Monday 30 March 2009

သစ္စာဟူသည်

ပို့စ်အသစ်တွေမရေးရသေးတာလည်းတော်တော်ကြာသွားပြီ ဒီနေ့တော့ သစ္စာတရားနဲ့ပတ်သတ်တဲ့ အကြောင်းအရာအချက်အလက်တွေကို
တင်ပြလိုပါတယ်…
“ သစ္စာဟူသော စကားသည် ပါဠိမှဆင်းသက်လာသော ပါဠိသက်ဝေါဟာရစကားဖြစ်ပါသည်။ ထိုစကားနှင့်ပတ်သက်၍ ပါဠိအဘိဓာန်တွင် မဖောက်မပြန် အမှန်ဆုံးတရား၊ မှန်ကန်သောစကား၊ မှန်ကန်စွာဆိုအပ်သောကတိဟုဖွင့်ဆိုထားပါသည်။”
ဗုဒ္ဓ၀င်အဋ္ဌကထာ၌ မည်သည့်အချိန်အခါမဆို သောကြာပြိုလ်သည် မိမိ၏သွားမြဲလမ်းမှ တိမ်းစောင်းပြောင်းလွဲခြင်းမရှိ တည့်မတ်ဖြောင့်တမ်းစွာသာ သွားသည်။ ထို့အတူဖြောင့်မှတ်စွာပြောဆိုမှုသည် သစ္စာမည်၏ဟု ဖွင့်ဆိုပြထားပါသည်။
ရှင်မဟာသီလ၀ံသ မထေရ်သည် ပါရမီတော်ခန်းပျို့ ၊တွင်
စကားသစ္စာမှန်သော အခါကား သြဇာလေးနက်၊ ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏ဟု သစ္စာနှင့်ပတ်သက်၍ စပ်ဆိုထားခဲ့ပါသည်။။
အရှင်မဟာ ဗုဒ္ဓဃောသ ဆရာတော်သည်လည်း ပါဠိဇာတ်အဋ္ဌကထာ၌ သစ္စာကိုဖွင့်ဆိုပြသည်မှာ….
“သောက်ရှူးကြယ် မည်သည် အလုံးစုံသောဥတုတို့၌ မိမိသွားမြဲလမ်းကိုစွန့်ကာ အခြားလမ်းဖြင့်မသွားဘဲ မိမိသွားမြဲလမ်းဖြင့်သာ သွားသကဲ့သို့ မှန်ကန်စွာ ပြောဆိုခြင်း စကားအရာသည် သစ္စာမည်၏ဟုဖွင့်ဆိုပြသထားသည်ကိုတွေ့ရပါသည်။
မဟာသုတသောမဇာတ်၌ ပြုအပ်သောသစ္စာကို အကြောင်းခံကာ လိုအပ်သောအရာကိုတောင့်တလျှင် ရရှိပြည့်စုံနိုင်သော သတ္တိရှိခြင်းသည် ရှေးပါရမီတော်များထက် ထူးကဲလှပါသည်။ မြေပြင်တစ်ဝန်းလုံး၌ အလုံးစုံသောအရသာမျိုးတို့ ရှိကြရာ ထိုအရသာတို့တွင် သစ္စာသည်သာလျှင် အချိုမြိန်ဆုံးသော အရသာဖြစ်သည်ဟု ဘုရားရှင်က ဟောကြားခဲ့ပါသည်။


ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတွင်။။။
(၁) မိမိအား အမျက်ထွက်သူကို မိမိကအမျက်မထွက် စိတ်မဆိုးဘဲနေခြင်းဖြင့် အနိုင်ယူပါ။
(၂) မိမိအားယုတ်မာစွာ နှိပ်စက်ပြုမှုသူကို မိမိကမယုတ်မာဘဲ ကောင်းစွာပြုမှုလျက် ပြန်လည်တုံ့ပြန်ခြင်းဖြင့် အနိုင်ယူပါ။
(၃) မပေး၇က် ၀န်တိုနှမြောသူကို မိမိက ပေးကမ်းခြင်းဖြင့် အနိုင်ယူပါ။
(၄) မဟုတ်မမှန် လိမ်ညာပြောဆိုသူကို မိမိက မှန်ကန်စွာပြောဆိုခြင်း ဟူသောသစ္စာဖြင့် အနိုင်ယူပါဟု ဟောကြားထားပါသည်။
မန်လည်ဆရာတော်ဘုရားကြီးကလည်း မဃဒေ၀လင်္ကာတွင်…
“သစ္စာနှုတ်သီး မန္တန်ကြီးက သေပြီးသော်မှ၊ ရှင်ပြန်ရ၏” ဟူ၍သစ္စာတန်ခိုးနှင့် ပတ်သက်၍
ဖွဲ့ဆိုညွှန်းပြထားပါသည်။
မိလိန္ဓပညာ၌ အရှင်နာဂသိန်က သစ္စာနှင့်ပတ်သက်၍ ဖြေကြားသည်မှာလည်း….
“ မှန်သော သစ္စာစကားဖြင့် ရေမျက်နှာပြင်ပေါ်သို့ ပြေးသွားနိုင်၏။ ပညာရှိတို့သည် မှန်သောသစ္စာစကားဖြင့် အဆိပ်ကိုသော်လည်းကောင်း ပျောက်နိုင်၏။ မှန်သောသစ္စာစကားဖြင့် မိုးသည်ထစ်ကြိုးလျက် ရွှာ၏။ မှန်သောသစ္စာစကား၌တည်သော ပညာရှိတို့သည် နိဗ္ဗာန်ကိုတောင့်တနိုင်ကုန်၏။ မြေအပြင်၌ အလုံးစုံကုန်သော ဤအရသာတို့သည်ရှိကုန်၏။ ထိုအရသာအပေါင်းတို့ထက် မှန်ကန်စွာပြောဆိုသော စကားသည်အလွန်တရာချိုမြိန်သော အရသာမည်၏” ဟူ၍ဖြေကြားခဲ့ပါသည်။။
သစ္စာတရား၏ ထူးမြတ်ပုံကိုဖွဲ့ဆိုရေးသားရန် ကုန်နိုင်တော့မည်မထင်ပါ။
ကျွန်တော်အနေဖြင့်လည်း…..သစ္စာတရားနှင့်ပတ်သက်၍ ထင်မြင်မိသည်မှာ
ခုလက်ရှိခေတ်ကာလနယ်ပယ်၌လည်း….
တစ်ဦးနှင့် တစ်ဦးအပေါ် အဖွဲ့အစည်းအချင်းချင်းအပေါ် သစ္စာစောင့်သိခြင်း၊
ကိုယ်ကျင့်သီလ ထိန်းသိမ်းခြင်းစသော အရည်အသွေးများအပြည့်ရှိပါက
မပျက်မစီးဘဲ ရေရှည်တည်တံ့နိုင်ပြီး အောင်မြင်သော ဘ၀လမ်းကိုတက်လမ်းနိုင်လိမ့်မည်ဟု
ထင်မြင်မိပါသည်..
စာဖတ်သူအဆွေသူတို့အနဖြင့် အမျိုး၊ ဘာသာ၊သာသနာအပေါ်သစ္စာစောင့်သိကြလျှက်
လောကီ ၊ လောကုတ္တရာနယ်ပယ်တွင်အောင်မြင်တိုးတက်လျက် မြတ်သောနိဗ္ဗာန်ဆီသို့ဦးတည်လျှောက်လှမ်းနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလျှက်
တက္ကသိုလ်သျှင်သီရီ ရေးသားပူဇော်သော “သစ္စာတန်ခိုးတော်များ” စာအုပ်မှ မှီးငြမ်းကိုးကားတင်ပြလိုက်ပါတယ်။။။

ငြိမ်းအေးထွန်း(၀န်းသို)
www.nyeinayetun.blogspot.com
သစ္စာအမျိုးအစားများကို ဆက်လက်ရေးသားတင်ပြပေးသွားပါမယ်…


No comments: