Sunday, 24 February 2013

"ဣဿာ မစ္ဆရိယ ဟူသည်....."




"ဣဿာ"
-----------
ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။

လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊

ဒါကလည်း ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊
ဒါ ဣဿာပဲ။

"မစ္ဆရိယ"
-----------
နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊
အရပ်ထဲမှာတော့ မစ္ဆရိယ ဆိုတာ နှမြောတာ၊
‘နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။

♠ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။ ♠

"မစ္ဆရိယ ၅-မျိုး"
-----------------

မစ္ဆရိယ ၅-မျိုးရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊
ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊
အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။

(၂) ‘ကုလမစ္ဆရိယ’
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို
သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊
ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလမစ္ဆရိယ။


(၃) ‘လာဘမစ္ဆရိယ’၊
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) ‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ
ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) ‘ဓမ္မမစ္ဆရိယ’ဆိုတာ
ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။

‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊

မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး
တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့်
ဘာကြည့် ချင်တုန်းဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေ
အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊

အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး၊
သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင်
သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင်
အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။

ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊
သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုး ရှိတယ်။

ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင်
မာန်ဖီတော့တာပဲ မဟုတ်လား၊
အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊
ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊
မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။

♠ သို့သော် အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊

♠ ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်၊
♠ မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။

[ပါမောက္ခချုပ်ဆရာတော်ကြီး" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ" ၏
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (ဣဿာ မစ္ဆရိယ ဟူသည်)]

Tuesday, 11 December 2012

လွတ်မြောက်တဲ့ စိတ်အကြောင်း



စိတ်ကလေး လွတ်သွားဖို့ဆိုတာ လွတ်မြောက်တဲ့စိတ်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး
မရင့်ကျက်သေးရင် ရင့်ကျက်ဖို့အကြောင်းတရားတွေ ကိုယ့်မှာ လိုနေသေးတယ်
အဲဒီအကြောင်းတရားတွေက ဘာတွေလဲဆိုရင်...
    နံပါတ်တစ် ကိုယ့်မှာ လမ်းညွှန်မှု ဂိုက်လိုင်းပေးနိုင်တဲ့ မိတ်ကောင်း၊ ဆွေကောင်းတွေလိုမယ်။
    နံပါတ်နှစ်    ကိုယ့်မှာ ကိုယ်ကျင့်တရား ပြည့်စုံဖို့လိုမယ်။
    ( ဥပမာ-ရဟန်းဆိုရင် ရဟန်းတွေကျင့်ရမည့် ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်တရားတွေလိုမယ်။
    နံပါတ်သုံး    ကထာ (သို့မဟုတ်) စကား (၁၀) မျိုး သူများဆီက ကြားဖို့လိုမယ်။
    ဆွေးနွေးပြောကြားဖို့အတွက် စကားဆိုတာ အင်မတန်မှ ထိရောက်ပါတယ်။
    ဒီစကားတွေကိုသာ နားထောင်ရင် မရင့်ကျက်သေးတဲ့စိတ်က ရင့်ကျက်လာမယ်၊
    မလွတ်မြောက်သေးတဲ့ စိတ်က လွတ်မြောက်လာမယ်။
    ဘာစကားတွေ နားထောင်ရမလဲဆိုတော့...
၁။ အပ္ပိစ္ဆ ကထာ - လောဘဆိုတာ မထားရဘူးဆိုတဲ့ စကားမျိုးတွေ များများနားထောင်ရမယ်။
၂။ သန္တောကထာ - ရှိတာလေးနဲ့ ရောင့်ရဲရမယ်ဆိုတဲ့ စကားမျိုးတွေ များများနားထောင်ရမယ်။
၃။ အသံသဂ္ဂကထာ - ကိလေသာတွေနဲ့  စိတ်နဲ့ မရောနှောရဘူး။
တွယ်တာငြိကပ်မှုတွေနဲ ကင်းကွာလွတ်လပ်အောင်နေရမယ်ဆိုတဲ့
နေနည်းတွေနဲ ပြောပြတဲ့ စကားတွေကို များများ နားထောင်ရမယ်။
ဒီစကားတွေဟာ သိပ်ပြီးတော့ အရေးကြီးတယ်။ မကောင်းတဲ့ဘက်ကို ဖယ်ရှားပြီး၊
 ကောင်းတဲ့ဘက်ကို ကျင့်ကြံပွားများဖို့စိတ်ကို မွေးမြူရမယ်။
အဲဒါတွေကိုမွေးဖို့ တိုက်တွန်းတဲ့စကားတွေကို များများနားထောင်ပေးရမယ်။
ဟုတ်ပါတယ်။ စကားဆိုတာ အင်မတန်မှ တန်ဖိုးရှိပါတယ်။
တရားနာလိုက်လို့ဆိုရင် တရားနာလိုက်လို့ ရတဲ့အသိလေးက ကိုယ့်ကို အများကြီးပြောင်းလဲသွားစေတယ်။
ဒီစကားတွေဆိုတာလဲ မိတ်ကောင်းဆွေကောင်းဆီသွားမှ ဒီလိုစကားမျိုးကြားရမှာ။
 ဒီပြင်လူဆီသွားလို့ ဒီစကားမျိုးကြားရမှာမဟုတ်ဘူး။
ကုန်သည်ပွဲစားဆီသွားရင် အရောင်းအ၀ယ်ကိစ္စပဲကြားမယ်။
သူခိုး ဓားပြ ဆီသွားရင် တိုက်မယ် ခိုက်မယ်ဆိုတဲ့ စကားပဲကြားရမယ်။
သူတော်ကောင်းနဲ့ပေါင်းတဲ့အခါမှ ဒီစကားမျိုး ကြားရမှာပါ။
    ၄။ သီလ ကထာ - ကိုယ်ကျင့်တရားနဲ ပတ်သက်တဲ့ စကားတွေ များများနားထောင်ရမယ်၊
         များများပြောပေးရမယ်။
    ၅။ ပရိဝေက ကထာ - တိတ်ဆိတ် ငြိမ်သက်မှုနှင့် စပ်လျဉ်းသည့် စကားများများနားထောင်ပေးရမယ်။
         လွတ်လွတ်လပ်လပ် ကိုယ်လွတ်စိတ်လွတ် တရားပေါ်မှာသာ စိတ်ညွတ်ပြီးတော့နေတဲ့
         အနေအထားမျိုးကိုရှင်းလင်းပြောကြားတဲ့ စကားတွေကိုသာ နားထောင်ရမယ်။
    ၆။ သမာဓိ ကထာ - စိတ်ဓာတ်တည်ငြိမ်မှုနဲ့ ပတ်သက်တဲ့ စကားတွေများများနားထောင်ရမယ်၊
         များများပြောပေးရမယ်။
    ၇။ ပညာ ကထာ - ပညာနဲ ပတ်သက်တဲ့စကား။
    ၈။ ၀ိမုတ္တိ ကထာ - စိတ်ရဲ့ လွတ်မြောက်မှုနဲ့ ပတ်သက်တဲ့ စကား။
    ၉။ ၀ိမုတ္တိ ညာနဒဿန ကထာ - လွတ်မြောက်ပြီး ရတဲ့ အသိဥာဏ်နဲ့ ပတ်သက်တဲ့ စကား။
    ၁၀။ နောက်တစ်ခုက ကြိုးပမ်းအားထုတ်မှုလိုအပ်တဲ့ ၀ီိရိယနဲ့ ပတ်သက်တဲ့စကားတွေ များများနားထောင်ရမယ်။ များများပြောပေးရမယ်။
အဲဒါကို ကထာ (၁၀) မျိုးလို့ခေါ်တယ်။ အဲဒီစကား (၁၀)မျိုးကိုသာ ကြားနေရရင် မရင့်ကျက်သေးတဲ့စိတ်တွေ ရင့်ကျက်စေတယ်။


မလွတ်မြောက်သေးတဲ့ စိတ်တွေလွတ်မြောက်စေပါတယ်။ ဒါကြောင့် ကထာ (၁၀)မျိုးကို မကြာခဏ နားထောင်ပေးရပါမယ်။
မြတ်စွာဘုရားရှင်က ဒီ(၅)ချက်ဟာ အရေးကြီးတယ်ဟု ဟောကြားခဲ့တယ် ။ အဲဒီအချက်တွေကတော့ -
၁။    ကိုယ့်မှာ မိတ်ကောင်း၊ ဆွေကောင်းတွေရှိရမယ်။
၂။     ကိုယ့်မှာ ကိုယ်ကျင့်သီလရှိရမယ်။
၃။     ကထာ (သို့မဟုတ်) စကား (၁၀) မျိုး နားထောင်ရမယ်။
၎။    လုံးလ၀ိရိယရှိရမယ်။
၅။    အသိပညာရှိရမယ်တို့ ဖြစ်တယ် ။
ကြိုးပမ်းအားထုတ်မှုနဲ့ ပတ်သက်တဲ့ ၀ီရိယပညာတွေ လိုအပ်တယ်။ အကုသိုလ်တွေဖြစ်လာရင် ဖယ်ရှားပစ်ဖို့  ကြိုးပမ်းရမယ်။
ဘာအတွက်ကြိုးပမ်းရမလဲဆိုတော့ ကုသိုလ်တွေမဖြစ်သေးရင် ဖြစ်လာအောင်ကြိုးပမ်းရမယ်။ အဲဒီ ကြိုးပမ်းမှု (၂)မျိုးနဲ ပြည့်စုံရမယ်။

မေတ္တာဟူသည် ညီမျှခြင်း



မေတ္တာ၏ အခြေခံသည် ကိုယ်ချင်းစာ၊ ကိုယ်ချင်းစာတရားကသာလျှင် မေတ္တာတရားကို မွေးဖွားပေးပြီး
တော့ ‘ မေတ္တာဟူသည် ညီမျှခြင်း အဓိပ္ပာယ်ကို ပေါ်ပေါ်လွင်လွင် ဖော်ဆောင်ပါလိမ့်မယ်။ လိုလျှင်ကူ၊ မလိုလျှင် ငြူစူ၊ တစ်ဖက် ကူသလိုလိုနှင့် ကိုယ့်ဘက် အရချူနေတာ မေတ္တာမဟုတ်ပါ။။
တစ်နေ့သုံးခါ၊ အိုးတစ်ရာ၊ ချက်ကာ ကျွေးထမင်း
နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါ၊ မေတ္တာပို့လွှတ်သွင်း
ဤနှစ်ဦးတွင်၊ မေတ္တာရှင်၊ သာပင်သာဘိခြင်း။

အိုးတစ်ရာနဲ့ ထမင်းချက်ပြီး တစ်နေ့သုံးခါ ကျွေးမွေးဒါနပြုခြင်းထက်…တစ်နေ့သုံးခါ နို့တစ်ညှစ်စာ
မေတ္တာပို့ခြင်းက ပိုပြီးစွမ်းအားကြီးတယ်လို့ ဆိုလိုပါတယ်။

မေတ္တာစိတ်ဆိုတာ..သတ္တ၀ါခပ်သိမ်းတို့အပေါ် နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေချင်တာ၊
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေချင်တာ၊ မငြူမစူ ကြည်ဖြူတာ၊ ဆင်းရဲကင်းစင် ချမ်းသာစေချင်တာ၊
အထင်သေးအမြင်သေး မခန့်လေးစားမလုပ်တာ၊ မိမိကိုယ်နှင့် အမျှထားတာတွေဟာ မေတ္တာစိတ်ပါပဲ။
မိမိ၏ တစ်ဦးတည်းသော သားသမီးအပေါ်ထားသော မေတ္တာစိတ်မျိုးဖြင့် သတ္တ၀ါအားလုံးနှင့် သင့်တင့်မျှတအောင် ဆက်ဆံတက်ပါလျှင် သူ့မှာ ဖြစ်ပေါ်နေသော ရာဂ ဒေါသ စတဲ့ ကိလေသာများ၊
အကုသိုလ်များကိုပင် ဖျက်ဆီးသုတ်သင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး



ဗုဒ္ဓဘာသာ့ ကထာ ကောက်နှုတ်ချက်



သဗ္ဗပါပဿ အကရဏံ၊ ကုသလသ ဥပသမ္ပဒါ
သ စိတ္တ ပရိယော ဒါပနံ၊ ဧတံ ဗုဒ္ဓန သာသနံ။

၁။ အတုံ့အလှည့်ကို ဖြစ်စေတတ်သဖြင့် မကောင်းမှုမှန်သမျှ လုံးဝမပြုကျင့်သင့်။
၂။ အတုံ့အလှည့်မှ ကင်းဝေးစေသဖြင့် ကောင်းမှုကိုကား မနေမနားကြိုးစားသင့်၏။
၃။ အမှားအမှန်အတိုင်း ထိုးထွင်းသိသာလာစေရန် မိမိစိတ်အဖြူစင်ဆုံးဖြစ်အောင် ပြုပြင်သင့်၏။
          ဤစကားတော် သုံးခွန်းကား  ဘုရားရှင်တိုင်း ဟောကြားသော အဆုံးအမများတည်း။
          ဗုဒ္ဓဟူသည် အမှန်တရားသစ္စာကို ထိုးထွင်းသိသော အမြတ်ဆုံးလူသားတည်း။ ဘာသာဟူသည်  ထိုသိသူက အရှိအတိုင်း ဟောကြားသော စကားတည်း။

          ဗုဒ္ဓဘာသာဝင်ဟူသည် ထိုသူ၏စကားကို စိတ်ဖြင့်လည်းလိုက်စား၊ နှုတ်ဖွင့်လျက်ကလည်းလိုက်စား၊ ကိုယ်ထိ လက်မြောက်လည်း လိုက်စားနေခြင်းတည်း။
ငါတို့ဗုဒ္ဓ ၀ါဒကား..
(၁) မကောင်းမှုမပြုလင့် - မကောင်းဥာဉ်များ အားအင်ကုန်ခန်းသွားရန်အတွက်။
(၂) ကောင်းမှုမှန်ကပြုကျင့် - ကောင်းဥာဉ်များ ထွန်းကားသည်ထက် ထွန်းကားလာရန်အတွက်။
(၃) စိတ်ကိုဖြူစင်စွာထား - အရာရာကို အရှိအရှိအတိုင်း ထိုးဖောက်မြင်သိရန်အတွက်။
ထိုစကားတော် သုံးချက်လျှင် အနှစ်ချုပ်ခဲ့၏။ " မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား" ဆိုပြီးလည်း အလွယ်တကူမှတ်ယူနိုင်ပါသည်။ သို့စဉ်လျက် သင်သည် သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာကို နည်းအမျိုးမျိုးဖြင့် မတရားရယူခြင်း။ သူတစ်ပါးးလင်သားနှင့် သားမယားများကို ငါပျော်ပါးရပြီးရောဖြင့် ဖျားယောင်းပေါင်းသင်းခြင်း။ လိမ်ညာစကားမုသားဆိုခြင်း၊ ကာမဒုက္ခကြီးများ၏ဖြစ်စဉ်ကို မှုးယစ်ဆေးသုံး၍အမေ့ကောက်ထားခြင်း ဟူသော သူတစ်ပါးဝါဒကို အတုယူကာ မကောင်းရာဘက် လက်သွက်နေသော်....
          သင့်လုပ်ရပ် ဘုရားလည်းမကြိုက်၊ အများလည်းမကြိုက် ချေ။ ထိုမကောင်းမှုတန်းလန်းကြီးဖြင့် သင် ဗုဒ္ဓဘာသာစစ် မဖြစ်ချေ။
          တစ်ဖန် ထိုထိုမကောင်းကျင့်တို့မှကား ကင်း၏။ ထိုကင်းခြင်းသည် မတွေ့သေး၍သာကင်းခြင်း၊ မသတ်ရဲ၍သာကင်းခြင်း၊ မလုပ်ဝံ့၍သာကင်းခြင်းမျိုး စသည်ဖြစ်နေသော် ကောင်းရာဘက် ခြေဦးမသက်နိုင်သေးပြီ၊
          မည်သူနှင့်တွေ့တွေ့ ကိုယ့်ကိုယ်နှင့် တစ်ကိုယ်ချင်းစာနာထောက်ထားခြင်း၊
          တန်းတူတွေ့သော် မာန်ကိုနှိမ့်ချဖက်ပြိုင်မှုကင်းပစေခြင်း၊
          ကိုယ့်ထက်သာတာတွေ့သော် ၀မ်းမြောက်မှုကိုပြ မရှုဆိတ်မှု ကင်းပစေခြင်း၊
          ကိုယ့်ထက်အောက်ကျတွေ့သော် ၀မ်းနည်းမှုကိုပြ မနာလိုမှု ကိုကင်းပစေခြင်း၊
 ထိုလောကပါလ တရားများ စိတ်ဝယ်သွင်းထားပေးမှသာ ကောင်းရာဘက်ခရီးသက်စေမည်။
(က) မေတ္တာ၊ ဂရုဏာ၊ မုဒိတာဓ ဥပေက္ခာဟူသော  အထက်ပါအမြတ်ရသော နေနည်းလေးမျိုးတို့သည် လောကကြီးကို မပျက်စီးစေရန် အစောင့်အရှောက်များတည်း။
(ခ) မကောင်းမှုပြုကျင့်ရမည်ကို လူတို့မြင်မည် ကြားမည်ကို ရှက်တက်ခြင်း၊ မိမိလည်းနောင်ပြန်လည်ခံရဦးမည်ကိုကြောက်တက်ခြင်းများလည်း လောကကြီးကို မပျက်စီးစေရာ၏ အရင်းခံဖြစ်၍ လောကပါလတရားပင် ဆိုရ၏။
ထိုနှစ်မျိုးထွန်းကားနေမှသာ...
မကောင်းဥာဉ်ပျက် ကောင်းဥာဉ်ဘက် ဆက်ထွက်နေသော ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အဖြစ် အမည်ခံထိုက်ပါချေသည်။
ထိုသူသည် ဘာမဆို အနစ်နာခံရန် မခဲယဉ်းတော့သောကြောင့်၊ ထိုသူသည် ဘာမဆိုအနစ်နာခံရန် မခဲယဉ်းတော့သောကြောင့်၊ ထိုသူသည် ဘာမဆို ကူညီရိုင်းပင်းခြင်း၊ ရက်ရောဖြင်း ထင်းလင်းရှိသောကြောင့်၊
သို့တစေလည်း သင်၏ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း၊ ပေးကမ်းရက်ရောခြင်းများကို အခွင့်ကောင်းယူကာ သင့်စေတနာကို အလွဲသုံးစားလုပ်သူများနှင့် ရင်ဆိုင်မိသော်ကား ရှောင်လွဲကျောပေးလျက်က ထွက်ခဲ့လေ။ မီးလောင်တွင်းကြီး၏ အထဲထင်းခြောက် ပစ်ကြဲခြင်းဖြင့် သင့်၌ ဘာမျှအကျိုးမရှိသည်ကို သတိပြုပါလေ။
          ဘုရားရှင်၏ ပါရမီဖြည့်ဘ၀ နုစဉ်ကာလတုန်းက...
(က) ပုဂ္ဂိုလ်ကိုလည်း အယုတ်အလတ် အမြတ်မရွှေးပေးစွန့်၏။
(ခ) ၀တ္ထုကိုလည်း အယုတ်အလတ် အမြတ်မရွှေး ပေးစွန့်၏။
(၃) တောင်းတိုင်းလည်း ပေးကမ်းစွန့်ကြဲလေ့ရှိ၏
          ထိုအလောင်းတော်ထုံး နှလုံးမှုလျက်ကသာ ဥာဉ်ကောင်းဘက်ဆက်ရာ၏။ တစ်ဖန်ကောင်းမှုကိုကား ပြုကျင့်နေပါ၏။ သို့တစေလည်း..စိတ်ဝယ် ရာဂ၊ ဒေါသ စသောညစ်ပေမှုများ သောင်းကျန်းနေသော် သင်ကား ဗုဒ္ဓဘာသာ၏ သားကောင်း သမီးလှ အမည်မရထိုက်သေးချေ။
          လက်ကသာ ဒါနမှုပြု၏။ စိတ်မှ ငါ- ငါ့ဥစ္စာဟူသော ဒိဌိ နှင့် တဏှာမဆွဲနုတ်သော်..
          ကိုယ်နှုတ်ကသာ သီလစောင့်၏၊ စိတ်မှကား တောကြံ တောင်ကြံ ကြံစည်နေသော်..
          ပါရမီဟူသော စကားနှင့် အလွန်ပင် အလှမ်းကွာဝေးလှချေသေး၏။ စိတ်၏ဖြူစင်ရာသို့ဟူသော ရည်မှန်းချက်နှင့်လည်း အလှမ်းဝေးလှချေသေး၏။
          စင်စစ် ကိုယ်စွန့်၍ စိတ်မလွတ်ခြင်း၊ ကိုယ်ထိန်းလျက်က စိတ်မစောင့်စည်းခြင်း ဒါနတို့သည် ကောင်းမှုဆိုရသော်လည်း ကောင်းသန့်ကား မဟုတ်ချေ။ စိတ်မစင်ကြယ်သော ကောင်းမှု၏ အကျိုးပေးသည် သဲကျမုန့်ကောက်ဝါးရသည့်ပမာ သန့်ပြန့်စင်ကြယ် သောအရသာ မပေါ်လွင်လှသောကြောင့်...
          ထိုစွန့်လွတ်မှုဒါန နှင့် စောင့်စည်းမှုသီလတို့ကို အရင်းတည်၍..
(က) ပါရမီအဆင့်ဆင့်တို့ဖြင့် မိမိစိတ်မိမိရင့်ကျက်အောင် မပြုပြင်ရသေးသော်...။
(ခ) ဥာဏ်စဉ် အဆင့်ဆင့်တို့ဖြင့် မိမိစိတ် မိမိ ဖြူစင်အောင် မဆောင်နိုင်သေးသော်...
          သင့်ကိုယ်သင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ပါဟူ၍ ၀န်မခံသင့်သေးပြီ။
          အကယ်တိတိ သင့်ရှိသဒ္ဒါ၊ဆန္ဒ၊ ၀ီရိယဟူသည့် အယုံပြင်းခြင်း၊ အားထုတ်လိုခြင်း၊ အရဲပိုခြင်းသုံးမျိုး မထက်မြက်သေး၍ ထိုစိတ်ဖြူစင် ရင့်ကျက်မှုအပိုင်းအထိ မတက်နိုင်ခဲ့ပါသော်လည်း ငါလိုသေးသည်ဟုသော ကိုယ့်ကိုယ်ကို မှတ်ချက်အတေး အရေးပေးလျက်က အလယ်တန်းအဆင့် ကောင်းမှုပြုကျင့်မှုခေါ် သူတော်ကောင်းပြု အလုပ်များလောက်တော့ ကြိုးစားသင့်ပါသည်။
          အကယ်တိတိ သင့်ရှိယုံကြည်ချက် သဒ္ဒါအင်အား၊ ကောင်းမှုပြုလိုသည့် ဆန္ဒအင်အား၊ ရဲတင်းစွာကြိုးစားလိုမှု၊ ၀ီရိယစွမ်းအားများကြောင့်သော်လည်းကောင်း၊ ပစ္စည်းဓန စသည့်အခြံအရံအားများက မလုံလောက်သောကြောင့်လည်းကောင်း၊ မတက်သာသေးလျှင် ငါကားလိုသထက်လို သေးသည်ဟူသော မှတ်ချက်ပြုကာ အောက်တန်းအဆင့် မကောင်းမှု မပြုကျင့်တော့ရန်ကိုကား ကြိုးစားသင့်ပါသည်။
          ထိုအောက်အဆင့်မျှ မကြိုးစားနိုင်သော် လူဖြစ်ဖို့ရန်ပင် မလွယ်ကူပါပြီ၊ ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက် ဖြစ်ဖို့ကား သာ၍ သာ၍ ဝေးကွာသွားချေပြီ။
           ဘုရားရှင်သည် အလောင်းတော် ဘ၀ကပင် အောက်တန်းအ        ဆင့်မရောက်ခဲ့ပါချေ။ အာရုံမှားသဖြင့် တိရစ္ဆာန်ဘ၀လားရသော်မှလည်း ငုံးမင်းကြီး၊ ဒေါင်းမင်းကြီးစသော  အထက်တန်းစား ချည်းဖြစ်ခဲ့ပါသည်။
          ဗုဒ္ဓဘာသာဝင်ဆိုပြီး သင် ငရဲသွားရသော်ဘာသာဝင် မစစ်သေး၍တည်း။
          ဗုဒ္ဓဘာသာဝင်ဆိုပြီး သင်အောက်တန်းစားပြိတ္တာ တိရစာစ္ဆာန်ဖြစ်နေသော်လည်းကောင်း၊ ဗုဒ္ဓဘာသာဆိုပြီး လူ့ဘ၀အခြေမဲ့ အနေမဲ့ဖြစ်နေသော်လည်းကောင်း သင်၏ ဘာသာဝင်ကတ်ပြားသည် အစစ်မဟုတ်သေး၍ တည်း။
          ဘုရားနှင့်နောက်ပါ အရိယာသာဝကတို့သည် အထက် အထက်သို့သာ လားကြာတော်မှုကြပါ၏။ ဗုဒ္ဓဘာသာဝင် အမည်ခံလျက် ဗုဒ္ဓ၏အဆုံးအမစကားအတိုင်း မကျင့်ကြံ ၍အပါယ်လားရပါချေသော် ခြေရာထပ်သားဟူ၍ မဆိုသင့်တော့ပြီ။
 သည်စကားသုံးခွန်း လိုက်နာခြင်းဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပါ
သဗ္ဗပါပဿ အကရဏံ၊ ကုသလသ ဥပသမ္ပဒါ
သ စိတ္တ ပရိယော ဒါပနံ၊ ဧတံ ဗုဒ္ဓန သာသနံ။
သဗ္ဗပါပဿ - မကောင်းမှုအားလုံးကို၊ အကရဏံ - မပြုကျင့်ခြင်းလည်းကောင်း။
ကုသလသ - ကောင်းမှုမှန်သမျှကို၊ ဥပသမ္ပဒါ- ပြည့်စုံစေခြင်းလည်းကောင်း၊
သ စိတ္တ ပရိယော ဒါပနံ - မိမိစတ်ကို အဆုံးအထိ ဖြူစင်စေခြင်းလည်းကောင်း (၀ါ) အဖြူစင်ဆုံးထားရှိခြင်းလည်းကောင်း၊
ဧတံ - ဤစကားတော် သုံးခွန်းပေါင်းသည်..
ဗုဒ္ဓနံ- ဘုရားရှင်တိုင်းတို့၏ သာသနံ - အဆုံးအမတော်ပေတည်း။
                                                               မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
        ဗုဒ္ဓဘာသာ့ ကထာ ကောက်နှုတ်ချက် ဆိုပြီး ခေါင်းစဉ်ပေးထားမိခဲ့ပါသည်။ ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာ့ ကထာ စာအုပ်၏ အစပိုင်း နှင့် အဆုံးပိုင်းမျှ ရွှေးချယ်ကောက်နှုတ်ထားခြင်းဖြစ်သည်ကို ဦးစွာ ၀န်ခံပါသည်..။ဓာတ်ပုံကို မြန်မာ့အလင်းသတင်းစာမှ ထုတ်ယူသုံးစွဲထားပါသည်။
          စာအုပ်၏ အလယ်စာသား များသည် လည်းလွန်စွာ ကောင်းမွန်လှပါသည် တန်ဖိုးရှိ သော ဆုံးမသြ၀ါဒများကိုလည်း တွေ့မြင်နိုင်ပါသည်..။ တစ်အုပ်လုံးဖတ်နိုင်သူအတွက် ပိုမိုပြီး အကျိုးရှိမည်ဟု ထပ်လောင်း တိုက်တွန်းလိုက်မိပါသည်..။
စာဖတ်သူ များ ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ.....
                                            မေတ္တာဖြင့်
                                                               ပူဇော်သူ----        ငြိမ်းအေးထွန်း.

Tuesday, 27 March 2012

" အမျှ ဘာကြောင့်ယူရတယ် "

ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။


အမျှဘာကြောင့် ယူရတယ်
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။

အလွန်တရာလေးနက်တဲ့ပဋ္ဌာန်း စတဲ့အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို
ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင် တန်းရဲ့သုံးနှစ်ပတ်
လည်အဖြစ်ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့
လျှောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလို မူလတန်းကလေးတွေ အတွက်ပြဌာန်းထားတဲ့
မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲလို့
တွေးကောင်းတွေးမိလိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်းအရွယ်
သူငယ်နှပ်စား ထင်ပြီး စော်ကားမော် ကားလုပ်လေသလားလို့
တွေးကောင်းလည်းတွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ်
တတိယတန်းလား။ စတုတုတ္ထတန်း လားတော့ တိတိကျ ကျမမှတ်မိတော့ဘူး။
မြန်မာဖတ်စာစာအုပ်ထဲ မှာ ဖတ်ခဲ့ရတယ်။
ဒီကဗျာလေးထဲကပဲ စာပိုဒ်တစ်ပိုဒ်ကိုယူပြီး ဟိုတနေ့ကပဲ “ခေါင်းလောင်းသံ
ငါတို့ကြား” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးဖြစ်လိုက်သေးတယ်။
ဒီထဲကတချို့ကတော့ ဖတ်ပြီးကောင်းဖတ်ပြီးဖြစ်လိမ့်မယ်။
အဲဒီဆောင်းပါးထဲမှာတော့ အသက်အရွယ်လေးတော်တော်ရလာတော့ ဇရာဆို တဲ့လက်နဲ့
ထိုးနှက်ခဲ့တဲ့အတွက်ကြောင့် နာကျင်မှု (ဗျာဓိ) သံစဉ်ထွက်လာတဲ့အကြောင်းကို
ရေးဖြစ်ခဲ့တယ်။ အဲဒီဆောင်းပါးရေးနေရင်းပဲ ဒီကဗျာလေးနဲ့
ပတ်သတ်တဲ့တခြားတွေးတောစရာလေးတွေလည်း စိတ်ထဲပေါ်လာလို့
အနည်းအကျဉ်းချဲ့ပြီးတွေးဖြစ်ခဲ့တယ်။

အဲဒီလိုတွေးခဲ့တဲ့အတွေးက ဒီနေ့ ဒီမှာပြောလိုတဲ့အကြောင်းအရာနဲ့
ဆက်စပ်နေတယ်ထင်မိလို့ ဒီနေရာမှာနည်း နည်းပြောပြချင်ပါတယ်။

ကဗျာလေးထဲမှာ “ခေါင်းလောင်းသံ ငါတို့ကြား၊ အမျှယူစို့လား”လို့ပါတယ်။ ဒါ
မြန်မာရိုးရာဓလေ့နဲ့ ဆက်စပ်နေတယ်။ ဦးဇင်းတို့ငယ်စဉ်က ရွာဦးကျောင်းမှာ
တော်တော်ကြီးတဲ့ခေါင်းလောင်းကြီးတွေရှိတယ်။ မင်းဖြူမှန်မှန်ပြောလို့
ဆိုကြတဲ့ အလေးချိန် ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာ
အလေးချိန်ရှိတယ်လို့ဆိုတဲ့ မင်းကွန်းခေါင်းလောင်းကြီးလောက်
မကြီးမားပေမယ့် ရွှေတိဂုံဘုရားကုန်းတော် ရာဟု ထောင့်ကဓမ္မာရုံထဲမှာ
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းကြီးလောက်တော့ ရှိမယ်ထင်တယ်။
ရွာကျောင်းမှာ အဲဒီခေါင်းလောင်းမျိုး သုံးလေးလုံး ရှိတယ်။

ညစဉ်ညတိုင်း ၇ နာရီလောက်အချိန်မှာ ဆရာတော်အပါအဝင်
ကျောင်းမှာရှိတဲ့ကျောင်းသားကိုရင်အားလုံး ဘုရားဝတ်ကြတယ်။
ဝတ်မ တက်မီမှာ အချက်ပေးတဲ့အနေနဲ့ အဲဒီခေါင်းလောင်းကြီးတွေကိုထိုးနှက်တယ်။
ခေါင်းလောင်းသံကို တစ်မိုင်ကျော်ကျော် နှစ်မိုင်လောက်က အထိ ကြားရတယ်။

အဲဒီလိုခေါင်းလောင်းကြီးတွေထိုးနှက်ရင် ရွာဦးကျောင်းက
ဝတ်တက်ကြတော့မယ်လို့သိတာနဲ့ ရွာထဲက ဘုရားတရားဝါသနာထုံတဲ့ လူကြီး
သူမများကလည်း ကိုယ့်အိမ်က ဘုရားစင်ရှေ့မှာ ဘုရားဝတ်တက်ကြတယ်။
အိမ်မှာရှိတဲ့သားသမီးတွေမြေးတွေကိုလည်း ဘုရားရှိခိုးဖို့
တိုက်တွန်းကြတယ်။ ဒီတော့ ခေါင်းလောင်းထိုးသံက ကုသိုလ်ပြုလုပ်ဖို့
အချက်ပေးခေါင်းလောင်းသံလို ဖြစ်နေတယ်။

Wednesday, 14 March 2012

မှတ်သားမိ သမျှ (၁)


ချီးမွမ်းတယ် ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးအလုပ်၊
သူတစ်ပါးလက်ထဲမှာရှိတယ်။

ကိုယ့်အတွက် အရေးအကြီးဆုံးက ဘယ်သူဘာပြောပြော 
သဘောထား မှန်မှန်နဲ့ ကိုယ်လုပ်သင့်တာကို လုပ်နေဖို့ပဲ။
အဲဒါ ကိုယ့်လက်ထဲမှာရှိတယ်။

ဆရာတော် ဦးဇောတိက


သူများလောက်မလုပ်နိုင်လို့လည်း
ဘာမှစိတ်ပျက်စရာ မလိုပါဘူး။
သူများထက်ပိုလုပ်နိုင်လို့လည်း
ဘာမှစိတ်တက်စရာ မလိုပါဘူး။
သူလည်းသူစွမ်းသလောက်လုပ်
ကိုယ်လည်းကိုယ်စွမ်းနိုင်သလောက်လုပ်ရုံပါပဲ။
အကျိုးခံစားရတဲ့နေရာမှာလည်း
သူများနဲ့နှိုင်းယှဉ်ပြီး 
စိတ်ပျက်စရာ စိတ်တက်စရာ လုံးဝမလိုပါဘူး။
သူ့ကံနဲ့သူ ၊ကိုယ့်ကံနဲ့ကိုယ်ပါ။
လုပ်စရာရှိတာ အေးအေးဆေးဆေးလုပ်
ခံစားစရာရှိတာအေးအေးဆေးဆေးခံစားပေါ့။

(ဆရာတော် အရှင်ဆန္ဒာဓိက)


ကိုယ့်ကိုယ်ကို
ပုဝါဖြူလား
လက်ခုလား အမြဲစစ်။
ပ၀ါဖြူဆိုရင်
အညစ်အကြး မပေစေနဲ့ ထိန်းသိမ်း။
လက်ခုဆိုရင်
နာနာဖွတ်လျှော်မှ ဖြူမယ်လို့ မှတ်။
        ဓမ္မဒူတဆရာတော် အရှင်ပညာဇောတ


ကိုယ့်ကိုတကယ်ထိထိရောက်ရောက်
နှိပ်စက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ် တကယ်ကူညီနိုင်တာလည်း
ဘယ်သူရှိမလဲ၊ ကိုယ်ပဲပေါ့။

               မဟာဂန္ဓာရုံဆရာတော်


သည်းခံတယ် ဆိုတာ
အရာရာကို အပြုံးမပျက်
ရင်ဆိုင်ရဲတဲ့ သတ္တိကို ခေါ်တယ်..

(ဆရာတော် အရှင်နန္ဒမာလာဘိဝံသ)

သူများ မကောင်းကြောင်းကို အချိန်ကုန်ခံပြီးတော့ ပြောမနေပါနဲ့။
သူများအပြစ်ကို အချိန်ကုန်ခံပြီး ပြောမနေပါနဲ့။
အဲဒီလို အချိန်ကုန်ခံပြီး ပြောနေရင်-
အဲဒီအချိန်တွေဟာ ကောင်းတဲ့နေရာမှာ မသုံးလိုက်ရတဲ့ အတွက်ကြောင့်
ကိုယ့်ဘ၀ဟာ တိုးတက်မှု ၊ရင့်ကျက်မှု ဖြစ်မလာနိုင်ဘူး။
If I devalue you. I devalue myself.
(သူ့ကို ငါက တန်ဖိုးချလို့ရှိရင် ငါဟာ ငါ့ကိုယ်ငါလည်း တန်ဖိုးချလိုက်ရာ 
ရောက်သွားတယ်။)

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

Thursday, 8 December 2011

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲ

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊
ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊
ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊
အချို့က ဗုဒ္ဓဘာသာဆိုတာ -
(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊
(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊
(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

"အချို့က 'ဗုဒ္ဓဘာသာ' ဆိုတာ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဘုရားရဲ့ အယူဝါဒလို့ ဖြေဆိုကြပါတယ်ဘုရား။"

"အချို့ကလည်း သာသနာဆိုတာ အဆုံးအမ၊ ဘုရားရဲ့ အဆုံးအမ၊ သာသနာကို ဗုဒ္ဓဘာသာခေါ်ကြောင်း ပြောကြပါတယ်ဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာ သာသနာကို အသေးစိတ် သေသေချာချာ သိချင်နေပါတယ်ဘုရား။ ဆရာတော်ဘုရား ဖြေကြားပေးပါဘုရား"

"အံမလေး၊ အမေးသာပြောရတယ်၊ အဖြေတွေကလည်း စုံလို့ပါလား၊ ဘုန်းကြီးက ဘယ်လိုဖြေရမှန်းတောင် မသိတော့ပါဘူး"

"ဆရာတော်က တပည့်တော်နားလည်အောင် ဖြေပါဘုရား၊ အဲဒီအဖြေတွေကို စိတ်တိုင်းမကျလို့ ဆရာတော်ဘုရားကို ထပ်မံမေးလျှောက်ခြင်းပါဘုရား"

"အင်း ... ဘုန်းကြီးဖြေမှ ပိုရှုပ်ကုန်ရင် ခက်မယ်။"

"ဆရာတော်ဘုရား ဖြေရင် ရှင်းမယ်လို့ ထင်ပါတယ်၊ ဖြေပေးပါဘုရား။"

"အင်း ... ဖြေရမယ်ဆိုရင် ဘုန်းကြီးက ဗုဒ္ဓဘာသာလို့ ခေါ်တာကို လုံးဝမကြိုက်ပါ၊ ဗုဒ္ဓသာသနာလို့ ခေါ်မှ ကြိုက်ပါတယ်၊ (သို့) ဗုဒ္ဓဝါဒလို့ ခေါ်မှ ကြိုက်ပါတယ်"

"ဘာဖြစ်လို့ပါလဲ ဘုရား"

"ဘုန်းကြီးတို့ ပိဋကတ်တော်မှာ ဗုဒ္ဓဘာသာလို့ တွဲခေါ်တဲ့စကားလုံး တစ်လုံးမှ မရှိပါ၊ ဗုဒ္ဓသာသနာလို့ တွဲခေါ်တဲ့ စကားလုံးတွေတော့ အများကြီး ရှိတယ်။ 'ဗုဒ္ဓသာသန'ကို မြန်မာလိုပြန်ရင် 'ဗုဒ္ဓရဲ့ အဆုံးအမ' လို့ ပြန်တာကောင်းပါတယ်။ ဘုရားရဲ့ အဆုံးအမလို့ ပြန်ရင် အခြားဘုရားတွေနဲ့ ရောနှောသွားမှာ စိုးလို့ပါ၊ အဲဒီ ဗုဒ္ဓက ဘယ်လိုသာသန အဆုံးအမတွေ ပေးခဲ့လဲမေးရင် အချုပ်အားဖြင့် ပြောပြပါလား မေးရင် ဒီပါဠိဟာ အချုပ်ပါပဲ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။ ... တဲ့"

"အဲဒီမှာ ဗုဒ္ဓါန သာသနံ-ဆိုတာ ဗုဒ္ဓသာသနာ-ဆိုတာပါပဲ၊ အဲဒီပါဠိကို မြန်မာမပြန်ဘဲ ရှစ်လုံးဘွဲ့နဲ့ ပြန်ကြည့်ရအောင်ပါ။"

အကုသိုလ်စု၊ မပြုရှောင်ခွာ၊
ကုသိုလ်အများ၊ ကြိုးစားစုံစွာ၊
မိမိစိတ်ရင်း၊ ပွတ်ဝင်းဖြူငှာ၊
ဤသုံးပါး၊ ဘုရားသာသနာ။ ... တဲ့"

"ဘုရားသာသနာဆိုတာ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓအဆုံးအမကို ခေါ်တယ်၊ ဗုဒ္ဓတိုင်းရဲ့ အဆုံးအမကို ခေါ်ပါတယ်။ အဲဒီအဆုံးအမကို မြန်မာစကားပြေနဲ့ ပြောရရင် -
(၁) အကုသိုလ်မှန်သမျှ ဘာမှ မလုပ်နဲ့၊
(၂) ကုသိုလ်ကို စုံအောင်လုပ်၊
(၃) မိမိစိတ်ကို ဖြူစင်အောင်ထား။... တဲ့ "

"အဲဒီအဆုံးအမ သုံးမျိုးကို အကျယ်ချဲ့ရင် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဖြစ်လာပါတယ်။ အဲဒီအဆုံးအမ တစ်နည်းပြောရရင် 'ဓမ္မဝိနယ'လို့ ပြောနိုင်ပါတယ်၊ ဓမ္မဝိနယနဲ့ သာသနသည် သဘောချင်းတူပါတယ်။ သာသနကို တရားကိုယ်အချုပ်ကောက်ရင်- မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ကို ကောက်ရသလို ဓမ္မဝိနယ-အရလည်း အဲဒီတရားတွေပဲ ကောက်ရပါတယ်။ အဲဒါကြောင့် ဘုန်းကြီးက ဗုဒ္ဓသာသနာ၊ ဗုဒ္ဓဝါဒလို့ ခေါ်တာပဲ ကြိုက်ပါတယ်။"

"မှန်ပါဘုရား၊ ဆက်ရှင်းပါဦး ဘုရား"

သူတို့ နားလည်သလို သူတို့ ဘာသာများနဲ့ တန်းတူထားပြီး သူတို့အခေါ်အတိုင်း ခေါ်ဝေါ်ရာမှ 'ဗုဒ္ဓဘာသာ' ဆိုတဲ့ အခေါ် ဖြစ်လာတာပါ၊ ရှင်းရှင်းပြောရရင် ဂျပ်ဆင်အဘိဓာန်မှ ဘာသာပြန်ဆိုချက်ကို နားယောင်ပြီး ခေါ်ရာမှ ဗုဒ္ဓဘာသာဆိုတဲ့ အသုံးအနှုန်း ပေါ်ပေါက်လာပါတယ်။"

"ဘာသာဆိုတာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကို ဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာက ဒီလို မဟုတ်ပါ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူတဲ့ ဘုရားအများကို ယုံကြည်တဲ့ ဝါဒပါ။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်တဲ့ Religion ဘာသာမဟုတ်ခြင်းကြောင့် ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာလို့သာ ခေါ်သင့်ပါတယ်။"

"အေး ... ဘာသာရေးဆိုတာ ထာဝရဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့နည်းလမ်းကို ခေါ်ပါတယ်။ ဗုဒ္ဓသာသနာ ဝါဒဟာ ထာဝရ ဘုရားသခင်နဲ့ ပြန်လည်ပူးပေါင်းရန် မှန်ကန်တဲ့ နည်းလမ်း ဟုတ်ရဲ့လား"

"မဟုတ်ပါဘုရား"

"အေး ... ဘာသာရေးဆိုတာ ရိုသေကိုင်းရှိုင်းမှု (သို့) ထာဝရ ဘုရားသခင်အား ဂုဏ်ပြုချီးကျုးမှုကို ခေါ်ပါတယ်၊ ဗုဒ္ဓဝါဒသည် အဲဒီလို မဟုတ်ပါ၊ ပြီးတော့ ဘာသာရေးဆိုတာ ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းပတ္ထနာတို့နဲ့ များစွာဆက်စပ်နေတဲ့ ယုံကြည်မှု တစ်ရပ်ကို ခေါ်ပါတယ်။ ဗုဒ္ဓဝါဒက ထာဝရဘုရား၊ အတ္တဝိညာဏ်၊ ကောင်းကင်ဘုံ ဆုတောင်းမှုကို လက်မခံလို့ ဗုဒ္ဓဘာသာ-လို့ မခေါ်သင့်ပါနော်"

"မှန်ပါဘုရား"

"အေး ... ဗုဒ္ဓဘာသာဝင်တွေ ဗုဒ္ဓကို ကိုးကွယ်တာက ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ယုံကြည်ကိုးကွယ်တာပါ၊ ဘုရားရှင်ကို ကယ်တင်ရှင်အနေမျိုးနဲ့ ယုံကြည်တာ မဟုတ်ပါ၊ ကိုးကွယ်တာ မဟုတ်ပါ။ ပြီးတော့ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓက ဆရာစား၊ ဗုဒ္ဓက လက်ဆုပ်၊ လက်ကိုင် လျှို့ဝှက်ထားတဲ့ 'အာစရိယမုဋ္ဌိ' မရှိပါ၊ ဗုဒ္ဓကျင့်သလို ကျင့်က ဗုဒ္ဓဖြစ်နိုင်တဲ့ နည်းလမ်းတွေ ထားခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာက ဆုတောင်းသက်သက် ဝါဒမဟုတ်ပါ၊ ဆုတောင်းဘာသာ မဟုတ်ပါ။ ဆုတောင်းသက်သက်ဆိုရင် ဘာသာရေးလို့ ခေါ်ရပါတယ်။ ဒါဖြင့် ဗုဒ္ဓဝါဒ ဗုဒ္ဓသာသနာမှာ ဆုတောင်းမှု မရှိဘူးလား-ဆိုတော့ ရှိပါတယ်။ ဗုဒ္ဓဝါဒရဲ့ ဆုတောင်းမှုက ကိုယ်ပြုထားတဲ့ ကုသိုလ်ကံရဲ့ အကျိုးကို တောင်းယူတာပါ၊ ဘာမှမလုပ်ဘဲနဲ့ တောင်းတာမဟုတ်ပါ၊ ယခုအခါမှာ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာဟာ ဘာသာရေးဆန်နေပြီနော်၊ သတိထားပါ။"

"မှန်ပါဘုရား"

"ဗုဒ္ဓဝါဒဟာ ပစ္စုပ္ပန်ကံ ပစ္စုပ္ပန် အကြောင်းအကျိုးတရားတွေကို ဦးစားပေးတဲ့ ဝါဒပါ။ ဗုဒ္ဓဟာ ကိုယ်တိုင်ဓမ္မကို ရှာဖွေပြီး ကိုယ်တိုင် ဗုဒ္ဓဖြစ်မှ ဗုဒ္ဓအဖြစ် ရောက်ပုံ လမ်းစဉ် ကျင့်စဉ်တွေပဲ ဟောခဲ့ပါတယ်၊ ဆုတောင်းဖို့ မဟောခဲ့ပါ။ အဲဒီအဆုံးအမ လမ်းစဉ်တွေ မိမိတို့ ကိုယ်ကို မိမိတို့ အားကိုးပြီး အဆင့်ဆင့်သော ဝီရိယနဲ့ အားထုတ်ကျင့်ကြံဖို့သာ ဟောခဲ့ပါတယ်။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ မေ့လျော့ ပေါ့တန်နေလို့ မရပါ၊ သတိတရား လက်ကိုင်ထားပြီး ကြိုးစား အားထုတ်ယူမှ ကိုယ်လိုရာ ရနိုင်ပါတယ်။ ဗုဒ္ဓသာသနာက ကိုယ်အကျိုးကိုယ်စံ၊ ကိုယ့်အပြစ် ကိုယ်ခံပါ၊ ဗုဒ္ဓက အကျိုးကိုလည်း မပေးပါ၊ အပြစ်ကိုလည်း မပေးပါ၊ ဒါကြောင့် ဗုဒ္ဓကို မကြောက်ရပါ။ ပြီးတော့ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓကို နည်းပေးလမ်းညွှန်အဖြစ်နဲ့ အားထားယုံကြည်တဲ့ သဘောမျိုးပါ၊ မိမိကိုယ်ကို လုံးဝပုံအပ်ပြီး အားကိုးတဲ့ သဘောမျိုး မဟုတ်ဘူးနော်"

"မှန်ပါဘုရား"
http://www.blogger.com/img/blank.gif
"ဗုဒ္ဓသာသနာမှာ ဗုဒ္ဓအတွက် ဘာမှလုပ်ပေးစရာ မလိုပါ၊ ဘာသာရေးမှာ ဘာသာဘုရားအတွက် လုပ်ပေးရပါတယ်။ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓက လမ်းညွှန်တဲ့ ကိစ္စပါ၊ ဗုဒ္ဓသာသနာဝင်တွေက လိုက်နာကျင့်ကြံရသူတွေပါ။ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာမှာ ကိုယ့်အတွက် ကိုယ်ကျင့်တာသည်ပင်လျှင် ဗုဒ္ဓကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်တယ်လို့ ခေါ်ပါတယ်။"

"ဗုဒ္ဓဝါဒက အတ္တဟိတ = ကိုယ်ကျိုးကျင့်သက်သက်နဲ့ ပရဟိတ = သူတစ်ပါးအကျိုးသက်သက်ကျင့်တဲ့ဝါဒနှစ်ခုရဲ့ အလယ်က သွားတဲ့ အလယ်အလတ် လမ်းစဉ်ဝါဒပါ၊ သာသနာပါ၊ ဘာသာမဟုတ်ပါ။ ကဲ ဒီလောက်ဆိုရင် ရှင်းပြီးလား။"

"ရှင်းပါပြီ ဘုရား"

အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော် ...

(ဓမ္မဒူတ အရှင်ပညာဇောတ)
[၁၉၉၄ ခုနှစ်၊ မတ်လထုတ်၊ မြတ်ဆုမွန် မဂ္ဂဇင်း၊စာ-၃၀)

ဤပိုစ်ကိုဒီဆိုက်မှကူးယူဖေါ်ပြပါသည်။

Sunday, 9 October 2011

ဆင်ခြင်ဖွယ်ရာ စကားအလင်္ကာ









ဒီကနေ့ခေတ်ကြီးမှာ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် မေတ္တာတရား ခြောက်ခန်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ လျော့ပါးလာသည့်အတွက်
ကြောင့် မေတ္တာဓာတ်တွေနည်းလာသည့်အတွက်ကြောင့် ကမ္ဘာကြီးပူနွေးလာရတာကလည်း ဖြစ်ကောင်းဖြစ်နိုင်ခြေ ပိုများတယ်. အိုဇုန်းလွှာကြီးပေါက်လို့ ဆိုတာတွေက ပြင်ပကိုကြည့်ပြီး ပြောတာ
ဖြစ်တယ်။ တကယ်တော့ သတ္တ၀ါတွေရဲ့ နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ ခန်းခြောက်လာလို့
သတ္တ၀ါတွေရဲ့  ခန္ဓာကထွက်တဲ့ ပူလောင်တဲ့စိတ်က ထုတ်လုပ် လိုက်တဲ့အရာတွေဟာ အပူတွေချည်းပဲံ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူတွေရဲ့ စိတ်အစဉ်ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို အစဉ်သုံးကြရမှာ ဖြစ်တယ်။
( ကကစူပမသုတ် ) မှာ မြတ်စွာဘုရားရှင်က ဒီအဓိပ္ပာယ်ကိုပဲ ထင်ထင်ရှားရှားဟောထားတာ တွေ့ရတယ်။ လောကမှာ တစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်ဆံကြတဲ့ နေရာမှာ အများအားဖြင့် ၀စီကံနဲ့ ပြောဆိုဆက်ဆံ ကြရတာ များပါတယ်။
ဒါကြောင့် နှစ်ဦးကာလမှာ အားလုံးပဲ ၀စီကံနဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုဆက်ဆံကြရမှာလဲ ဆိုတာကို မြတ်စွာဘုရားက ညွှန်ပြတဲ့အတိုင်း မိမိကိုယ်တိုင်က ကျင့်သုံးဖို့အရေးကြီးတယ်။
တစ်ယောက်နဲ့ တစ်ယောက်ပြောဆိုဆက်ဆံ ကြရာမှာ တစ်ခါတစ်ရံ တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ရောက်မှုရှိသလို တစ်ခါတစ်ရံမှာ မေတ္တာခမ်းခြောက်မှုလည်းရှိနိုင်တယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြရာမှာ ဘယ်လိုအချက်တွေပေါ်မှာ အခြေခံထားရမလဲဆိုတာကို ဒီသုတ္တန်မှာ ရှင်းလင်းဟောကြားပေးထားတာဖြစ်တယ်။
အပြောအဆိုနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့ ဘယ်လိုပြောရမယ်ဆိုတာကို သန္နိဌာန်ချထားရမယ်။
စကားပြောတဲ့နေရာမှာ ဘယ်အချိန်အခါမှာ ပြောရမလဲ? ဆိုတာရှိတယ်. ပြောသင့်တဲ့အချိန် မပြောသင့်တဲ့အချိန်ဆိုတာရှိတယ်။
ဆိုပါစို့ မိဘနဲ့သားသမီးတောင်မှ မပြောသင့်တဲ့အချိန်ပြောလိုက်ရင် ပြဿနာတတ်နိုင်တယ်။ မခံနိုင်ဖြစ်တက်တယ်။ ဥပမာ- လူကြားသူကြားထဲ မပြောသင့်တာပြောမိလို့ အနှောက်အယှက်ဖြစ်ကြရတယ်။ ဒါကြောင့် စကားပြောတဲ့အခါမှာ ပြောသင့်သလား ?၊ ပြောသင့်တဲ့အချိန်လား ? ဆိုတာစဉ်းစားဆင်ခြင်ကြရမယ်။ ဒါကြောင့် ဘုန်းကြီးတို့ အနေနဲ့ ဒီကနေ့ကစပြီးတော့ စကားပြောတော့မယ် ဆိုရင် ပြောသင့်တဲ့အချိန်မှသာပြောမယ်။ မပြောသင့်တဲ့အချိန်ဆိုရင် မပြောဘူး။ ဒီလို စိတ်ဆုံးဖြတ်နိုင်ရမယ်။
ဗုဒ္ဓမြတ်စွာရဲ့  စကားနဲ့ပြောမယ်ဆိုရင် “ကာလေန ၀က္ခာမိ နော အကာလေန”၊ ပြောသင့်တဲ့အချိန်ကာမှသာလျှင် ပြောမယ်။ “အကာလေန” အချိန်မတန်တဲ့အခါမှာ “နော ၀က္ခာမိ”
ငါမပြောဘူး တဲ့၊ ဒါလည်းလိုက်နာသင့်တဲ့ အချက်တစ်ခုပါပဲ။
နောက်တစ်ခုက ဘာပြောလဲဆိုရင် ဆိုရင် “ဘူတေန ၀က္ခာမိ နော အဘူတေန” လူတွေက ဟုတ်တာလည်းပြောတာပဲ။ မဟုတ်တာလည်း ပြောတာပဲ။ ဟုတ်တာ မဟုတ်တာ အကုန်လုံးကိုပြောနေကြတာပါပဲ။ ဒါကြောင့်မို့လို့ “ ဘူတေန ၀က္ခာမိ” ဟုတ်မှန်တာကိုသာလျှင် ပြောမယ်။ “နော အဘူတေန” မဟုတ်မမှန်တာကို ငါမပြောပါဘူးလို့ ဟောထားတယ်။ ဒါက ဒုတိယသန္နိဌာန် ချထားပြီးတော့ လိုက်နာကျင့်သုံးရမယ်။
နောက်တစ်ခုက လောကလူတွေက စကားပြောတာကို သိပ်ပြီးတော့ မရွှေးချယ်ဘူး။ “သဏှေန ၀က္ခာမိ၊ နော ဖရုသေန” ။ သဏှေန ၀က္ခာမိ- နှုးညံ့သိမ်မွေ့စွာ ပြောမယ်။ နော ဖရုသေန- ကြမ်းကြမ်း
တမ်းတမ်း မပြောပါဘူးတဲ့။


လောကလူတွေဟာ စိတ်ကြည်လင် နေတဲ့အခါမှာ ချိုသာတဲ့စကား၊ နှုးညံ့သိမ်မွေ့တဲ့ စကားကိုပြောတယ်။ စိတ်ဆိုးဒေါသဖြစ်တဲ့ အခါမှာတော့ ကြမ်းတမ်းရိုင်းပြတဲ့ စကားတွေကို ဆိုလာကြတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက ငါစကားပြောတဲ့ အခါမှာ နှုးညံ့သိမ်မွေ့စွာ ပြောမယ်။
ကြမ်းတမ်းပြီး ရိုင်းစိုင်း တဲ့စကားမပြော ပါဘူးလို့ စိတ်ဆုံးဖြတ်ချက်ချထားရမယ်တဲ့။ ဒါက တတိယတစ်ခုနော်။ နောက်တစ်ချက်က “အထ္ထသံဟိတေန ၀က္ခာမိ၊ နော အနထ္ထသံဟိတေန” တဲ့။
အထ္ထသံဟိတေန ၀က္ခာမိ၊- အကျိုးရှိတဲ့စကားကိုသာ ပြောမယ်တဲ့။ နော အနထ္ထသံဟိတေန- အကျိုးမဲ့တဲ့စကား ကိမပြောဆိုဘူးတဲ့။
လောကမှာ လူတွေက စကားပြောတဲ့အခါ အကျိုးရှိတာတွေကိုချည်း ပြောတာမဟုတ်ဘူး။ အကျိုးမရှိတဲ့ စကားတွေကိုလည်း ပြောကြတယ်။ အကျိုးအကြောင်း ဆီလျောက်မှုရှိတာကိုချည်း ပြောတာ မဟုတ်ဘူး။ အကျိုးအကြောင်း မဆီလျှော်တာကိုလည်း ပြောကြတယ်။ မဆီမဆိုင် ပြောတတ်ကြတယ်။ ဒါကြောင့် တစ်ချို့က မဆီမဆိုင်ပြောတတ်ကြတယ်။ ဒါကြောင့် တစ်ချို့ က မဆီမဆိုင်စကားတွေလာ မပြောနဲ့လို့ ပြောကြတယ်။ “ အထ္ထသံဟိတေန ၀က္ခာမိ” အကျိုးအကြောင်း
ဆီလျှော်တဲ့ အကျိုးရှိတဲ့ စကားကိုသာ ငါပြောမယ်။ “နော အနထ္ထသံဟိတေန” အကျိုးမရှိတဲ့ စကားကို ငါမပြောဘူးလို့ အဓိဌာန်ပါတဲ့။
နောက်တစ်ချက်က “မေတ္တစိတ္တော ၀က္ခမိ၊ နော ဒေါသန္တရေန” လူတွေက စကားပြော ပြီဆိုရင်
စိတ်ကြည်နေတဲ့ အချိန်မှာတော့ ကောင်းကောင်းမွန်မွန် ပြောတယ်။ စိတ်မကြည်ဘူးဆိုရင် ဒေါသထွက်နေပြီ ဆိုရင်တော့ ပြောတဲ့စကားဟာ ဒေါသသံပါလာတယ်။ ကောင်းကောင်းမွန်မွန် မပြောတော့ဘူး။
ဒါကြောင့်မို့ မြတ်စွာဘုရားက မိမိကိုယ်ကိုဆောက်တည်ထားပါတဲ့။ မေတ္တစိတ္တော ၀က္ခာမိ-
စကားပြောတဲ့အခါမှာ “မေတ္တာစိတ်နဲ့ပြောမယ် ” တဲ့။ နော ဒေါသန္တရေန - “ဒေါသစိတ်နဲ့ မပြောပါဘူး”
လို့ မိမိကိုယ်ကို ဆောက်တည်ထားရပါမယ်တဲ့။
ဟော….စကားပြောတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦးမေတ္တာဓာတ်တွေဖြစ်ဖို့ မိမိကိုယ်ကို လိုက်နာထားရမယ့် အချက်။ ကိုယ်ကိုယ်တိုင်က အရင်လိုက်နာထားရမယ်။ ထိန်းသိမ်းစောင့်ရှောက်ရမယ်။
ပြန်ပြီးတော့ ကြည့်လိုက်ရင် စကားပြောတဲ့အခါမှာ -
(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲပြောမယ်။ မမှန်တာကိုမပြောဘူး။
(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့မွေ့ပြောမယ်။
ရိုင်းရိုင်းစိုင်းစိုင်းမပြောဘူး။
(၄) ပြောတဲ့အခါမှာ အကျိုးရှိတဲ့ စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါမှာ မေတ္တာနဲ့ပြောမယ်။ ဒေါသနဲ့မပြောဘူး။ မြတ်စွာဘုရားရဲ့ အဆုံးအမကိုကြည့်ပြီး
ရှေးလူကြီးတွေက ပြောတယ် စိတ်ဆိုးနေရင် စကားမပြောနဲ့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ စကားကောင်း မထွက်တက်ဘူး။ မိမိကိုယ်တိုင်က စကားပြောတဲ့ စည်းကမ်းတွေ ချမှတ်ထားပြီးတော့
ဒီအတိုင်းသတိထားပြီး လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင် မိမိနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြဿနာတတ်စရာ အကြောင်း မရှိတော့ဘူး။


ဒေါက်တာနန္ဒမာလာဘိဝံသ (မေတ္တာ နှလုံး ကိုယ်စီသုံး တရားတော်မှ )