Sunday 18 January 2009

ရေစက်ချအမျှဝေသံ ဘယ်အရပ်မှနေနာခံ

ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ၏ ဓမ္မဆောင်ပါးလေးတစ်ပုဒ်မှ မှတ်သားမိသည်များကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်...
" ဘ၀တစ်ခု၏အစကို ပဋိသန္ဓိ ဟုခေါ်သည်။ယင်းကိုမြန်မာတို့က ပဋိသန္ဓေ ဟုခေါ်ကြသည်။အဓိပ္ပာယ်က အဆက်အစပ် ဟူ၍ဖြစ်သည်။
ဘ၀ဟောင်းနှင့်ဘ၀သစ်ကြားအဆက်အစပ်ဖြစ်သည်။ဘ၀တစ်ခု၏အဆုံးကိုတော့စုတိဟုခေါ်သည်။စုတိဟူသည်ဘ၀ဟောင်းမှဘ၀သစ်သို့ရွေ့သွားခြင်းပြောင်းသွားခြင်းဖြစ်သည်။
အနိစ္စဟူသည် အမြဲမရှိခြင်း သို့မဟုတ် အရှိမမြဲခြင်းဖြစ်သည်။မြဲတာရယ်လို့ ဘာတစ်ခုမှမရှိသလို ရှိတာတွေလည်းဘာတစ်ခုမှမမြဲပါချေ။ထိုအနိစ္စသဘောကို ကောင်းစွာနှလုံးသွင်းဆင်ခြင်သင့်လှပါသည်. အနိစ္စသဘောကိုကျေကျေနပ်နပ်ကြီးနှလုံးသွင်းဆင်ခြင်နိုင်ခြင်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်း၏လာဘ်ကြီးတစ်ပါး ၊ရတနာကြီးတစ်လုံး
အခွင့်ထူးကြီးတစ်ရပ်ပင်ဖြစ်ပါသည်။
ဘ၀မှာ ပြဿနာအခက်အခဲတွေ၊ စိတ်နှလုံးရှုပ်ထွေးမှုတွေနှင့်လေးလံနေကြရတာကအရာရာတိုင်းကိုနိစ္စ၊ သုခ၊အတ္တ ဟုနှလုံးသွင်းနေကြ၍ဖြစ်သည်။အမြဲဟူ၍ ဘာတစ်ခုမှမရှိပုံ၊ ရှိနေတာတွေလည်းဘာတစ်ခုမမြဲပုံကို နေ့စဉ်နှလုံးသွင်းဆင်ခြင်
နိုင်ပါက လွတ်လပ်မှု၊သက်သာမှု ၊အေးချမ်းမှုတွေအံ့သြဖွယ်ရာတွေ့ရှိရပါလိမ့်မယ်။
ဘုရားရှင်က အိုရခြင်းသဘော၊ နာရခြင်းသဘော၊သေရခြင်းသဘော၊ကောင်းကံ ဆိုးကံတို့၏ကောင်းကျိုး ဆိုးကျိုးပေးခြင်းသဘော၊
မိမိချစ်ခင်ရတာတွေအားလုံးကို စွန့်ပစ်ခွဲခွာရမည့်သဘောတို့ကိုရဟန်းရှင်လူအားလုံး နေ့စဉ်ဆင်ခြင်ရစ်ကြပါလေ ဟုမှာကြားသွားခဲ့ပါ
သည်။မိမိတို့ဘ၀မှာ အေးအေးချမ်းချမ်းနေလိုလျှင်ထိုမိန့်မှာချက်ကို လိုက်နာရမည်။
အနိစ္စာ ၀တ သင်္ခါရာ- သက်ရှိသက်မဲ့ ရုပ်နာမ်ဓမ္မသင်္ခါရဟူသမျှ ဘာတစ်ခုမှအမြဲမရှိပါတကား ဟုဘုရားရှင်မိန့်သည့်အတိုင်းအရာအားလုံးက အနိစ္စစက်ကွင်းမှ မလွတ်ကင်းနိုင်ကြချေ၊ အရာအားလုံးကရွှေ့လျားနေကြ၊ပြောင်းရွေ့နေကြသဖြင့်၊ အရာရာမှာအိတ်စပါယာဒိတ်ဟူ၍ရှိသည်။ ကမ္ဘာကြီးသော်မှ အိတ်စပါယာဒိတ်ရှိသည် ပျက်ချိန်တန်ပျက် ပြောင်းချိန်တန်ပြောင်းရလိမ့်ဦးမည်။။


သံသရာဟူသည်ရုပ်နာမ်နှစ်ပါးနှင့် အသက်ဆက်ရသည်။သတ္တ၀ါတွေနှင့်လည်ပတ်ရသည်။ လူသားဟူသည်လည်ပတ်နေသော သံသရာစက်ဘီးကြီး၏ ခွေးသွားစိတ်တစ်ခုမှသာပါဝင်ပတ်သက်ရသည်။ ဗုဒ္ဓဘာသာအရ(၄၁)ဘုံသံသရာထဲမှာ မိမိတို့ဘ၀တွေအမျိုးမျိုးပြောင်းလဲခဲ့ကြရသည်။အနာဂါမ်ရဟန္တာတို့သာ နေခွင့်ရှိသောသုဒ္ဓါ၀ါသငါးဘုံကလွဲ၍ ကျန်(၂၆)ဘုံအားလုံး မိမိတို့ရောက်ဖူးကြသည်။ ကမ္ဘာမြေပြင်ဝယ် မိမိရုပ်ခန္ဓာအလောင်းကောင်မမြုပ်နှံဖူးသောနေရာလွတ်သည်ဟူ၍မရှိ၊သံသရာက ထိုမျှရှည်လျားခဲ့လေပြီ။ မိမိတို့ဘ၀တွေ၊ ဘ၀တွေပြောင်းခဲ့၊ ပြောင်းခဲ့ရတာတွေလည်းထိုမျှများပြားခဲ့လှလေပြီ။
အရွေ့အပြောင်းနှင့်စပ်၍ "တစ်ရွှာမပြောင်းသူကောင်းမဖြစ်"ဟူသောအဆိုလည်းရှိသည်။"သေချင်တဲ့ကျားတောပြောင်း"ဟူသောအဆိုလည်းရှိသည်။ပထမအဆိုက အပြောင်းကိုအားပေးခြင်းအဓိပ္ပာယ်သက်ရောက်သည်။ ဒုတိယအဆိုကအပြောင်းကိုအားမပေးခြင်းအဓိပ္ပာယ်သက်ရောက်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ဦးတည်ချက်ပန်းတိုင်ကားနိဗ္ဗာန်ဖြစ်သည်။ဗုဒ္ဓဘာသာဝင်တို့သည် နိဗ္ဗာန်ဘက်သို့ဦးတည်၍ တစ်တစ်ဘ၀ပြီးတစ်ဘ၀ရွေ့နေကြ၊ ပြောင်းနေကြရသည်။သိုရရာတွင် အပြောင်းကမတည့်ဘဲ လွဲလွဲသွားသဖြင့်ဤမျှသံသရာရှည်ခဲ့ခြင်း
ဖြစ်သည်။စင်စစ်ဘ၀၌နေခြင်းနှင့်သေခြင်းနှစ်ခုသာရှိသည်။ နေခြင်းအခန်းပြီးသွားရင်တော့ သေခြင်းအခန်းကိုရောက်လာပါလိမ့်မည်။ အမှန်တော့သေခြင်းဟူသည် အခြားမဟုတ်၊အဟောင်းနှင့်အသစ်နေခြင်ဒနှစ်ခု၏ စပ်ကူးမပ်ကူးကြားကာလသာဖြစ်သည်။
မိမိတို့သည် နောက်ဆုံးတစ်နေ့နီးစပ်ရာ သုသာန်သို့ဧကန်ရောက်ကြရမည်။ ထိုအခါရေစက်ချဘုန်းကြီးက "ဘ၀တစ်ပါးသို့ ပြောင်းသွားရှာသော ဦးဘယ်သူ၊ဒေါ်ဘယ်သူအားအမျှ..အမျှ..ပေးဝေပါ၏"စသည်ဖြင့် ရေစက်ချအမျှဝေသံ ကိုမိမိကဘယ်ဘုံ ဘယ်ဘ၀ကနေဘယ်ပုံ ဘယ်နည်းဖြင့်နာယူရပါမည်နည်း။ ဒါအရေးကြီးသည်။
ရက်ကန်းသည်မလေးကိုဘုရားက 'ဘယ်ကလာခဲ့လဲ'မေးတော့ "မသိပါဘုရား" ဘယ်ကိုသွားမှာလဲ မေးတော့လည်း မသိပါဘုရား
တဲ့ထို့အတူပါပဲ မိမိတို့လည်းဘယ်ကိုသွားရမည်၊ပြောင်းရမည်ဆိုတာတပ်အပ်သေချာမိသိရသေးပါ။ အရေးကြီးတာက မိမိတို့နောက်ဆုံးဘ၀အကူဒအပြောင်းမှာ အပြောင်းကအလွဲဖြစ်မသွားဖို့တော့လိုပေသည်။ဤဘ၀မှာစုတေလို့နောင်ဘ၀မှာ လူ့ပြည်နတ်ပြည်ရောက်ရလျှင် အပြော်ငးကတည့်သွားသည်ဟုဆိုနိုင်သည်။ထိုသို့မဟုတ် အပါယ်လေးဘုံများရောက်သွားခဲ့လျှင်
အပြောင်းကလွဲချေပြီ။ အပြောင်းလွဲလျှင်တော့ ကိုယ်ကျိုးနည်းရတော့မည်။ အပြောင်းမလွဲဖို့ကြိုတင်၍ဘုရားတရားအလုပ်၊ ဒါနကောင်းမှု ၊သီလကောင်းမှုအစရှိသော ကုသိုလ်ကောင်းမှုအလုပ်တွေ များများပြုကာ ပြင်ဆင်ထားကြပါစို့လို့ တိုက်တွန်းရင်း
တရားတော်ကို နိဂုန်းချုပ်ပါတယ်...
(အားလုံးပျော်ရွှင် ငြိမ်းအေးနိုင်ကြပါစေ....)

1 comment:

Bunny Than Aye said...

Credit မပျက် ပြန်လည်ဖေါ်ပြအသုံးပြာပါရစေခင်ဗျား။