည် ။

ထိုအချိန်မှာ လူကြီးကမေးလိုက်သည်……

“ What are we doing here မင်းတို့ဘာလုပ်နေလဲဒီမှာ “

လူလင် ၂ ယောက်ကလည်း အားကျမခံ အရင်ကတိုင်ပင်ထားသည့်အလား ပြိုင်တူပြန်ဖြေသည်..

“ We fight for truth ကျွန်တော်တို့ အမှန်တရားအတွက်တိုက်ခိုက်နေတာ “ တဲ့

လှလိုက်တဲ့စာသားလေး… အမှန်တရားအတွက်တိုက်ခိုက်ခြင်းတဲ့။

အဖိုးကြီးက …ဘယ်လိုအမှန်တရားတုန်းဆိုတာကို သိချင်ရှာတော့ ထပ်မေးကြည့်လိုက်တယ်

လူငယ်လေးတွေကလည်း သူတို့ထင်မြင်တဲ့စားသောက်ဆိုင်ဖြစ်တဲ့ ရွှေခြင်္သေ့ နဲ့ ငွေခြင်္သေ့ အကြောင်းကိုပြောပြတယ်…။

လူငယ် (၂) ယောက်ထံမှ စကားဆုံးတော့ အဖိုးကြီးက သူတို့နှစ်ယောက်ကို အလယ်လမ်းမှာရပ်ခိုင်းပြီး ရုပ်တုကိုကြည့်ခိုင်းလိုက်တယ်……။

ပြီးတော့ စကားတစ်ခွန်းပြောလိုက်တယ်……

“ တကယ်တော့ ရွှေခြင်္သ့လို့ဆိုတာလည်း ဟုတ်တယ် ငွေခြင်္သေ့လို့ဆိုတာလည်းဟုတ်တယ်

ဘာကြောင့်လဲဆိုတော့ ရုပ်တုကို ဆေးသုတ်ရာမှာ ၂ ခြမ်းခွဲပီးသုတ်ထားတယ်…တောင်ဖက်က ရွှေရောင် မြောက်ဖက်ကငွေရောင်ပေါ့……….”

ဒီတော့မှ (၂)ယောက်သားလည်း သူတို့ရဲ့အမြင်မှားမှန်းသိသွားတယ်………အဖိုးကြီးကဆက်ပြောလိုက်တယ်


“ လောကမှာ မိမိသာ အမှန်ဟု တဖက်သတ် ကောက်ချက်မချပါနဲ့

တခြားသူရဲ့ ထင်မြင်ချက်ကိုလည်း သုံးသပ်ပေးသင့်တယ်…..ဒါမှအမှန်ကိုမြင်နိုင်တဲ့သူဖြစ်တော့မပေါ့ဆိုပြီး “

လူငယ် (၂)ယောက်ကို ပခုံးဖက်လျှက် စားသောက်ဆိုင်ကြီးထဲသို့ ၀င်သွားကြပါလေတော့သည်။။။။။။။။။။။။။

ဇာတ်လမ်းလေးကတော့ပီးပါဘီ အဆုံးသတ်ပြောချင်တာကတော့ မိမိအမြင်တစ်ခုတည်းနဲ့ မလုပ်ဆောင်ဘဲ တခြားသူရဲ့ လိုအပ်ချက် တင်ပြချက်ကိုလည်း ကြည့်မြင်ပေးသင့်ပါတယ်….ငါမှငါဆိုတဲ့ အတ္တစွဲကို ခဏဖယ်လျှက် တဖက်သားရဲ့ထင်မြင်ချက်နဲ့ ပေါင်းစပ်ရှုမြင်ပြီး အမှန်ကို မြင်နိုင်မှာပါ ဒါမှ ငါဆိုတဲ့မာန ပြီးတော့ ရန်ငြိုးဖွဲမှုများကင်းစင်ပီး တဦးနဲ့တဦးနားလည်ပေးနိုင်ကာ အေးချမ်းသော ဘ၀ မှန်ကန်သောအမြင်တို့ရရှိပါလိမ့်မယ်.။ ဘုရားရှင် လမ်းညွှန်တော်မူတဲ့ မဂ္ဂင် ရှစ်ပါး မှ

သမ္မာဒိဋ္ဌိ- ကောင်းစွာ သိမြင်မှုဆိုတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ကြပါစေလို့

တိုက်တွန်းအားပေးရင်း………။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အဆုံးအမ တစ်ခုမှ )

အာကာမိုးတိမ်

Thursday, 13 January 2011

ဓမ္မပူဇာတေးများ

ရောင်တော်ဖွင့်


http://www.blogger.com/img/blank.gif
ရောင်တော်ဖွင့်(စိန်ပါတီ)ဘာသာရေး တေးကို ဦးရွှေတိုင်ညွှန့် မှရေးစပ်ပူဇော်ထားခြင်းဖြစ်ပါတယ်..။

ဇေယျတု သဗ္ဗမင်္ဂလာ



၂၄ ပစ္စည်း

ဇေယျတု သဗ္ဗမင်္ဂလံ = မင်္ဂလာအပေါင်းနဲ့ အစဉ်အလာကောင်းကြပါစေ....။


ဇေယျတု = အောင်မြင်ကြောင်း မင်္ဂလာစကား (မင်္ဂလာရှိစေရန် ပထမဆုံး ဆိုသည့်စကား၊ အောင်စေသတည်းဟု အဓိပ္ပါယ်ရသည်)။ပထမဆုံး ဆိုသည့်စကား၊ အောင်စေသတည်းဟု အဓိပ္ပာယ်ရသည်။
သဗ္ဗ = အလုံးစုံ။ အကုန်။
မင်္ဂလံ = မင်္ဂလာ။ အလိုပြည့်ခြင်း။ အောင်မြင်ခြင်း။ ကြီးပွားခြင်း။ ပြည့်စုံခြင်း။

လမ်းကြောင်း ရွှေးချယ်စို့

  • Know this, that ev’ry body is free
  • To choose his life and what he’ll be;


ဒီအချက်ကို နားလည်ပါ။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ရွေးချယ်ဖို့၊ ကိုယ် ဘယ်လိုလူ ဖြစ်မယ်ဆိုတာကို ရွေးချယ်ဖို့ လွတ်လပ်မှု ရှိပါတယ်။

choose ဆိုတဲ့ စကားလုံးကို သေသေချာချာ မှတ်ထားပါ။

I have the freedom to be who I want to be. I am not going to give that freedom away.

ငါဖြစ်ချင်တဲ့သူ ဖြစ်လာဖို့ ငါ့မှာ လွတ်လပ်မှု ရှိတယ်။ အဲဒီ လွတ်လပ်မှုကို ငါဘယ်တော့မှ မပေးလိုက်ဘူး။

ကိုယ့်ကို သူများပုံသွင်းတာကို လက်ခံတဲ့ သူဟာ ဒီလွတ်လပ်မှုကို လက်လွတ်ဆုံးရှုံး ခံလိုက်သူပဲ။ ဒီ လွတ်လပ်မှုမျိုး ရှိတယ်လို့တောင် မတွေးမိကြ ပါဘူး။ ကိုယ် ဘယ်လိုလူ ဖြစ်ချင်လဲ ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ လွတ်လပ်တဲ့သူ ဖြစ်ချင်တယ်လို့ ပြောတဲ့သူ သိပ် နည်းပါးတယ်။

ကလေးတွေကို မိဘတွေက မေးတတ်တယ်။ သားကြီးလာရင် ဘာလုပ်မလဲ… လို့ မေးတတ်တယ်။ ဆရာဝန် လုပ်မယ်။ အင်ဂျင်နီယာ လုပ်မယ်လို့ ဖြေရင် မိဘတွေက သိပ် သဘော ကျတတ်တယ်။ ဘာလုပ်မလဲလို့ မေးတတ်တယ်။ ဘာဖြစ်ချင် သလဲ လို့တော့ မေးလေ့ မရှိဘူး။ ဒီမေးခွန်း နှစ်ခုဟာ အတူတူပဲလို့ ထင်ချင် ထင်မယ်။ ဒါပေမယ့် တကယ်တော့ ဒီမေးခွန်း နှစ်ခုဟာ လုံးဝ မတူပါဘူး။

ဘာဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းက ဘယ်လို အလုပ်မျိုးကို လုပ်ချင်သလဲလို့ မေးတာ။ အလုပ်ကို လူနဲ့ ထပ်တူပြု တတ်တယ်။ ခင်ဗျား ဘာလုပ်သလဲလို့ မေးရင်- ဆရာဝန် လုပ်တယ်၊ အင်ဂျင်နီယာ လုပ်တယ်၊ ကျောင်းဆရာ လုပ်တယ်၊ ကုန်သည် လုပ်တယ်… စသည်ဖြင့် ဖြေကြမယ်။ ခင်ဗျား ဘယ်လိုလူလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို ကျောင်းဆရာလဲ… လို့ မေးရင်ကော ဘယ်လို ဖြေမလဲ။ ခင်ဗျား ဘယ်လို မြို့နယ် အရာရှိလဲ… လို့ မေးရင် ဘယ်လို ဖြေမလဲ။ ဘယ်လို တရားသူကြီး မျိုးလဲ… လို့ မေးရင်ကော။

မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးဖို့ လိုတယ်။ အဖြေကိုလည်း စဉ်းစဉ်းစားစား ဖြေဖို့ လိုတယ်။

ဘယ်လိုလူလဲ ဆိုတဲ့ မေးခွန်းအတွက် ဖြေနိုင်တဲ့ အဖြေက… ကျွန်တော်က ကိုယ့်အား ကိုယ်ကိုးတဲ့သူ၊ ကျွန်တော်က လွတ်လွတ်လပ်လပ် နေတဲ့သူ၊ ကျွန်တော်က ရိုးရိုးသားသား လုပ်ကိုင် စားသောက်တဲ့သူ၊ ကျွန်တော်က ကျောင်းသူ ကျောင်းသား တွေကို တကယ် ပညာတတ်တွေ ဖြစ်လာအောင် စေတနာ အပြည့်နဲ့ သင်ပေးနေတဲ့ သူပါ၊ ကျွန်တော်က တရား မျှတမှုကို လိုလားတဲ့ မြို့နယ် အရာရှိပါ၊ ကျွန်တော်က တရား ဥပဒေကို တကယ် မြတ်နိုးလို့ တရား ဥပဒေအတိုင်း ဆုံးဖြတ်တဲ့ တရား သူကြီးပါ။ ဆက်ပြီး စဉ်းစားပါ။

Liberty, taking the word in its concrete sense, consists in the ability to choose. (Simone Weil)

လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို သူ့ရဲ့ အရိုးဆုံး၊ အရှင်းဆုံး အဓိပ္ပါယ် ကောက်ရရင် ရွေးချယ်နိုင်တဲ့ စွမ်းရည် ရှိခြင်းလို့ ဆိုရမယ်။

ရွေးချယ်နိုင်စွမ်း တစ်ခုတည်းက လွတ်လပ်မှုရဲ့ ပြည့်စုံတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးချယ် နိုင်စွမ်းဟာ လွတ်လပ် မှုရဲ့ အရေးပါဆုံး အဓိပ္ပါယ် တစ်ခု ဖြစ်ပါတယ်။ ရွေးချယ် နိုင်စွမ်းမှ မရှိရင် တခြား ဘာလွတ်လပ်မှုမှ မရှိတော့ဘူး။

ငါလုပ်နိုင်တဲ့ အလုပ် ဘယ်နှစ်မျိုး ရှိသလဲ။ အဲဒီ အလုပ်တွေ ထဲက ဘယ်ဟာကို ဦးစားပေးပြီး လုပ်မလဲ… ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ရင် လွတ်လပ်မှု မရှိဘူး။ ခိုင်းတာ လုပ်မယ်ဆိုတဲ့ လူမှာ လွတ်လပ်မှု ရှိသလား။

Patterning your life around other’s opinions is nothing more than slavery.

ကိုယ့်ဘ၀ကို သူများ အယူအဆ အတိုင်း ပုံသွင်းလိုက် တာဟာ ကျွန်ခံလိုက် တာထက် ပို မထူးပါဘူး။ သူများလုပ်လို့ လုပ်တယ်။ သူများ ကြိုက်လို့ ကြိုက်တယ်။ သူများ ယုံလို့ ယုံတယ်… ဆိုရင် ကျွန်ဖြစ်ပြီ။

မရွေးချယ်ရင် မလွတ်လပ်ဘူး။ ကိုယ် ဘယ်လို နေမယ်။ ဘာလုပ်မယ်။ ဘယ်လို ပညာကို တတ်အောင် လေ့လာမယ်၊ ရှာမယ် ဆိုတာကို ဘယ်သူက ရွေးချယ်ပေးသလဲ။ ကိုယ့်ဟာကိုယ် ရွေးချယ်သလား၊ သူများ ရွေးချယ်ပေး သလား။ များသော အားဖြင်တော့ သူများ ရွေးချယ်ပေး တာကို လက်ခံလိုက် ကြတယ်။ သက်သာ တာကိုး။

Everyrhing can be taken from a man but … the last of the human freedoms – to choose one’s attitude in any given set of circumstances, to choose one’s own way. (Victor Frankle)

လူတစ်ယောက် ဆီက ကျန်တာတွေ အားလုံး ယူသွားလို့ ရတယ်၊ ဒါပေမယ့် အခြေအနေ တစ်ခုမှာ ကိုယ် ဘယ်လို သဘောထား မလဲ၊ ဘယ်လိုလမ်းကို ရွေးမလဲ ဆိုတဲ့ နောက်ဆုံး လွတ်လပ်မှု ကိုတော့ ဘယ်သူမှ ယူသွားလို့ မရဘူး။


ကောင်းတာ လုပ်မလား၊ ဆိုးတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။

ရိုးသားတာ လုပ်မလား၊ မရိုးသားတာ လုပ်မလား၊ ဘယ်လမ်းကို ရွေးမလဲ။

ရက်စက်မလား၊ ညှာတာမလား၊ ခွင့်လွှတ်မလား၊ လက်စားခြေ မလား။

အခြေအနေ အရ လုပ်လိုက်ရ တာပဲ လို့ ပြောတဲ့ သူမှာ ဘာ လွတ်လပ်မှုမှ မရှိဘူး။ ခံယူချက် မရှိတဲ့ သူမှာ လွတ်လပ်မှု မရှိဘူး။ အခြေအနေက အရာရာ တိုင်းကို အဆုံးအဖြတ် ပေးနေရင် ဘာရွေးချယ်လို့ ရမလဲ။

When a man ceases to choose, he ceases to be a man. (Anthony Burgess)

ရွေးချယ်တာကို မလုပ်တော့တဲ့ အခါမှာ သူဟာ လူ မဟုတ်တော့ဘူး။

ဒါကြောင့် လူ့အဆင့် အတန်းကနေ ကျမသွားချင်ရင် ကိုယ်ဘာကို ရွေးချယ်မလဲ ဆိုတာကို သေသေချာချာ စဉ်းစားရမယ်။ ဉာဏ်နဲ့ ရွေးချယ်မှ လွတ်လပ်မှု ရှိတယ်။ ဉာဏ်မပါဘဲ ရွေးတယ် ဆိုတာ တကယ်ရွေးတာ မဟုတ်ဘူး။ ခေါင်းပန်း လှန်သလို လုပ်တာဟာ ရွေးချယ်တာ မဟုတ်ဘူး။ ရွေးချယ်မှု တိုင်းဟာ မှန်ကန်တဲ့ အချက်အလက် မှန်ကန်တဲ့ အကြောင်း အကျိုးမှာ အခြေခံ ရမယ်။

Your life is the sum result of all the choices you make, both consciously and unconsciously. If you can control the process of choosing, you can take control of all aspects of your life. You can find the freedom that comes from being in charge of yourself. (Robert F. Bennett)

ကိုယ့်ဘ၀ဟာ သိလျှက်ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ကိုယ့်ရဲ့ ရွေးချယ်မှုတွေ အားလုံးရဲ့ စုပေါင်း ရလာဒ်ပဲ။ ရွေးချယ်မှုကို ကိုယ့်လက်ထဲမှာ မိမိရရ ကိုင်ထားလို့ ရရင် ကိုယ့်ဘ၀မှာ ဖြစ်သမျှကို ထိန်းချုပ်လို့ ရပြီး ကိုယ့်ဘ၀ကို ကိုယ် စီမံနိုင်တဲ့ လွတ်လပ်မှုကို ရပြီ။

ရွေးချယ်မှုဆိုတာ လုပ်နေကြရ ပါတယ်။ များသော အားဖြင့်တော့ သေသေချာချာ မစဉ်းစားဘဲ ရွေးချယ်လိုက် ကြတယ်။ သူများ ၀တ်သလို ၀တ်မယ်… ဆိုတာလည်း ရွေးချယ်မှုပဲ။ ဒါပေမယ့် ဒီလို ရွေးချယ်မှုက ဉာဏ်ကို မသုံးရတဲ့ ရွေးချယ်မှု ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ ဘ၀ကို ရဖို့ အထောက်အပံ့ မဖြစ်ဘူး။ ငါ ဘယ်လိုလူလဲ၊ ငါနဲ့ တကယ် သင့်တော်တာ ဘာလဲ.. ဆိုတဲ့ မေးခွန်းကို မေးပြီး အဖြေကို ရှာမှ ဉာဏ်ပါတဲ့ ရွေးချယ်မှု ဖြစ်မယ်။ လွတ်လပ်တဲ့ ဘ၀ကို ပုံဖော်ဖို့ အထောက်အပံ့ ဖြစ်မယ်။

တကယ်လို့ လူ အများစုဟာ ကိုယ့်ဘ၀ကို ကိုယ် ရွေးချယ်တယ် ဆိုရင် ဒီစကားကို ပြောဖို့ လိုမလား။ မလိုဘူး.. နော်။

လွတ်လပ်မှု ဆိုတာ ဘာလဲ။


လွတ်လပ်မှု ဆိုတာ ရွေးချယ်ခွင့်ကို ဆိုတယ်။

ကိုယ် ရွေးချယ်ရမယ့် အရာတွေကို ကိုယ်ကိုယ်တိုင်

ဖန်တီးခွင့်ကို ဆိုတယ်။

ကောင်းတယ် ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သူများနောက် လိုက်ပြီး မဖြေဘဲ သူများ ပေးထားတဲ့ အဖြေကို အဆင်သင့် မယူဘဲ ကောင်းတယ် ဆိုတာကို ကိုယ့်ဉာဏ်နဲ့ကိုယ် လွတ်လွတ် လပ်လပ် သိပြီး လုပ်နိုင်မှ တကယ် စစ်မှန်တဲ့ ရွေးချယ်မှု ဖြစ်မယ်။

ကိုယ် ဘာကို ရွေးချယ်မယ် ဆိုတာ ကိုလည်း ကိုယ်ပဲ လုပ်ယူရမယ်။ ဖန်တီးယူရ မယ်နော်။ ဒီ နှစ်ခုထဲက တစ်ခုကို ရွေးပါ ဆိုတာ တကယ် စစ်မှန်တဲ့ ရွေးချယ်ခွင့် မဟုတ်ဘူး။ ကန့်သတ် ထားတဲ့ ရွေးချယ်ခွင့်ဟာ ရွေးချယ်ခွင့် အတုပဲ ဖြစ်တယ်။


ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင်

ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ

လူအဆင့်မှာ မရှိတော့ဘူး။

While we are free to choose, once we have made those choices, we are tied to the consequence of those choices. We are free to take drugs or not. But once we choose to use a habit-forming drug, we are bound to the consequences of that choice. Addiction surrenders later freedom to choose.

လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိတဲ့အခါမှာ ကိုယ်က တစ်ခုခုကို ရွေးချယ်လိုက်ပြီ ဆိုရင်တော့ ကိုယ် ရွေးချယ်မှုရဲ့ နောက်က လိုက်ပါလာမယ့် အကျိုးဆက် တွေက တွဲပြီး ပါလာမယ်။ မူးယစ်ဆေးကို သုံးမယ်၊ မသုံးဘူး ဆိုတာ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် စွဲစေတတ်တဲ့ မူးယစ်ဆေးကို ကိုယ်က ရွေးချယ်လိုက်ပြီ ဆိုရင် အဲဒီ ရွေးချယ်မှု နောက်က ပါလာတဲ့ ဆိုးကျိုးတွေနဲ့ နှောင်ဖွဲ့မိပြီ။ စွဲနေတာဟာ နောက်ပိုင်း လွတ်လပ်မှုကို အဆုံးရှုံး ခံလိုက်တာပဲ။ စွဲသွားရင် လွတ်လပ်မှု မရှိတော့ဘူး။

  • In nameless ways be good and kind,
  • But never force the human mind.

နာမည်တပ်လို့ မရတဲ့ နည်းမျိုးစုံနဲ့ ကောင်းတာကို လုပ်ပါ၊ စာနာပါ၊ ကြင်နာပါ။ ဒါပေမယ့် လူ့စိတ်ဓါတ် ကိုတော့ အတင်းအကျပ် အနိုင်မယူပါနဲ့။

မယုံချင်တာကို အတင်း ယုံခိုင်းတယ်၊ မလုပ်ချင် တာကို အတင်း လုပ်ခိုင်းတယ်၊ မထောက်ခံ ချင်တာကို အတင်း ထောက်ခံခိုင်းတယ်၊ ကိုယ့် အယူအဆနဲ့ မတူတဲ့သူကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်တယ်။ ခေတ် အဆက်ဆက် အဲသလို လုပ်ခဲ့ကြတယ်၊ အခုခေတ်လည်း လုပ်နေကြ တုန်းပဲ။

  • Freedom and reason make us men;
  • Take these away, what are we then?

လွတ်လပ်မှုနဲ့ အကြောင်းအကျိုး ကိုက်အောင် စဉ်းစား တွေးခေါ်နိုင် စွမ်းက ဒို့ကို လူဖြစ်အောင် လုပ်ပေးတယ်။ အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို့က ဘာလဲ…။

အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်း ရှိမှလည်း လွတ်လပ်မှု ရှိမယ်။ အကြောင်း အကျိုးကိုက်အောင် မတွေးနိုင်တဲ့ သူမှာ ဘယ်လို လွတ်လပ်မှုမျိုး ရှိမလဲ။ မယုံသင့်တာတွေ၊ သဘာဝ မကျတာတွေကို ယုံနေတဲ့ သူတွေဟာ လွတ်လပ်မှု မရှိတဲ့ သူတွေ ဖြစ်နေကြတယ်။

ဒါကြောင့် အကြောင်း အကျိုး ကိုက်အောင် တွေးခေါ်တတ်တဲ့ သူတွေ၊ စဉ်းစားတတ်တဲ့ သူတွေ ဖြစ်ဖို့ ကြိုးစားရမယ်။ လူတစ်ယောက်ကို အကြောင်း အကျိုး မကိုက်တာ တွေကို ယုံအောင် လုပ်လိုက်မယ်၊ သဘာဝ ကျကျ မစဉ်းစား တတ်အောင် လုပ်လိုက်မယ် ဆိုရင် သူ့ကို မလွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါကြောင့်


ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင်

သဘာဝ မကျတဲ့ အကြောင်းအကျိုး မကိုက်တာကို

ဘယ်တော့မှ မယုံဘူးလို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ

သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်။

ကိုယ့်ကို သူများက လှည့်စားလို့ ရရင် ကိုယ့်လွတ်လပ်မှု ဆုံးရှုံး နေပြီ။ ဘယ်သူတွေက ဘယ်လို နည်းတွေနဲ့ ကိုယ့်ကို လှည့်စားနေ သလဲ။ ဘာကြောင့် သူတို့က လူတွေကို လှည့်စားဖို့ ဒီလောက် ကြိုးစားနေကြ သလဲ။

  • Mere animals, and just as well
  • The beasts may think of heav’n or hell.

(လွတ်လပ်မှုနဲ့ အကြောင်း အကျိုး ကိုက်အောင် စဉ်းစား တွေးခေါ် နိုင်စွမ်းကို ဖယ်ရှား လိုက်ရင် ငါတို့က ဘာလဲ။) တိရစ္ဆာန် မျှပဲ။ ကောင်းကင်ဘုံ သို့မဟုတ် ငရဲဘုံကို တွေးကောင်း တွေးမယ့် တိရစ္ဆာန် အရိုင်းပဲ။

  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.

ငါတို့ရဲ့ စွမ်းရည် သတ္တိတွေကို ငါတို့ အလွဲသုံးစား မလုပ်ကြပါ စို့နဲ့။ အဲဒါ လုပ်မယ့် အစား မှန်ကန်တာ လုပ်မယ့် လမ်းနဲ့ ကောင်းမွန်တာ လုပ်တဲ့ လမ်းကို ရွေးကြပါစို့။

ကိုယ့်ရဲ့ စွမ်းရည် သတ္တိဆိုတာ အကြောင်းအကျိုး သဘာဝ ကျကျ စဉ်းစား နိုင်တဲ့ စွမ်းရည် သတ္တိပဲ။ ဒါဟာ လူသားရဲ့ အကြီးမားဆုံး စွမ်းရည် ဖြစ်တယ်။ ဒီစွမ်းရည်ကို အလွဲသုံးစား မလုပ်ရဘူး။ ဒီစွမ်းရည်ကို သုံးပြီးတော့ပဲ မှန်ကန်တဲ့လမ်း၊ ကောင်းတဲ့လမ်းကို ရွေးရမယ်။ ဒီစွမ်းရည်ကို မသုံးနိုင်ရင် မမှန်တဲ့ လမ်းကို ရောက်ဖို့ များတယ်။ ကိုယ်က ကိုယ့်ဉာဏ်နဲ့ကိုယ် မရွေးနိုင်ရင် သူများက ကိုယ့်အတွက် ရွေးပေးလိမ့်မယ်။

အကြောင်းအကျိုး ကိုက်အောင် မစဉ်းစား တတ်တဲ့ သူတွေက သူများကို ဆရာလုပ်နေ ကြတာ တော်တော် များပါတယ်။ လူအများစုဟာ အဲဒီလို လူတွေကို ဆရာ တင်ထားကြတယ်။ ဆရာက အကြောင်း အကျိုး ကိုက်အောင် မတွေးနိုင်ဘူး ဆိုရင် သူ့တပည့်က ဘယ်လို လုပ်ပြီး အကြောင်း အကျိုး ကိုက်အောင် သဘာဝ ကျအောင် တွေးနိုင်တော့ မလဲ။

ဗေဒင် ဆရာတွေ၊ နတ်ကတော်တွေ၊ ဘိုးတော်တွေ၊ မယ်တော်တွေ၊ ၀ိဇ္ဇာဆိုတဲ့ သူတွေကို ဆရာ တင်ထားကြတဲ့ သူတွေဟာ ဘယ်လိုလုပ် အကြောင်း အကျိုး ကိုက်အောင် တွေးနိုင်မလဲ။ အခက်အခဲ တစ်ခု ရှိတဲ့ အခါ သဘာဝကျတဲ့ အဖြေနဲ့ လုပ်နည်းကို မရှာဘဲ သဘာဝ မကျတဲ့ လုပ်နည်းနဲ့ ဖြေရှင်းနေရင် အဲဒီ အခက်အခဲဟာ ဘယ်လို အဆင်ပြေနိုင် မလဲ။

———-*****———-

ကဗျာလေးကို တစ်စု တစ်ဝေးတည်း ပြန်ကြည့်ရင်

  • “Know this, that ev’ry body is free
  • To choose his life and what he’ll be;
  • In nameless ways be good and kind,
  • But never force the human mind.
  • Freedom and reason make us men;
  • Take these away, what are we then?
  • Mere animals, and just as well
  • The beasts may think of heav’n or hell.
  • May we no more our pow’rs abuse,
  • But ways of truth and goodness choose.”

ဆရာတော် ဦးဇောတိက




Tuesday, 15 September 2009

ညွှန်းဆို ဖွဲ့သီအပ်သော မေတ္တာတရား

မေတ္တာသည် ရန်ကင်းငြိမ်း၏

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ် ၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တသုတ် .. ၄၄၃။)

မေတ္တာ၏ အကျိုးအာနိသင်

မေတ္တာ၏ အကျိုးအာနိသင်သည် အလွန်များပြား ကြီးမားမြင့်မြတ်၏။ ဘဝသမ္ပတ္တိ
အကျိုးပေးသန်သော ကောင်းသောကံတကာထဲတွင် ဤမေတ္တာကံသည် အထွတ်မြတ်ဆုံး
အသာဆုံးတည်း။ မေတ္တာကံကို တုပြိုင်နိုင်သော ကံဟူ၍ မရှိပေ။
သေက္ချတောင်ဆရာတော်ဦးတိလောက

မေတ္တာအာနိသင်

မေတ္တာတရားကို ပွားများခြင်းသည် အကျိုး စီးပွားကို
အလိုရှိသူတို့အတွက်လည်း ကောင်း ၊ အလိုမရှိသူတို့အတွက်လည်းကောင်း
ကုသိုလ်ကျေးဇူးကို ဆောင်ရွက်နိုင်၏။
လူတိုင်း လူတိုင်းသည် အာနိသင်ကြီးမားလှသော မေတ္တာ
ပွားများခြင်းကို ကောင်းစွာ မှီဝဲအပ်၏။
(မိလိန္ဒပဥှာ၊ မေတ္တာဘာဝနာနိသံသ-၁၉၇။)

ဒေါသကိုမေတ္တာဖြင့်ဖြေသိမ့်

ဒေါသကို သူယုတ်တို့ မှီဝဲ၏။
မေတ္တာကို သူတော်ကောင်းတို့ မှီဝဲ၏။
မေတ္တာသည် အရှုံးပေးခြင်း မဟုတ်။
ဒေါသသည်သာ ဆုံးရှုံးခြင်းဖြစ်၏။
ဒေါသဟူသည် ထွက်စရှိလျှင် ထွက်ချင်၏။
မေတ္တာဖြင့် ဖြေသိမ့်နှိပ်ကွပ်ဖန်များလျှင်
ဒေါသသည် အပိုးသေ၍လာ၏။
ခြံခုန်တတ်သော နွားကို နှိပ်ကွပ်ဖန်များလျှင်
ခြံမခုန်တော့သကဲ့သို့ ဖြစ်၏။

(ဒေါသကထာ၊ မောင်းထောင်ဆရာတော်)


မေတ္တာသည် သီတာရေစင်

မေတ္တာတရားတည်ရှိရာ ထွန်းကားရာ အရပ်များ၌
မည်သို့သော ချမ်းသာမှုမျိုးနှင့်မျှ မတူသော
ချမ်းမြေ့မှုများ ကိန်းဝပ်နေမြဲဖြစ်၏။
ထို့ကြောင့် သီလကို ပန်းရနံ့နှင့်နှိုင်း၏။
မေတ္တာကို သီတာရေစင်နှင့် ဥပမာပြုကြသည်။




Type the rest of your post here.

Monday, 6 July 2009

လမြတ်ဝါဆို

ဒီနေ့ဟာ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ အထွက်အမြတ်နေထူးဖြစ်တဲ့ ၀ါဆိုလပြည့်လေးဖြစ်ပါတယ်.။
မနက်ပိုင်း မိမိတို့ကျောင်းမှာ အိန္ဒိယမှ PHD စာတမ်းပြုစုနေတော်မှုတဲ့ ဆရာတော်တစ်ပါးထံမှSkype .VZO တို့၏အကူအညီဖြင့် သီလယူခြင်း၊ နေ့ထူးလေးမှာတရားနာခွင့်ရခဲ့ပါတယ်။ဤသို့တရားပွဲလေးဖြစ်မြောက်အောင် ကူညီလုပ်ဆောင် လမ်းပြပေးတဲ့ ဆရာတော်နှင့်တကွ ကျွန်တော့်အကိုကိုဝင်းမြင့်ဇော်တို့ကိုလည်း ဤနေရာမှနေ၍ ရိုသေလေးစား ကျေးဇူးတင်မိပါကြောင်း နှင့်တရားပွဲအပြီးတည့်ခင်းကျွေးမွေး အလှူဒါနပြုကြသည့် ညီငယ်များကိုလည်း ထပ်လောင်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်။။
လမြတ်ဝါဆိုဆောင်းပါးလေးက ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာပါရှိတဲ့ ဆရာဦးအောင်မွန်(မဟာဝိဇ္ဇာ) ရဲ့
ဆောင်းပါးလေးတစ်ပုဒ်ကို မှတ်သားနာယူဖွယ်အဖြစ် အဝေးရောက်နေသော ဗုဒ္ဓဘာသာဝင်တို့အတွက်
တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။...
မြန်မာဆယ့်နှစ်လတွင် ဝါဆိုလသည် စတုတ္ထမြောက်လ ဖြစ်သည်။
ဝါဆိုလသည် ဝဿန္တမိုးဥတုဖြစ်သည်။ ရာသီမှာ ကရကဋ်၊ ရာသီရုပ်ကား
ပုစွန်လုံး၊ တာရာမှာ ဆင်တာရာ ဖြစ်၏။ ပြုဗ္ဗာသာဠ်နက္ခတ်သည် လမင်းနှင့်
ယှဉ်ပြိုင်လင်းလက်သည်။ ရာသီပန်းမှာ ပုန်းညက်ပန်းဖြစ်၍ ရာသီပွဲကား
ပဉ္စင်းခံပွဲတော် ဖြစ်ပါသည်။ ဤသည်ကို နဝဒေး၏ ဆယ့်နှစ်ရာသီဘွဲ့၌....
''ဝါဦးခေါ်မှတ်၊ ကရကဋ်လက်၊
ပြိုးပြက်ရောင်ဝှန်၊ ပြုဗ္ဗာသာဠ်နှင့်၊
နတ်မွန်ပျော်စက်၊ ပုန်းညက်ကြာခိုင်၊
ကြူလှိုင်ပျံ့သင်း၊ ပဉ္စင်းတော်ပွဲ
ညံမစဲသည်၊ ရိုက်နွှဲကြွေးကြော်ကာတည့်လေး''ဟူ၍လည်းကောင်း
ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား (၁၂)ပိုဒ်တွင်
''ပန်းများလှိုင်ကြူ၊မဉ္ဇူရွှေရွက်၊ ပုန်းညက်ကြိုင်သင်း၊
ပဉ္စင်းတော်ပွဲ၊ သဲသဲအုတ်အော်၊ ရွှင်ပျော်လှည့်ပတ်...'' ဟူ၍
လည်းကောင်း တွေ့ရှိရပါသည်။
ဝါဆိုလပြည့်နေ့သည် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဘဝဖြစ်တော်စဉ်၌
ထူးခြားမွန်မြတ် မင်္ဂလာအထပ်ထပ်ဖြင့် ပြည့်စုံသော ရက်မွန်နေ့မြတ်လည်း
ဖြစ်ပေ၏။
မဟာသက္ကရာဇ်(၆၇)ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ
အချိန်တွင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင် သီရိမဟာမာယာဒေဝီသည်
၎င်း၏ ဝမ်းကြာတိုက်အတွင်း ဆင်ဖြူတော်မြတ်သည် လက်ယာရစ်လှည့်ပြီး
လက်ယာနံပါးမှ ဝင်ရောက်သည်ဟု အိပ်မက်မြင်မက်တော်မူသည်။ ဤကား
အလောင်းတော် သိဒ္ဓတ္ထ ပဋိသန္ဓေယူတော်မူခြင်းတည်း။
အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် (၁၆)နှစ် ရောက်သော်
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သားတော်အား တောထွက်သွားမည်ကို
စိုးရိမ်ပူပန်ခဲ့သည်။ ထို့ကြောင့် တောမထွက်စေရန် နွေရာသီ၌ စံမြန်းစေရန်
''သုရမ္မ'' မည်သော စံနန်းပြာသာဒ်၊ မိုးရာသီတွင် စံမြန်းရန် ''သုဘ''
စံနန်းပြာသာဒ်၊ ဆောင်းရာသီအတွက် ''ရမ္မ'' စံနန်း ပြာသာဒ်များ
တည်ဆောက်စေပြီး လှည့်လည်စံမြန်းစေသည်။ ရွှေအဆင်းနှယ်လှပသည့်
ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူ၍ အာရုံငါးပါးဖြင့် ထီးနန်း
စည်းစိမ်ကို ခံစားတော်မူစေပါသည်။
မဟာသက္ကရာဇ် (၉၆)ခုနှစ် ဝါဆိုလပြည့်နေ့တွင် အလောင်းတော်သည်
မြင်းလေးစီးကသော ရထားဖြင့် ဥယျာဉ်တော်သို့ ထွက်တော်မူခဲ့၏။ ဤတွင်
သူအိုတစ်ဦးကို မြင်တွေ့ခဲ့၏။ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်
တော်မူသည်။ နောက်အကြိမ်များ၌လည်း သူနာ၊ သူသေတို့ကို မြင်မိပြန်သော်
မိမိလည်း ထိုသို့ နာရ၊ သေရမည်ကို စဉ်းစားဆင်ခြင်မိလေသည်။နောက်ဆုံး
တစ်ကြိမ်၌ကား ရဟန်းတစ်ပါးကို မြင်တွေ့တော်မူရာ ရဟန်း၏ အကျင့်
သီလသည် သတ္တဝါတို့အကျိုးကို ဖြစ်ထွန်းစေပုံနှင့် ဘဝမှ လွတ်မြောက်နိုင်ပုံကို
ဆင်ခြင်မိသဖြင့် မိမိလည်း ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူလေသည်။
ဤသို့ဖြင့် မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ဝါဆိုလပြည့် တနင်္လာနေ့
ညဥ့်သန်းခေါင်ယံမှာ ဆန္နအမတ်ကိုခေါ်လျက် ကဏ္ဍကမြင်းတော်ဖြင့်
တောထွက်တော်မူခဲ့လေသည်။ အနော်မာမြစ်ကမ်းရောက်သော် တစ်ကိုယ်
တည်း ကျင့်ကြံအားထုတ်ရန်ရည်သန်၍ အဝတ်တန်ဆာများနှင့် ကဏ္ဍက
မြင်းကို ဆန္ဒအမတ်အားလွှဲအပ်ကာ နေပြည်တော်သို့ ပြန်လွှတ်လိုက်တော်
မူပါသည်။
အလောင်းတော်သည် ဥရုဝေလတောဝယ် သဗ္ဗညုတဥာဏ်ကိုရလို၍
ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင် ကျင့်တော်မူခဲ့လေသည်။
သို့ရာတွင် သဗ္ဗညုတဥာဏ်မရနိုင်သဖြင့် မဇ္ဈိမပဋိပဒါလမ်းကြောင်း
ပြောင်းကာ ကျင့်ရာတွင်မှ ဘုရားအဖြစ်သို့ ရောက်တော်မူလေ၏။ မဟာ
သက္ကရာဇ် (၁ဝ၃) ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီး
မဟာသက္ကရာဇ် (၁ဝ၃)ခုနှစ် ဝါဆိုလပြည့် စနေနေ့ ညချမ်း နေမင်းဝင်လုဆဲ၊
လမင်းထွက်ပြူဆဲတွင်၊ ''ဒွေမေ ဘိက္ခဝေ'' အစချီလျက် တရားဦးဓမ္မစကြာ
ကို မိဂဒါဝုန်တောအတွင်း ပဉ္စဝဂ္ဂီငါးဦးအား ဟောကြားတော်မူခဲ့လေသည်။
ဝါဆိုလ၌ ပဉ္စင်းခံပွဲကျင်းပရခြင်းမှာလည်း ဘုရားရှင်သည် မိဂဒါဝုန်
တောတွင် ပဉ္စဝဂ္ဂီငါးဦးနှင့်အတူ နတ်ဗြဟ္မာများစွာအား ဓမ္မစကြာတရားဦး

ဟောတော်မူပြီးနောက် ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ထံ ရဟန်းပြုခွင့် ပန်ကြားကြ
သည်။ ဘုရားရှင်က ခွင့်ပြုတော်မူ၍ ''ဧဟိဘိက္ခု'' ရဟန်းအဖြစ်ကို ရကြ
သည်။ ဤသည်ကို အရင်းခံ၍ ဝါဆိုလတွင် ပဉ္စင်းခံပွဲကို အစဉ်အဆက်
တခမ်းတနား ကျင်းပကြခြင်းဖြစ်ပါသည်။
ဤလမြတ်ဝါဆိုမှာပင် မြတ်ဘုရားရှင်သည် သတ္တမဝါကို တာဝတိံသာ
နတ်ပြည်၌ ကပ်တော်မူလျက် မယ်တော်နတ်သားအမှူးပြုသော နတ်၊ သိကြား၊
ဗြဟ္မာအပေါင်းအား တစ်ဝါတွင်းလုံးအဘိဓမ္မာတရားကိုဟောတော်မူပါသည်။
နေ့စဉ် လူ့ပြည်သို့ကြွတော်မူ၍ စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေးကာ နေ့သန့်
နေတော်မူစဉ် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို
ဟောတော်မူပါသည်။ တာဝတိံသာ နတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က
ဆက်လက် ဟောကြားတော်မူနေသည်။ ဤသို့တစ်ဝါတွင်းလုံး တာဝတိံသာ၌
ဟောတော်မူပြီး ဝါပကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်လူ့ရပ်
သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူပါသည်။
ဤလမြတ်ဝါဆိုမှာပင် တိတ္ထိတက္ကတွန်းတို့အား တန်ခိုးပြာဋိဟာပြတော်မူ
ခဲ့သည်။ မဟာသက္ကရာဇ် (၁ဝ၉)ခုနှစ် ဝါဆိုလပြည့်ညချမ်း၌ သာဝတ္ထိပြည်၊
ကဏ္ဍမည်သော သရက်ဖြူပင်အနီး၌ ရတနာစင်္ကြံကိုဖန်ဆင်း၍ နှစ်ဆယ့်လေး
ယူဇနာရှိသော လူပရိသတ်နှင့်တကွ နတ်ဗြဟ္မာတို့အား ရေအစုံ မီးအစုံ
တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
ဝါဆိုလအမည်ကို ရှေးဟောင်း ကျောက်စာများ၌ 'မြွမယ်တာလ၊
နွယ်တာလ၊ နွေတာလ၊ မလွယ်တာလဟု' အမျိုးမျိုးတွေ့ရပါသည်။
မလွယ်မှာ မြေသို့မဟုတ် လယ်မြေဟု အဓိပ္ပာယ်ရသည်။ မိုးတွင်းကာလ
စိမ်းလန်း ရှင်သန်လျက်ရှိသော လယ်မြေယာတောများအတွင်း ဖြတ်သန်းကာ
ဒေသစာရီလှည့်လည်သွားလာကြသော ရဟန်း သံဃာတို့ကြောင့် လယ်
ယာများ၊ မြက်၊ သစ်ပင်၊ သီးနှံပင်များ ပျက်စီးကုန်ကြသည်။ ထိုအကြောင်းကို
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသော မြတ်စွာ
ဘုရား ကြားသိတော်မူသည်တွင် ရဟန်းတို့အား စည်းဝေးစေပြီး ''ရဟန်းတို့
ဝါတွင်းသုံးလပတ်လုံး ဝါဆိုခြင်းကို ငါဘုရား ပညတ်တော်မူ၏''ဟု မိန့်တော်
မူသည်။
ဤသို့နှင့် ဝါဆိုလပြည့်ကျော် ၁ရက်နေ့တွင် သံဃာတော်များသည်
မိမိတို့ သီတင်းသုံးမည့်ကျောင်း၌ မြတ်စွာဘုရား၏ ရှေ့တော်မှောက်ဝယ်
''ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံဝဿံ ဥပေမိ'' ဤကျောင်းတွင် မိုးသုံးလ
ပတ်လုံး ဆည်းကပ်ပါမည်ဟု ရွတ်ဆိုဝါကပ်ကြရသည်။ ထိုအခါမှစ၍ ရဟန်း
တော်တို့သည် မိမိတို့သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်အတွင်းမှ အရပ်
တစ်ပါးသို့ ညဥ့်အိပ်ညဥ့်နေ ခရီးထွက်ခွာခြင်း မပြုရဘဲ ဝါဆိုလပြည့်ကျော်
၁ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆို ဝါကပ်တော်မူကြရပေသည်။
သံဃာတော်အရှင်မြတ်တို့ ဝါတွင်းသုံးလပတ်လုံး ဝါဆိုဝါကပ်ကျင့်သုံး
ဆောက်တည်တော်မူကြသောကာလ၌ ဗုဒ္ဓနွယ်ဝင် သူတော်စင်အပေါင်းသည်
လည်း ဥပုသ်သီတင်းနေ့တိုင်း ဆောက်တည်ကြ၊ တရားဓမ္မနာကြားဆွေးနွေး
ခြင်းများ ပြုကြ၏။ ဝိပဿနာစခန်းများ၌ စခန်းဝင် တရားအားထုတ်ကြပါ
သည်။ ဘုရားကျောင်းကန်များမှာ လှူဒါန်းကျွေးမွေးခြင်း၊ သက်ကြီးဝါကြီး
များအား ပူဇော်သက္ကာရပြုခြင်း၊ သက်သတ်လွတ်စားခြင်း၊ ကျွဲ၊ နွား၊ ငါး၊
ငှက်တို့ကို ဘေးမဲ့လွှတ်ခြင်းစသည့် ကောင်းမှုများပြုကြသည်။ ဝါတွင်း
ကာလအတွင်း ထိမ်းမြားလက်ထပ်မင်္ဂလာပြုခြင်းများကိုလည်း ရှောင်ကြဉ်
ကြရလေသည်။
ခြုံငုံ၍ဆိုရလျှင် ဝါဆိုလ၊ ဝါဆိုလပြည့် ဝါတွင်းသုံးလပတ်လုံး အခါ
သမယတို့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ လထူးလမြတ်၊ နေ့ထူးနေ့မြတ်၊
အခါထူး အခါမြတ်ကြီး ဖြစ်ပေသည်။ ဝါဆိုလပြည့်နေ့ကျရောက်တိုင်း
နိုင်ငံတစ်ဝန်း ဗုဒ္ဓနွယ်ဝင်တို့၏ ဓမ္မစကြာတရားတော်မြတ် ရွတ်ဖတ်
သရဇ္ဈာယ်သံများ ခြိမ့်ခြိမ့်အုန်းအုန်း ရှိလှပေသည်။
လမြတ်ဝါဆိုသည် ဘာသာ၊ သာသနာ အစဉ်အလာကောင်းများ၊ ကုသိုလ်
ရေးရာများ၊ ရိုးရာဓလေ့ကောင်းများပြည့်စုံလျက်၊ မင်္ဂလာ ကျက်သရေရှိ
လှသော အခါတော်ထူး ဖြစ်ပေသည်။ ဤရက်မြတ်အခါတွင် သတ္တဝါ
ခပ်သိမ်း၊ ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြစေကြောင်း ဆုမွန်တောင်းလိုက်ရ
ပါသည်။

Friday, 15 May 2009

အလုပ်ဖြစ်မှာလား ၊ အဖြစ်လုပ်မှာလား

ဝီရိယကိုမှီ၍ အသက်ရှင်ရသူ၊ ကောင်းမှုကံ၏ ကောင်းကျိုးကိုမှီ၍အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမှီ၍ အသက်ရှင်ရသူ၊ နှစ်ခုလုံးကိုမမှီဘဲ အသက်ရှင်ရသူဟု ပုဂ္ဂိုလ်လေးမျိုးရှိကြောင်းဘုရားရှင် အင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောကြားတော်မူခဲ့သည်။
အထက်ပါသုတ္တန်ကို ကြည့်ကသာမန်လူအများစုက လက်လှုပ်မှ ပါးစပ်လုပ်ဆိုသည့်အတိုင်း ပါးစပ်လုပ်နိုင်ဖို့အတွက် လက်ကအမြဲလှုပ်နေရသောသဘောရှိပါသည်။ ဒါကိုထောက်ကဘ၀ဆိုတာ ရုံးကန်လှုပ်ရှားခြင်းဟူသောအဆိုက မှန်ကန်ပေသည်. သာမန်လူအများစုမှာဝီရိယမရှိ၍မရ၊ ၀ီရိယမစိုက်၍မရ ၊မရုန်း၍မရ မလှုပ်ရှား၍မရ၊ မကြိုးစား၍မရ၊ သူ့အရွှယ်နဲ့သူ ၀ီရိယစိုက်ထုတ်ကာရုန်းကန်နေရ၊ လှုပ်ရှားနေရ၊ ကြိုးစားနေရသည်သာ၊ မိမိတို့ဘ၀အနေအထားကိုက ၀ီရိယကိုမှီ၍အသက်ရှင်နေရသည်မဟုတ်ပါလား။
လူ၏တန်ဖိုးကား အလုပ်သာဖြစ်သည်၊ လူ၏အရည်အသွေးကိုတောက်ပြောင်စေသည်ကား အလုပ်သာဖြစ်သည် လူ၏အရည်အသေးကိုတောင်ပြောင်စေသည်ကား အလုပ်သာဖြစ်သည်၊လူ၏တန်ဖိုးကိုမြင့်တင်ပေးနိုင်သည်ကား အလုပ်သာဖြစ်သည်၊ အလုပ်လုပ်သူတို့ ကြီးပွားကြသည်၊ အလုပ်လုပ်သူတို့အထက်ရောက်ကြသည်။ ထိပ်မှာရောက်နေသူအများစုကိုကြည့်လျှင် အလုပ်ကြိုးစားသူတို့သာဖြစ်သည်ကို တွေ့ရပါမည်။
ကိုယ်တက်ထားသည့် အတက်ပညာပေါ်မှုတည်၍ လုပ်ငန်းခွင်ကိုဝင်ကြရသည်၊ အသက်ရှိသူတိုင်းအသက်မွေးဖို့၊၀မ်းရှိသူတိုင်းဝမ်းကျောင်းဖို့အလုပ်တစ်ခုခု
ကတော့လုပ်နေကြရသည်၊ တစ်ချို့ကတစ်ကိုယ်ရေ တစ်ကာယအတွက်၊ တချို့ကမိသားစုအတွက်၊ တစ်ချို့ကမိသားစုအတွက်၊ တစ်ချို့ကမြို့ရွာအတွက် တိုင်းပြည်နဲ့လူမျိုးအတွက်၊ ဘာသာသာသနာအတွက် ကိုယ်နီးစပ်ရာ၊ကိုယ်သန်ရာ လုပ်နေကြရသည်။
ထိုကဲ့သို့အလုပ်လုပ်ရာတွင် အလုပ်ဖြစ်ခြင်းနှင့်အဖြစ်လုပ်ခြင်းဟုနှစ်မျိုးတွေ့ရသည်၊ အလုပ်ဖြစ်ခြင်းဟူသည် စံချိန်စံညွှန်းမီခြင်း၊ မမှီသော်မှ လက်ခံနိုင်လောက်သည့်အနေအထား၊ တူတူတန်တန်ဖြစ်ခြင်းဖြစ်သည်၊ အဖြစ်လုပ်ခြင်းဟူသည် မည်ကာမတ္တအဖြစ်မျှသာလုပ်ခြင်း
ဖြစ်သည်၊ တစ်ချို့လည်းအလုပ်ဖြစ်ကြသည်၊ တစ်ချို့လည်းအလုပ်မဖြစ်ကြ၊ တစ်ချို့အလုပ်မဖြစ်
သဖြင့်အဖြစ်လုပ်နေကြရသည်။အလုပ်မဖြစ်မှန်းသိပါလျက်ပေတေစွာလုပ်နေသောအခါပို၍
ပင်အလုပ်မဖြစ်ဘဲရှိတော့သည်။အဖြစ်လုပ်သူတွေပို၍များများလာသည်၊တစ်ချို့ကိုယ်ကိုယ်ကိုယ်“
အလုပ်ဖြစ်သူလား၊ အဖြစ်လုပ်သူလား”ဟုပင်စဉ်းစားမည့်ပုံမပေါ်၊ လုပ်မြဲတိုင်းသာ ပေ၍သာလုပ်နေကြသည်။
လူဟူသည်လုပ်ချင်ကိုင်ချင်စိတ်ရှိရမည်၊ လုပ်တက်ကိုင်တက်ရှိရမည်၊အလုပ်လုပ်နေရမည်
အလုပ်ပေါ်စေတနာထက်သန်ရမည့်၊ အလုပ်နှင့်ဆက်စပ်ပြီး လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေဖြစ်ပေါ်လာပေမည်၊ ရပိုင်ခွင့်ဟူသည် ခံစားခွင့်ပင်စြဖ်သည်။ ထိုလုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ ခံစားခွင့်တို့သည် မိမိတို့၏ လုပ်တက်ကိုင်တက်ဟူသော အရည်အသွးပေါ်၌သာတည်ရမည်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်ခံစားခွင့်တို့ကတို့က အကျိုးဖြစ်သည်၊ လုပ်တက်ကိုင်တက်ဟူသော အရည်အသွေးကအကြောင်းဖြစ်သည်၊ အကျိုးသည်အကြောင်းပေါ်၍သာ မှီတည်သည် “အကြောင်းရှိမှ အကျိုးဖြစ်မည်”.။အကြောင်းကောင်းကောင်းတည်ဆောက်ပြီးမှသာ အကျိုးကောင်းကောင်းမျှော်လင့်ရမည်၊ လက်ခံ၇မည်ဖြစ်သည်။
မေတ္တသုတ်နိဒါန်း၌ သကော- စွမ်းနိုင်သူသည်၊အဿ-ဖြစ်ရမည်ဟုဆိုသည်။ကိုယ်လုပ်သည့်အလုပ်ကိုစွမ်းရမည်၊ ကျွမ်းရမည်။စွမ်းဆောင်ဟုဆိုသဖြင့် စွမ်းမှသာဆောင်နိုင်လိမ့်မည်၊ ကျွမ်းကျင်မှလိမ္မာဟူသောအဆိုရှိ၏ ကိုယ်လုပ်တဲ့အလုပ်ကိုကျွမ်းကျင်မှသာ လိမ္မာသူဖြစ်လိမ့်မည်၊ လိမ္မာရာရောက်လိမ့်မည် အသိအမှတ်ပြုခြင်းခံရပေမည်။အလုပ်လုပ်ကြပြီဆိုလျှင်တော့ သို့မဟုတ် အလုပ်တစ်ခုလုပ်ကြတော့မည်ဆိုလျှင်တော့ “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား” ဆိုတာကိုတော့ မဖြစ်မနေကိုစဉ်းစားရမည်။မိမိကိုယ်ပိုင် ပုဂ္ဂလိကအလုပ်က မြေခရမ်းပျိုး၍ ရနိုင်သော်လည်းအများနှင့်သက်ဆိုင်သော အလုပ်ကမြေခရမ်းပျိုးလုပ်၍မရ။ လုပ်ပြီဆိုလျှင်အလုပ်နှင့်တူအောင် လုပ်ပေးရတော့မည်၊ အဖြစ်လုပ်၍မရ၊ အလုပ်ဖြစ်ရတော့မည် ၊အလုပ်ဖြစ်အောင်လုပ်ပေးရတော့မည်။ ထိုအလုပ်အတွက် မိမိ၌ကျွမ်းကျင်မှုအရည်အချင်းမရှိမဖြစ်လိုအပ်လာသည်။
ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသလို ထိုအလုပ်ကို တာဝန်ခံလုပ်တော့မည်ဆိုလျှင်တော့ ထိုအလုပ်နှင့်စပ်၍ မိမိမှာတက်မှု၊ သိမှု၊ ကျွမ်းကျင်မှုအရည်အချင်းတွေ ရှေးဦးစွာဖြည့်ဆည်းထားမှတော်ကာာကျမည်၊။ အလှူဒါနပြုလုပ်ရာတွင်လည်း လှူမည့်ကြံ၊ မလှူခင်ကစဉ်းစား၊ မပြတ်သားလျှင် မလှူနဲ့ဆိုသလိုမစွမ်းလျှင် မဆောင်တာဘဲကောင်းသည်။
အလုပ်ဖြစ်အောင်မလုပ်တက်လျှင် ၊မဆောင်ရွှက်တက်လျှင်မလုပ်တာပဲကောင်းသည်၊ အဖြစ်ကိုတော့မလုပ်သင့်၊ အလုပ်တစ်ခုကိုလုပ်တော့မည်ကြံလျှင် “ငါအလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား”ဆိုတာတော့ မိမိကိုယ်ကိုမေးဖြစ်အောင်မေးကြရလိမ့်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့် ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ ရေးသားဆုံးမတော်မှုတဲ့ “အလုပ်ဖြစ်မှာလား၊ အဖြစ်လုပ်မှာလား”တရားဆောင်းပါးမှ ကောက်နှုတ်မှီးငြမ်းရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်အနေဖြင့်လည်း စာဖတ်သူများကို
ခုလက်ရှိလျှောက်လမ်းနေရတော့ လမ်းကြောင်း၊ လုပ်ငန်းအသွယ်သွယ်တွင် အမှန်တကယ်
လက်ခံယုံကြည်ရသော အလုပ်ကြိုးစားသူ အလုပ်ဖြစ်ကြသူတွေများဖြစ်ကြစေဖို့ တိုက်တွန်းလိုပါတယ်။ ပတ်ဝန်းကျင် ကဒီကောင် “အဖြစ်ဘဲလုပ်တက်ပါလား”ဆိုတဲ့မှတ်ချက်မျိုးမထင်ကျန်ရစ်အောင် ကြိုးစားဖို့နှင့်
ရည်မှန်းချက်ပန်းတိုင်ကို နိုးနိုးကြားကြား ကြိုးကြိုးစားစားရင်ဆိုင်ဖြတ်သန်းနိုင်ကြစေဖို့
နိုးဆော်တိုက်တွန်းလိုက်ရပေတော့သည်။
ငြိမ်းအေးထွန်း
(၁၆.၀၅.၂၀၀၉)