Thursday, 13 March 2014

သမာဓိ နှင့်  ၀ိပဿနာ

"သမာဓိ နှင့် ၀ိပဿနာ  = မဇျွိမပဋိပဒါ လမ်း" 
(ကျေးဇူးတော်ရှင်- မိုးကုတ် ဆရာတော် ဘုရားကြီးဟောကြားတော်မူသော တရားတော် - ၄)
တရားနာကြတာ ဒုက္ခခပ်သိမ်းငြိမ်းချင်လိုနာ တာဟု အစချီ၍.......
လက်ရှိဒုက္ခကိုသိမှသာ နောင်ဒုက္ခငြိမ်းရေးဖြစ်နိုင်ကြောင်း၊ လက်ရှိဒုက္ခကို ကြောက်မှ သာနောင်လာလတ္တံ့ ဒုက္ခကိုကြောက်မှာဖြစ်ကြောင်း ရှင်းပြ ဟောကြား တော်မူခဲ့ သည်၊ ဥာဏ်ထက်ချိန် စီးပွားရေး အဆင်ပြေနေလျှင် ဒုက္ခ မရှိဖူး ဟုယူဆတတ်သည်၊ သို့သော် ကိုယ်က ဥာဏ်ကို မရှာ လျှင် ဥာဏ်က တုံး သွားတတ်သည်၊ အိုလာ၊ နာလာမှ သာ သံဝေဂဥာဏ်လေး ဖြစ်တတ်ကြသည်၊ ထိုဥာဏ်သည် ၀ိပဿနာ မဟုတ်ပါဟု ရှင်းလင်းစွား ဟောကြားတော်မူခဲ့ ပါသည်။

မကျန်းမမာဖြစ်တော့မှ မရူနိုင် မရှိုက်နိုင်ဖြစ်တော့မှ သိသောဒုက္ခကို ပါကဋ ဒုက္ခဟု ဟောပြခဲ့၏။(ပါကဋဒုက္ခကို တိရိစ္ဆာန်တောင်သိနိုင်၏ဟု ဥပမာပြခဲ့ တော်မူသည်)။ ထိုကြောင့် ကျန်းမာတုန်း ဒုက္ခကိုမြင်ဖို့ အရေးကြီးကြောင်း ဟောကြားခဲ့ပါသည်။

ထို့နောက် တရားအားထုတ်သော ယောဂီများ သမာဓိရှိဖို့လိုကြောင်း၊ သမာဓိ မရှိပဲ နှင့် ၀ိပဿနာ လုပ်နေရင်ဖြင့် ဖြစ်ပျက်မြင်ဖို့၊ ဒုက္ခသစ္စာသိဖို့ ခက်ခဲကြောင်း၊ သို့သော် သမာဓိ သက်သက်ဖြင့် သစ္စာမဆိုက်နိုင်ကြောင်း ရှင်းလင်းစွာ ဟောကြား တော် မူခဲ့ ပါတယ်။

အိမ်မှာ တရားအားထုတ်တဲ့ ယောဂီများကို အာနာပါနဖြင့် သမာဓိအရင် ထူထောင်ရန် သင်ကြားပေးတော်မူ၍၊ "သမာဟိတော ယထာဘူတံ ပဇာနာတိ" ဟု မြတ်ဘုရားဟောကြားခဲ့သလို (တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်သည်သာ အပါကဋ္ဋ ဒုက္ခကိုသိ၏ဟု ရှင်းပြ၍)၊ ကျန်းမာတုန်း သမာဓိရှိ တုန်း ကြည့်လိုက်မှသာ သူများမမြင်နိုင်တာကို ထိုးထွင်၍မြင်နိုင်မှာ ဖြစ်ကြောင်း ကျန်းမာတုန်း တရားကျင့်ကြရန် ကြီးမာလှသော မေတ္တာဖြင့်တိုက်တွန်း ဟောကြား တော်မူခဲ့ပါသည်။

ထို့အပြင် သမာဓိ လမ်းတစ်ခုထဲသွား၍ ၀ိပဿနာ ပညာ ကို အားမထုတ်သူ များကို လမ်းမှားထဲ တစ်ဝဲလည်လည် မနေစေရန် သမာဓိ က နိဗ္ဗာန် မရောက်၊ ပညာ (၀ိပဿနာ) ကသာ နိဗ္ဗာန်ကို ရောက်ပါ တယ်ဟု -- မေတ္တာဖြင့် အစွန်း မရောက်စေရန် ရှင်းလင်း ဟောကြားတော် မူခဲ့ ပါတယ်။

ငါးပါးအာရုံ ကာမဂုဏ်ခံစားတဲ့ အကျင့်ကနိဗ္ဗာန်ရောက်ကြောင်း အကျင့် မဟုတ်ဖူး (မှန်ပါ့ ဘုရား)
ကိုယ်ကိုဆင်းရဲအောင် ညှဉ်းဆဲကျင့်တဲ့ အကျင့်ဟာလဲ (နိဗ္ဗာန်ရောက်ကြောင်း အကျင့်မဟုတ်ပါဘုရား)

အလယ်အလတ် ဆိုတော မဇျွိမပဋိပဒါ ခန္ဓာကပြောတာ ကိုဥာဏ်နဲ့ကြည့်တဲ့ အလုပ်သာလျှင်-
နိဗ္ဗာန်ရောက်ကြောင်း အကျင့် (မှန်ပါ့ဘုရား)၊ ရှင်းပြီလား (ရှင်းပါတယ် ဘုရား)။

စာရေးတဲ့ ဆရာကလွဲချင် လွဲသွားလိမ့်မယ်။ (မှန်ပါ့ဘုရား)
ခန္ဓာကပြောတာကတော့။ (မလွဲပါဘုရား)

ဝိပဿနာ လုပ်မဲ့ပုဂ္ဂိုလ်မှာ ၀ိပဿနာဥာဏ်နဲ့  မဂ်ဥာဏ် ပဲရှိတယ်။ဖြစ်ပျက်ကို မြင်တဲ့ဥာဏ်က ယထာဘူတဥာဏ်၊ ဖြစ်ပျက်မုန်းတဲ့ ဥာဏ်က နိဗ္ဗိန္ဒဥာဏ်၊ ဖြစ်ပျက်မလိုချင်လို ချုပ်သွားတဲ့ ဥာဏ်က မဂ်ဥာဏ်၊ ဟု မေတ္တာဖြင့် ရှင်းလင်းစွာ မဇျွိမပဋိပဒါ ပညာလမ်း ကို ဟောကြား တော်မူခဲ့ပါတယ်။

Friday, 7 March 2014

အပူဒဏ် သက်သာရေး



ယနေ့ချိန်ကာလက ဆောင်းအကုန်နွေအကူးကာလမို့ ကျွန်တော်တို့တိုင်းပြည်မှာ အပူပိုင်းကာလထဲသို့ တိုးဝင်လာချေပြီဖြစ်၏။ နွေအကူး လေရူးတွေလည်း မြူးပြီလေ ဆိုတဲ့ သီချင်းစာသားအတိုင်း လေရူးတွေ တမြူးမြူးနဲ့ စိတ်ကူးယဉ်သမားတွေအတွက် စိတ်အရမ်းပျံ့ လွင့်လို့ကောင်းတဲ့ အခါသမယဟုဆိုရင်လည်း မှားအံ့မထင်ပါ။ လေရူးဆိုတဲ့အတိုင်း သူ့သဘောအတိုင်း တိုက်ခတ်နေ၏ အအေးရိပ်ဘက်ကနေ တိုက်ခတ်လာတဲ့လေကတော့ အအေးအငွေ့အသက်ပါသည်မို့ ခံစားရသည်က အေးမြလှသည် အပူကွင်းပြင်ကြီးကနေ တိုက်ခတ်လာတဲ့လေကတော့ အပူငွေ့တွေ သယ်ဆောင်လာသည့်မို့ ထိတွေ့ခံစားရ သူတိုင်း အပူအငွေ့အသက်ကို ခံစားရရှိစေမှာတော့အမှန်ပင်။ဒါကတော့ သဘာဝဖြစ်ရိုးဖြစ်စဉ် ရာသီဥတုကြောင့် ခံစားရတဲ့ အပူအအေးဒဏ်များဖြစ်ကြ၏။ နောက်တစ်ခု အပူဒဏ်က ကျွန်တော်တို့တွေအပေါ် မှန်းဆနိုင်ရခဲတဲ့ တခါတရံမှာလည်း ဖြစ်ပေါ်ခံစားရတဲ့ အပူဒဏ်တစ်ခု။ ရှင်းရှင်းလင်းလင်းထပ်ပြောရရင် ရင်ထဲက အပူတစ်ခုပါ။ ရင်တွေအရမ်းပူလှပြီ၊ ရင်ထဲမှာ မီးတောက်နေပြီ ဆိုပြီး ဖွင့်ဟပြောကြားသံကိုလည်း ကြားဖူးကြမှာပါ။ ဒါက ကောင်းဆိုးနှစ်တန်လောကဓံကိုခံစံနေကြသည့်လောကီလူသားတွေအတွက် အပူဒဏ်တစ်ခုပါ။ ထိုအပူဒဏ်ကို မကြုံဖူးတဲ့သူက မရှိသလောက်ရှားပါးလှ၏ အတိတ်ကံ ကြမ္မာကြောင့် အပူအငွေ့အပေါ် ခံစားရမှု အနည်းအများတော့ရှိကြပေလိမ့်မည်။ သဘာဝအပူဒဏ်ကို မခံနိုင်သူ ရောဂါဝေဒနာများအတွက် အပူဒဏ်ကာကွယ်ဆေးလည်း ရှိကြသည် ကြိုလည်းကာကွယ်ကြသည်။ သက်လည်း သက်သာကြပါသည်။ ထို့အတူ စိတ်တွင် ခံစားနေရသည့် အပူဒဏ်အတွက်လည်း သက်သာစေရန် ဆေးနည်း လမ်းကောင်းတွေရှိပါသည်။ ဒါပေမဲ့လည်း သဘာဝအပူဒဏ်က ကုသရေးပိုပြီးလွယ်ကူသည်ဟု ထင်မှတ်ထားကြသည်။ရင်ထဲက အပူဒဏ်ကတော့ ကုသရေးအလွန်ခက်ခဲလှသည်။ ထိုခက်ခဲလှသည်ကို ကြိုးစားပြီး မဖြေဖျောက်နိုင်ကြသည့်အတွက် အပူအပေါ် မှုတည်ပြီးရောဂါဝေဒနာတွေ ထပ်တိုးလာတော့သည်။ နောက်ဆုံးလောကကြီးတွင် မနေချင်တော့ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူများလည်းရှိပါသည်စိတ်အပူဒဏ်ထဲမှာ အဆိုးဆုံးကြုံတွေ့ရသည့် စိတ်ဖိစီးမှု၊ သောကဖြစ်မှု ဝေဒနာတွေက အဆိုးဆုံးဖြစ်သည်။ စိတ်အပူဒဏ်အနည်းအများအလိုက်ထိုဝေဒနာများ ခံစားရသည် အနည်းအများကွာသေးသည်။ တခါတရံ မပြောပလောက်သော အပူဒဏ်က ခံယူမှုအပေါ်မှုတည်ပြီး အကြီးမားဆုံးဖြစ်သွားတက်သေးသည်။ ထိုဒဏ်ကို ကာကွယ်နိုင်ရေး သက်သာရေးအတွက် တခြားသူက အစားထိုး ၀င်ရောက်ကုမပေးနိုင်၊ မိမိစိတ်တွင် ခံစားရသည်ကို ဆေးနည်းများရှိသည့်အတိုင်း ကိုယ်တိုင်လိုက်နာ ကျင့်ကြံနိုင်ပါက ထိုဒဏ်ကို ပျောက်ကင်းသက်သာအောင် မိမိဖာသာ ဖန်တီးကုသရမည်လည်းဖြစ်ပါသည်။ အဆိုပါ အပူဒဏ်သည် ပုံမှန်ဖြစ်ပျက်နေသည့် မှန်းဆ တွေးထင်ထားသည့် အရာတစ်ခုမှ လွဲချော် ပျက်စီးသွားသောအခါ ပေါ်လာတက်တဲ့ အရာတစ်ခုလည်းဖြစ်ပါ၏။ စိတ်အပူဒဏ်ကို သက်သာရာရရှိရေး မြစ်ဖျားခံရာကို ဦးစွာ စုံစမ်းလေ့လာသင့်လှသည်။ နေပူဒဏ်ကို ခံရဖန်များသောသူသည် ထိုအပူများဖြင့် ရင့်ကြက်ပြီးသားဖြစ်သဖြင့် ခံနိုင်ရည်ရှိကြသည်။ တချိန်မှာ သက်သာသွားမည်ဆိုတာလည်း သိကြ၍ အပူအပေါ် သောကသိပ်မထားတဲ့အတွက် မြန်စွာဘဲ အအေးဓာတ်သဘောကို ခံစားမိသွားကြ၏။ အပူဒဏ်သိပ်မကြုံဖူးသူတို့အတွက်တော့ လက်ရှိအပူဒဏ်သည် အမြဲဖြစ်ပျက်နေမည်ဟု တွေးထင်ကြသည် ပူဆဲခဏမှာကို စိတ်ထဲတွင် မီးတောက်သကဲ့သို့ ပူလောင်မှုတွေဖြစ်နေပါသည်။ တစ်ခါတရံ ပြဿနာများတွင်သူ့အလိုလိုအဖြေများပါတက်သည်။ အပူဓာတ်နောက်ကွယ်တွင် အအေးဓာတ်ရှိပါသည်။ဝေဒနာသိ ရောဂါသိရင်ဖြေစရာဆေးလည်းရှိပါသည်။ အပူဒဏ်အတွက် ဘ၀ကို အရှုံးမပေးဘဲ ကြံ့ ကြံ့ ခိုင်လျှက် ရင်ဖွင့်တာကအစ၊ စိတ်အပြောင်းအလဲတစ်ခု လုပ်တာမျိုးဖြစ်ဖြစ် ပြုလုပ်စေချင်သည်။ အကောင်းဆုံးဆေးနည်းကတော့ တရားဘာဝနာ လက်ကိုင်ထားပြီး ကျင့်ကြံကြိုးစားလျှက် ဓမ္မအသိဥာဏ်ဖြင့် ဖြေဖျောက်တက်စေချင်ပါသည်။ အပူဒဏ်တစ်ခုကို ဖြေဖျောက်နည်းသိရင် နောက်အပူဒဏ်တွေ ဖြစ်ပေါ်လာသမျှ ငြိမ်းသတ်နိုင်မည် ထင်ပါသည်။ နွေအပူဒဏ်သည် အမြဲမပျက် ဖြစ်တည်နေမှာ အသေချာပင်။ ရင်ထဲက အပူဒဏ်ကတော့ ဖြေဖျောက်နည်းသိရင် ထိုအပူဒဏ်အပေါ် ခံနိုင်ရည်ရှိသွား၊ တွန်းလှန်နိုင်ရေး စွမ်းအားတွေရှိသွားတဲ့အတွက် အမြဲမပျက် တည်ရှိနေနိုင်တော့မှာ မဟုတ်တော့ပါဘူး။ အပူပိုင်းကာလရောက်လာသည်မို့ အပူဒဏ်ခံနိုင်ရေးအတွက် ဂျာနယ်တွေ၊ သတင်းစာတွေ၊ တီဗွီတွေကတဆင့် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုတွေ ပြုလုပ် ကြသည်လည်းမြင်တွေ့ရသည်။ ပေါ့ပေါ့မနေဘဲ ကြိုတင်ကာကွယ်ခြင်းသည် မိမိဘ၀အတွက် စိတ်အချရဆုံးဖြစ်မည်ဟု ထင်၏။ လောကအပူဒဏ်များကို ကြိုတင်ကာကွယ်နိုင်ပြီးဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင် နှင့် ခန္ဒာတွင်းအပူဒဏ်ကို ငြိမ်းသတ်နိုင်ကြပါစေ။ငြိမ်းချမ်းအေးမြမှုတွေ ရရှိနိုင်ကြပါစေ။

အေးငြိမ်းရာ ကမ်းသို့ကူးခတ်ရာတွင် လိုအပ်သော အထောက်အကူပြု (၁) (ဗိုလ် ၅ ပါး)



တရားကျင့်ကြံရာတွင် ပါဝင်ဖြည့်ဆည်းရမည့် မရှိမဖြစ်လိုအပ်လှသော ဗောဓိပက္ခိယ (၃၇)ပါးဆိုတာရှိသည်။ ဗောဓိပက္ခိယဆိုတာက ဗောဓိဥာဏ်ရဘို့ရန် အထောက်အပံ့ဖြစ်သည်။ သို့မဟုတ် အရိယာမဂ်၏ အထောက်အပံ့ ဒါမှမဟုတ် တရားကျင့်သော ယောဂီ၏ တရားကျင့်ရာ အားပြုရမည့် အချက်အလက်များဖြစ်သည်။ အထူးသဖြင့်အေးငြိမ်းရာသို့ ကူးခတ်ရာအတွက် မရှိမဖြစ်လိုအပ်လှသော အထောက်အကူပြု ပစ္စည်းများဟုဆိုလျှင်လည်း မှားအံ့မထင်ပါ။ ထိုအထဲတွင် ဗိုလ် (၅)ပါးဆိုသည့် အကြောင်းကို ဦးစွာလေ့လာမိပါသည်။ ဗိုလ် ကို ဗလ - အား၊၊ စွမ်းရည်လို့ခေါ်တဲ့အတွက် တရားကျင့်များအတွက် လိုအပ်သော စွမ်းအားများဟု ခေါ်ဆိုရပေမည်။ ဗိုလ် ငါးပါးမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ သဒါဗိုလ် - စိတ်၊ စေတသိက်တို့၏ ကြည်လင်မှုစွမ်းအား၊ အဓိကအားဖြင့် မဂင်ရှစ်ပါးသည် အသင်္ခတဓာတ် နိဗာန်ချမ်းသာရကြောင်း နည်းကောင်းဟု ယုံကြည့်ခြင်း။
၂။  ၀ီရိယဗိုလ် - ကောသဇ (ပျင်းရိမှု) ကိုတိုက်ဖျက်နိုင်မှု စွမ်းအား၊ ရှေုးရှုအောက်မေ့မှု စွမ်းအားကြီးခြင်း။
၃။ သတိဗိုလ် - ကုသိုလ်အာရုံရှေးရှုသိမြင်နိုင်မှု စွမ်းအား၊ ရှေးရှုအောက်မေ့မှု စွမ်းအားကြီးခြင်း။
၎။ သမာဓိဗိုလ် - ၀ိပဿနာ၊ ဈာန် စသောအာရုံတို့ကို အာရုံပြုသိရာနီဝရဏကိလေသာတို့ကို တိုက်ဖျက်နိုင်မှု စွမ်းအား၊ အရှုဥာဏ်စိတ်အကုသိုလ်အညစ်အကြေးများ တဖန် ပြန်ကပ်ရောက်မှု မရှိအောင် သတိ၊ ပညာစသော ကုသိုလ်စေတသိက်တို့က ခိုင်မြဲစွာ အုပ်ချုပ်ထားခြင်း စွမ်းအား။
၅။ ပညာဗိုလ် - အမှန်အတိုင်း သိမြင်နိုင်မှု စွမ်းအား (၀ါ) ဒိဝိပလ္လာသတရားတို့ကို ခြေဖျက်နိုင်မှု စွမ်းအား။ တို့ဘဲဖြစ်ကြပါသည်။
          သဒါစိတ်ရှိဖို့အရေးကြီးတယ် ထပ်ပြီးပြောရမယ်ဆိုရင် သဒါဗိုလ်ဆိုတာ ပြင်ချင် ဖြုတ်ချင်စိတ်ကိုတားတယ်။ သူ့သဘောကိုလိုက်တာ မဆုတ်မနစ် မရွေ့မပြောင်း ကြိုးစားမယ်ဆိုတဲ့ ယုံကြည်ချက် ခံယူချက်ရှိမှု (သို့မဟုတ်) အရိုးကြေကြေ အရည်ခမ်းခမ်း ဖြစ်ပေါ်လာနေတဲ့ ရုပ်သဘော နှင့် နာမ်သဘောစလယ်ဆုံးအသိဆုံးအောင် လိုက်မယ်ဆိုတာ သေရင်လည်းသေတော့ဆိုတာက သဒွါဗိုလ် (သဒ္ဒါစိတ်)၊ ၀ိရိယဆိုတာက နာမ်လေး အပြင်မထွက်အောင်သတိထားတာ၊ထိန်းသိမ်းစောင့်ရှောက်တာ နမ်လေးအပြက်ထွက်မှာစိုးလို့ သတိထားတာ ၀ီရိယစိတ်လို့ခေါ်တယ်။ အပြင်ဘက်ထွက်လို့ရှိရင် ဥပါဒန် (စွဲလမ်းမူ)တွေဖြစ်မှာစိုးလို့ ၀ီရိယနဲ့စောင့်ထိန်းထားတာ။ သတိဆိုတာက တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကြင်တယ် အောင့်တယ် ပူတယ် ကိုက်တယ် ဒါကိုမသိဘဲနဲ့ ဝေဒနာကိုသိရမယ် ဝေဒနာကနေပြီးတော့ နာမ်ကိုသိရမယ် ၊ နာမ်၏ လက္ခဏာက ဘာလဲ ခံစားပြီးပျက်တယ်။ သည် (၃)ဌာနသာ သိထား။ တင်းတယ် တောင့်တယ်မသိအောင် သတိနဲ့နေတာအမြဲတိမ်းထားနေရမယ်။ ဓာတ်ကြီးလေးပါး ဖောက်ပျက်လာတဲ့အခါ တင်းတာ တောင့်တာပေါ်လာရင် ဝေဒနာသည် နာမ်ပါလားလို့ သတိထားတာကို ဝေဒနာတစ်ခုပေါ်လာရင် နာမ်ကိုသိတာကို သတိဗိုလ်လို့ခေါ်တယ်။ ဝေဒနာသည် နာမ်ကိုသိထားတာ နာမ်စိတ်သည်မပြောင်းတော့ဘူး တစ်ခုတည်ူဖြစ်နေတာ အဲ့ဒါသမာဓိဘဲ၊ တင်းတယ် ပူတယ် တောင့်တယ် အောင့်တယ်လို့ မသိတော့ဘူး မရှိတော့ဘူး တည်ကြည်မှု သမာဓိက နာမ်စိတ်ဖြစ်နေတယ်။ ဝေဒနာသည် နာမ်ကိုသိထားတယ် မပြောင်းလဲတော့ဘူး တင်းလိုက်၊ တောင့်လိုက်ဟာမကြည့်ဘဲ နာမ်ကိုတစ်ခုဘဲသိတာကို သမာဓိ၊ သမာဓိကနေပြီးတော့ ပညာတဲ့၊ နာမ်၏ လက္ခဏာသဘောက ဘာလုပ်တက်လ၊ဲ ခံစားပြီးပျက်တာ၊ အဲ့ဒီခံစားပြီးပျက်တဲ့သဘောလေးကို ခန္ဒာ (ငါးပါး) လွတ်သွားတဲ့စိတ်လေးကို သိတယ် ခံစားပြီးပျက်တယ်ဆိုတာကို သိတာ အက်ဒါ (၀ိဇ္ဖာ)ဘဲ အမှန်သိမှု ပညာဗိုလ် လို့ခေါ်တယ်၊ ဒါမို့ကြိုးစားပါ ရှေ့စိတ်ကတော်ချင် နောက်စိတ်က တွန်းတင်ပါ။ အရိုးကြေကြေ အရည်ခမ်းခမ်းလူမသေ တရားရ၊ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဗိုလ် (၅)ပါးလက်ကိုင်ထားပြီး ရှု့သွားပါ။
ဝိတ္ထတဗလသုတ်- (ဗိုလ် ၇-ပါး အကျယ်ဟော)
ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -
၁။ ယုံကြည်မှု {သဒ္ဓါ} ဗိုလ်၊
၂။ အားထုတ်မှု {၀ီရိယ} ဗိုလ်၊
၃။ ရှက်မှု {ဟိရီ} ဗိုလ်၊
၎။ ကြောက်လန့်မှု {သြတ္တပ္ပ} ဗိုလ်၊
၅။ အောက်မေ့မှု {သတိ} ဗိုလ်၊
၆။ တည်ကြည်မှု {သမာဓိ} ဗိုလ်၊
၇။ သိမှု {ပညာ} ဗိုလ်တို့ တည်း။
၁...ရဟန်းတို့ ယုံကြည်မှု {သဒ္ဓါ} ဗိုလ်ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံမည် တော်မူ၏။ ပ ။ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂ၀ါ မည်တော်မူ၏ ဟု (ယုံကြည်၏)။ရဟန်းတို့ ဤသည်ကို ယုံကြည်မှု {သဒ္ဓါ} ဗိုလ် ဟူ၍ ဆိုအပ်၏။
၂.ရဟန်းတို့ အားထုတ်မှု {၀ီရိယ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရား တို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန် ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသည်ကို ၀ီရိယဗိုလ် ဟူ၍ ဆိုအပ်၏။
၃...ရဟန်းတို့ ရှက်မှု {ဟိရီ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အရှက်ရှိ၏၊ ကာယဒုစရိုက်မှ ရှက်တတ်၏၊ ၀စီ ဒုစရိုက်မှ ရှက်တတ်၏၊ မနောဒုစရိုက်မှ ရှက်တတ်၏၊ ယုတ်ညံ့ သော အကုသိုလ် တရားတို့သို့ ရောက်ခြင်းမှ ရှက်တတ်၏။ရဟန်းတို့ ဤသည်ကို ဟိရီဗိုလ် ဟူ၍ ဆိုအပ်၏။
၎...ရဟန်းတို့ ကြောက်လန့်မှု {သြတ္တပ္ပ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကြောက်လန့်မှုရှိ၏၊ ကာယ ဒုစရိုက်မှ ကြောက်လန့်၏၊ ၀စီဒုရိုက်မှ ကြောက်လန့်၏၊ မနောဒုစရိုက်မှ ကြောက် လန့်၏၊ ယုတ်ညံ့သော အကုသိုလ် တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။ရဟန်းတို့ ဤသည်ကို သြတ္တပ္ပဗိုလ် ဟူ၍ ဆိုအပ်၏။
၅...ရဟန်းတို့ အောက်မေ့မှု {သတိ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိရှိ၏၊ လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုလုပ်ခဲ့သည်ကို လည်းကောင်း၊ ကြာမြင့်စွာက ပြောဆိုခဲ့သည်ကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ရဟန်းတို့ ဤသည်ကို သတိဗိုလ် ဟူ၍ ဆိုအပ်၏။
၆...ရဟန်းတို့ တည်ကြည်မှု {သမာဓိ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ ပ ။စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို သမာဓိဗိုလ် ဟူ၍ ဆိုအပ်၏။
၇...ရဟန်းတို့ သိမှု {ပညာ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သောပညာနှင့် ပြည့်စုံ၏။ရဟန်းတို့ ဤသည်ကို ပညာဗိုလ်ဟူ၍ ဆိုအပ်၏။
          ထိုခုနစ်ပါးသောဗိုလ်တို့ဖြင့် အားရှိသော ပညာရှိရဟန်းသည် ချမ်းသာစွာ အသက် မွေးရ၏၊ သင့်လျော်သော အကြောင်းအားဖြင့် (သစ္စာလေးပါး) တရားကို စုံစမ်း ဆင်ခြင်နိုင်၏၊ ၀ိပဿနာပညာဖြင့် (သစ္စာလေးပါးတည်းဟူသော) အနက်ကို သိနိုင်၏၊ ဆီမီးလျှံ၏ ငြိမ်းအေးခြင်းကဲ့သို့ (အဆုံးစွန်သော)စိတ်၏ (၀တ္ထု အာရုံတို့ မှ) လွတ်မြောက်မှု ဖြစ်လေ၏။
          တရားဘာဝနာ ပွားများ အားထုတ်သူများ၏ အဓိက ရည်ရွှယ်ချက်မှာ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော စိတ်ဖောက်ပြန်မှုများ၊ သို့မဟုတ် ကိလေသာ တရားများကို ပယ်သတ်ရန်ဖြစ်သည်။ တရားဘာဝနာ ပွားများ အားထုတ်၍ တရားအမြင်ရပြီး ယင်းစိတ်ဖောက်ပြန်မှုများ သို့မဟဟုတ် ကိလေသာတရားများ လျော့ပါးသွားကြသည်များလည်းရှိသည်။ သို့သော်လည်း တရားဘာဝနာ ပွားများအားထုတ်ကြသော်လည်း အချို့  ပုဂ္ဂိုလ်များမှာ ယင်းစိတ်ဖောက်ပြန်မှုများ၊ သို့မဟုတ် ကိလေသာ တရားများ လျော့မသွားရုံ သာမက ပိုပြီး ခေါင်းထောင်ထလာသည်ကို တွေ့ရသည်။ ထိုပုဂ္ဂိုလ်များသည် သူများ ယောင်၍ ယောင်ကြသော်လည်း၊ သူများတရားထိုင်၍ ထိုင်ကြသော်လည်း တရားအမြင်မှန် မရရှိသူများဖြစ်သည်။
          ဗိုလ် (၅)ပါး ညီမှ စိတ်ဓါတ် ငြိမ်းအေးမှုကိုရမယ်။ မေတ္တာတရားဆိုတာ - မိတ်ဖွဲ့တာနဲ့တူတယ်။ (သီတဂူဆရာတော် - ၂၃.၁၂.၁၂)
* ဥပါဒါန -        ပြင်းစွာစွဲလမ်းမှု။
ဥပါဒန် (၄)မျိုး -
(၁) ကာမဂုဏ်တို့၌ ပြင်းစွာ စွဲလမ်းမှု၊
(၂) အယူဝါဒတို့ ပြင်းစွာ စွဲလမ်းမှု၊
(၃) အကျင့်သီလတို့၌ ပြင်းစွာ စွဲလမ်းမှု၊
(၄) အတ္တ၀ါတို့၌ ပြင်းစွာ စွဲလမ်းမှု။
ကိုးကား၊  ။
၁ - ၀ိတ္ထတဗလသုတ်၊ ဓန၀ဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်။
၂ - ဆရာပါရဂူ
၃ - အောင်လံဆရာတော် (၉ရက် တရားစခန်း)

၎ - သဲအင်းဂူဆရာတော်ဘုရားကြီး (၀ိပဿနာရှုနည်း) 

Wednesday, 5 February 2014

အမှောင်မှ အလင်းသို့



လောကီသဘောအရ ကိုယ့်အတွက်ဘာအကျိုးမှမရှိ နေရင်းထိုင်ရင်း လွယ်လွယ်နဲ့ ဖြစ်ဖြစ်နေတတ်တဲ့ အကုသိုလ်ကတော့ ဣဿာ နဲ့ မစ္ဆရိယဖြစ်ပါတယ်။ ဣဿာဆိုတာက သူတစ်ပါး စည်းစိမ်ကိုမနာလိုတာ ငြူစူတာ မစ္ဆရိယဆိုတာက မိမိစည်းစိမ်ကို ၀န်တိုတာ မပေးလိုတာပါ။ ဣဿာက သူတပါးပစ္စည်းနဲ့ ဆက်စပ်ပြီး မစ္ဆရိယက မိမိရဲ့ ပစ္စည်းနဲ့ဆပ်စပ်နေပါတယ်။ 
သူတစ်ပါးက ရှေးအတိတ်ကုသိုလ်ကံအလျှောက်ရုပ်အဆင်းလှနေတာ ပစ္စည်းဥစ္စာပေါများနေတာ ပညာတက်ဖြစ်နေတာတွေကို တိုက်ရိုက်မြင်တွေ့ရရင် ဖြစ်ဖြစ်၊ တဆင့်စကားနဲ့ကြား၇ရင်ဖြစ်ဖြစ် ၀မ်းမြောက်တဲ့ မုဒိတာစိတ်ဖြစ်ရမည့်အစား "အလကားပါကွာ သူ့အဖေကြောင့် ဖြစ်နေတာပါ" စသည်ဖြင့်ပြန်ပြောပြီး မနာလိုမှု ငြူစူမှုဖြစ်တာပါ။ အထူးသဖြင့် ဣဿာ က သူတစ်ပါးက ကိုယ့်ထက် ကြီးပွားတာ ချမ်းသာတာ ပြည့်စုံတာကို အလိုမရှိဘူး။ ပစ္စည်းဥစ္စာဘက်က ဖြစ်စေ၊ အပေါင်းအသင်း အခြွေအရံဘက်က ဖြစ်စေ၊ အရုပ်အဆင်းဘက်က ဖြစ်စေ၊ အသိအလိမ္မာဘက်က ဖြစ်စေ၊ အတတ်ပညာဘက်က ဖြစ်စေ၊ ကိုယ့်ထက်သာတယ်-ဆိုတာကို အလိုမရှိဘူး။ မမြင်ချင်ဘူး၊ မကြားချင်ဘူး။ အထူးအားဖြင့် ကိုယ့်နဲ့ဘဝတူ လုပ်ငန်းတူ ဂုဏ်ရည်တူလဲ ဖြစ်မယ်၊ ကိုယ်မချစ်တဲ့သူလဲ ဖြစ်မယ်ဆိုရင် အဲဒီလိုလူ ပြည့်စုံကြီးပွားတာကို သာပြီး မနာလိုဖြစ်တတ်တယ်။ လူငယ် လူငယ်ချင်း၊ လူကြီး လူကြီးချင်း၊ ယောကျာ်း ယောကျာ်းချင်း၊ မိန်းမ မိန်းမချင်း၊ ကျောင်းသား ကျောင်းသာချင်း၊ ဆရာ ဆရာချင်း၊ အလုပ်သမား အလုပ်သမားချင်း၊ ရဟန်း ရဟန်းချင်း - ကိုယ့်ထက်သာတယ်ဆိုရင် မနာလို ဖြစ်တတ်တယ်။

မစ္ဆရိယကလဲ မနာလိုတက်တဲ့ ဣဿာသဘော အတိုင်းပါပဲ။ ကိုယ့်ရဲ့နေရာ ရာထူးမျိုးသူတစ်ပါးကို မဖြစ်ထွန်းလိုဘူး ကိုယ့်အမျိုး တပည့် ဆရာတွေနဲ့ သူတစ်ပါးကို မသိကျွမ်းစေလိုဘူး၊ ကိုယ်ရထားတဲ့ ပစ္စည်း ဥစ္စာစည်းစိမ်မျိုး သူတစ်ပါးကိုမရစေလိုဘူး၊ ကိုယ်ရဲ့ ရုပ်အဆင်းအောင်မြင်ကျော်ကြားမှုမျိုး၊ သူတစ်ပါးကို မလှစေလို မအောင်မြင်စေလို မကျော်ကြားစေလိုဘူး၊ ကိုယ်တက်ထားတဲ့ ပညာမျိုး သူတစ်ပါး တက်သွားမှာ မလိုလားဘူး၊ ဒါတွေဟာ မစ္ဆရိယရဲ့  သဘောသရုပ်တွေပါ။ မစ္ဆရိယစိတ်ဝင်လာလျှင် သူတစ်ပါးအား ၀န်တိုစဉ်လဲတက်သလို မကောင်းကြံ မမှန်သောစိတ်ကြောင့် ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်လုပ်ကိုင်တတ်၏။ မိမိ၏ မကောင်းစိတ်ကြောင့် သူတစ်ပါးကို မကောင်းကြံတတ်သလို ထိုစိတ်ကြောင့် မိမိတွင် အကုသိုလ်ဖြစ်၏။ သူယုတ်ဖြစ်၏။ မိမိ၏ မကောင်းကြံ၊ မကောင်းစိတ်ကြောင့် တစ်ပါးသူ အကျိုးပျက်သည်၊ မပျက်သည်ကို မသိသော်လည်း မိမိ၏ အကျိုးက ပျက်သုန်း၏။ ယင်းသမို့ လူကြီးသူမများက “မကောင်းစိတ်ကို မမွေးနဲ့၊ သူတစ်ပါးကို မကောင်းမကြံနဲ့” ဟု မိန့်ဆိုခဲ့သည်ကို မှတ်သားဖူးသည်။ မစ္ဆရိယစိတ်ဆိုတာ အင်မတန် ကြောက်စရာကောင်းတဲ့စိတ်ပဲ၊ ကိုယ့်ဘ၀ကို မီးရို့တဲ့ စိတ်ဆိုရင်လည်း မမှားဘူး။ ပြောရရင်တော့ မစ္ဆရိယ စိတ်ဆိုတာ ၀န်တိုစဉ်းလဲစိတ်ဆိုလည်း မှန်တယ်။ အကောင် အထည်ပြုရ ခက်ပြီး ကြောက်စရာ အင်မတန်ကောင်းတဲ့စိတ်ပဲ ဟု မဟာဆေးဝင်္ပါ ဆရာတော်ဘုရားက မိန့်ကြားခဲ့ဖူး၏။

သေသေချာချာ စိစစ်ကြည့်ရင် သူတစ်ပါးကို မနာလို ဖြစ်တာဟာ ဘာမှ မစားရ မသုံးရဘဲနဲ့ သက်သက် အကုသိုလ် ပွားနေတာပါပဲ။ မနာလို ဖြစ်တယ်-ဆိုရင် စိတ်ထဲမှာ မချမ်းမသာ ဖြစ်သေးတယ်၊ ဒါကြောင့် မနာလိုတဲ့ သဘောဟာ ကိုယ့်ဟာကိုယ် ဆင်းရဲအောင်လုပ်နေတာနဲ့ တူတာပါပဲ။ နောက်ပြီးတော့ "အဲဒီ မနာလိုမှု အကုသိုလ်ကံကြောင့် အပါယ်ငရဲသို့လဲ ကျရောက်တတ်တယ်၊ လူ့ဘဝ ပြန်ရောက်လာရင်လဲ အခြွေအရံ အပေါင်းအဖော်နည်းတဲ့သူ ဖြစ်နေတတ်တယ်" ဆိုတဲ့အကြောင်း စူဠကမ္မဝိဘင်္ဂသုတ်မှာ မြတ်စွာဘုရားက ဟောပြထားပါတယ်။

ဝန်းသို ခန္တီးဆရာ တော်ဘုရားကြီးကလည်း မနာလိုဝန်တိုစိတ်ရှိသူအပေါ် မနာလိုဝန်တိုစိတ်မွေးမည့်အစား ဘဲတွေ ကြက်တွေမွေးပါတဲ့ ဘဲတွေ ကြက်တွေမွေးခြင်းက ဘဲဥ ကြက်ဥ စားရသေးတယ် လားရာမကောင်းမဲ့ဖြစ်ခြင်း အတူတူ မနာလိုဝန်တိုစိတ်မွေးခြင်းက...ဘာမှမစားရဘဲ အပယ်ကိုလား ရမှာပါဟု ဆုံးမထားဖူးပါသည်။ တကယ်လည်း ဒီတရားနှစ်ပါးဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူတစ်ပါးအတွက်လဲ အကျိုးမရှတဲ့ တရားတွေပါ။ ပြီးတော့ သံသရာမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ တရားတွေဖြစ်ပါတယ်။

ဒီတော့ ဒီစိတ်မျိုးတွေ ကိုယ့်ရဲ့သဏ္ဍာန်ထဲမှာရှိနေရင် ဖြစ်ဖြစ်နေလို့ရှိရင် ဘယ်လိုဖြေဖျောက်ရမလဲဆိုတော့ အဲဒီ မနာလိုမှု၏ ဆန့်ကျင်ဘက်ကတော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ - ဆိုတဲ့ ဗြဟ္မစိုရ်တရား ၄-ပါးထဲက မုဒိတာဆိုတဲ့ တရားပါပဲ။ မုဒိတာ-ဆိုတာကတော့ သူတစ်ပါး ကြီးပွားချမ်းသာတာကို အလိုရှိတယ်၊ ကြီးပွားချမ်းသာတာကို မြင်ရ ကြားရ သိရလို့ရှိရင် ကြီးပွားမြဲ ကြီးပွားကြပါစေ၊ ချမ်းသာမြဲ ချမ်းသာကြပါစေလို့ နှလုံးသွင်းပြီး ဝမ်းမြောက်တယ်။ အဲဒီ မုဒိတာကတော့ တကယ်ကောင်းတဲ့ တရားဘဲ၊ သူများ ကြီးပွားချမ်းသာတာကို တွေ့ရတာနဲ့ သူက ဝမ်းမြောက်ပြီး ပီတိတွေ ဖြစ်နေတယ်၊ အဲဒီတော့ မုဒိတာဖြစ်တဲ့ လူမှာလဲ ကိုယ်ရော စိတ်ပါ ချမ်းသာနေတယ်၊ အလွန်ကြည်လင် အေးချမ်းတဲ့ တရားဘဲ။ နောက်ပြီးတော့ "သူများကြီးပွားချမ်းသာတာကို ဝမ်းမြောက်ကြည်သာတဲ့ ကောင်းမှုကြောင့် နတ်ရွာသုဂတိလဲ ရောက်နိုင်တယ်၊ လူ့ဘဝ ပြန်ရောက်လာရင်လဲ အခြွေအရံတွေ ပေါများပြီး (မဟေသက္ခ) တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တတ်တယ်" ဆိုတဲ့အကြောင်း စူဠကမ္မဝိဘင်္ဂသုတ်မှာပဲ မြတ်စွာဘုရားက ဟောပြထားပါတယ်။"ယထာလဒ္ဓ သမ္ပတ္တိတော - ရမြဲဖြစ်သော စည်းစိမ်ချမ်းသာမှ၊ မာဝိ ဂစ္ဆန္တု - မကင်းကွာကြဘဲ ချမ်းသာမြဲ ချမ်းသာကြပါစေ"ဆိုတဲ့ နှလုံးသွင်းပွားများပုံကတော့ မုဒိတာကို ပွားပုံပဲ။ သူများတွေက မနာလိုကြမည့်နေရာမှာ ငါတို့ကတော့ ကြည်သာရွှင်ပျ ဝမ်းမြောက်ကြမည်၊ ကိလေသာ ပါးစေတဲ့အကျင့်ကို ကျင့်မည်၊ ဒီလို စိတ်မျိုးကို ဖြစ်စေမည်၊ မနာလိုမှု လမ်းဆိုးကို ဝမ်းမြောက်ကြည်သာ မုဒိတာ လမ်းကောင်းဖြင့် ရှောင်လွှဲမည်၊ မုဒိတာလမ်းကောင်းဖြင့် အဆင့်အတန်း တက်မည်၊ မနာလိုမှု ကိလေသာမီးကို မုဒိတာရေစင်ဖြင့် ငြိမ်းသတ်မည်ဆိုပြီး အမြဲစိတ်နှလုံးထဲ သွင်းထားတက်ဖို့လိုပါတယ်။ .  နောက်ပယ်သတ်နည်းက ကိုယ်က သတိဥာဏ်ယှဉ်ဖို့ပါပဲ၊ ပုထုဇဉ်တွေဆိုတော့ အကုသိုလ် ဖြစ်စရာ အာရုံတွေနဲ့ ကြုံလာရင်ဖြစ်မှာပါပဲ၊ စိတ်မပျက်ပါနဲ့၊ ၀ိပဿနာရှုမှတ်ပြီး ပယ်သတ်လိုက်ပါ။ 

ဒီနေရာမှာ ၀ိပဿနာရှုမှတ်ပုံနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပါရစေ၊ ၀ိပဿနာရှုမှတ်တယ်ဆိုတာ ပစ္စုပ္ပန်ဖြစ်ဆဲ ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်ရတာပါ။ ပစ္စုပ္ပန်တည့်တည့်အချိန်မှာ ကိုယ့်ရဲ့ ရုပ်ဟာဘာဖြစ်နေသလဲ၊ ထိုင်နေသလား၊ သွားနေသလား၊ စားနေသလား၊ထိုင်နေ ရင်လဲ တင်ပါးနဲ့ ထိုင်ခုံနဲ့ ထိနေတဲ့သဘောလေးဆီကို စိတ်ကိုပို့လိုက်ပြီး "ထိုင်တယ်၊ ထိုင်တယ်" လို့သတိကပ်ပြီး ရှုမှတ်နေရပါတယ်၊ ကော်ဖီခွက်ကိုင်ရင်လဲ "ကိုင်တယ်၊ ကိုင်တယ်" သောက်ရင်လဲ "သောက်တယ်၊ သောက်တယ်" စသည်ဖြင့် ရုပ်ရဲ့  ပစ္စုပ္ပန်တည့်တည့် အမှုအရာကို ရှုမှတ်ရပါတယ်။
ဒီလိုပါပဲ၊ နာမ်ဖြစ်တဲ့ စိတ်ကကော ဘာဖြစ်နေသလဲဆိုတာ သတိကပ်လိုက်ပါ။ ရာဂဖြစ်နေသလား၊ ဒေါသဖြစ်နေသလား၊ ပီတိဖြစ်နေသလားစသည်ဖြင့် ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ ကိုယ့်ရဲ့စိတ်ကို ရှုမှတ်ရမှာပါ။ဥပမာပဲထားပါတော့ ဂျာနယ်အယ်ဒီတာ တစ်ယောက် ကိုယ့်ရဲ့ပြိုင်ဘက် ဂျာနယ်တစ်စောင်က သူတို့ရဲ့ ကံဥာဏ်ဝီရိယတွေကြောင့် စောင်ရေတွေ တအားထိုးတက်သွားပြီး ကိုယ့်ထက်သာသွားပြီ၊ ကိုယ့်ထက်အောင်မြင်သွားပြီပဲ ဆိုပါတော့၊ ဒီအချိန်မှာ ကိုယ့်ထက်သာရင် ၀င်လာလေ့ရှိတဲ့ မနာလိုတဲ့ ဣဿာ က၀င်လာပြီဆိုပါတော့။ " ငါတော့ ဣဿာ ဖြစ်နေပြီ၊ ဣဿာ ဆိုတာ အကုသိုလ်၊ အကုသိုလ်ဖြစ်ရင် အကုသိုလ်ရဲ့ အကျိုးအပြစ်တွေကိုတော့ ခံရတော့မှာပဲ" စသည်ဖြင့် ဝေဖန်စဉ်းစားသုံးသပ်မနေပါနဲ့၊ ၀ိပဿနာဆိုတာ ဝေဖန်စဉ်းစားသုံးသပ်နေရတဲ့ အရာမဟုတ်ပါဘူး၊ ပစ္စုပ္ပန်တည့်တည့်ဖြစ်နေတဲ့ စိတ်ကိုပဲ ရှုမှတ်ရမှာပါ။

အခုပစ္စုပ္ပန်တည့်တည့်မှာ ဣဿာဖြစ်နေတာဆိုတော့ ဖြစ်နေတဲ့ ဣဿာ စိတ်ကလေးဆီကို သတိကပ်လိုက်ပါ။ ပြီးတော့ " ဣဿာ ဖြစ်တယ် ဣဿာ ဖြစ်တယ်" ဆိုပြီးမှတ်နေလိုက်ပါ။
ခဏကြာတော့ ပျောက်သွားပါလိမ့်မယ်၊ မပျောက်သေးရင်လဲ ဆက်မှတ်ပါ၊ ဒါဟာဝိပဿနာရှုမှတ် တာပါပဲ၊ အဲ့ဒီလိုရှုမှတ်လိုက်နိုင်ပြီ ဆိုရင်ပဲ အမြတ်ဆုံးဘာဝနာကုသိလ်ဖြစ်သွားပါပြီ။ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားတာပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ။ ဒါပေမဲ့ ကိုယ်က သတိရှိပြီး ၀ိပဿနာရှုမှတ်ပစ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ ဥပမာပြောရရင် (ဥပမာက နိမ့်နေမလား မပြောတက်ပါဘူး) ငါးကြင်းဆီနဲ့ ငါးကြင်းကြော်လိုက်တဲ့ သဘောပါ။

အကုသိုလ်ဆိုတာ အဖြစ်သိပ်လွယ်ပါတယ်၊ အဆင်းဘီးတပ်ပေးလိုက်သလိုပါပဲ၊ ကုသိုလ်ကျတော့ အမြင့်ကို ၀န်တစ်ခုလွယ်ပြီး တက်နေရသလိုပါပဲ၊ ဖြစ်ဖို့အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ကိုယ်က အပ္ပမာဒခေါ်တဲ့ သတိတရားရှိဖို့သာ အရေးကြီးပါတယ်။
အကုသိုလ်စိတ်ဖြစ်ပြီဟေ့ ဆိုတာနဲ့ ၀ိပဿနာရှုမှတ်လိုက်ပါ။ ဒါဆိုအကုသိုလ်ကနေ အမြတ်ဆုံးဘာဝနာ ကုသိုလ်ဖြစ်လာပါလိမ့်မည်။

ကိုးကား။ ။
---------------
၁။ ကုသိုလ် မှ အကုသိုလ် သို့ -အလင်းတန်းဂျာနယ် (ရဝေနွယ် (အင်းမ))
၂။ ဣဿာ - မနာလိုခြင်း (ပြည့်ဖြိုး (ဗောဓိမြိုင်ဓမ္မရိပ်))- မဟာစည်ဆရာတော်ဘုရားကြီး၏ (၁၃၃၂-ခုနှစ်၊ ပြာသိုလဆုတ် ဂ-ရက်နေ့)တွင် ဟောတော်မူခဲ့သော သလ္လေခသုတ်တရားတော်ကြီးမှ ကောက်နှုတ်ချက်)
၃။ စိုးသူရ - (စူဠကမ္မ ၀ိဘင်္ဂသုတ်)
၎။ မေတ္တာရှင်ဆရာတော် အရှင်ဇ၀န (အဆိုးဆုံး အဆိပ်တရားတော်)

ငြိမ်းအေးထွန်း (.၆.၂.၂၀၁၄)

Wednesday, 9 October 2013

ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ နှင့် မော်စကို ဓမ္မသဘင်မှ အမေးအဖြေ

ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ်သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတ၀န်တောရဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (၀ိပဿနာ) ပါမောက္ခ၊ မဟာဌာနမှူး ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ သည် ရုရှားနိုင်ငံရောက် မြန်မာကျောင်းသား ပညာတော်သင်များ နှင့် ရုရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စု မြန်မာနိုင်ငံတော် သံရုံးမိသားစုများ၏ ပင့်ဖိတ် ပူဇော်မှုအရ ရုရှားနိုင်ငံ မော်စကိုမြို့ တွင် အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိ သီတင်းသုံးတော်မှု ခဲ့ပြီး၊ မြန်မာကျောင်းသားများနှင့် သံရုံးမိသားစုဝင်များကို (၂) ရက်တိုင်တိုင် ဓမ္မရေအေးတိုက်ကျွေးခဲ့ပါသည်။ ဆရာတော်သည် အောက်တိုဘာလ(၅) ရက်နေ့၊ နေ့ခင်း (၁၂) နာရီအချိန် မြန်မာကျောင်းသား ပညာတော်သင်များ၏ ကျောင်းသားဆောင် နှင့် အောက်တိုဘာလ (၆)ရက်နေ့ မော်စကိုမြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံသံရုံးခန်းမ တို့တွင် ဓမ္မအလင်း၊ ဓမ္မအသိများကို ပေးဝေတော်မှုခဲ့ပြီး၊ ပညာတော်သင်ကျောင်းသားများ၏ ဓမ္မမေးခွန်းများကို ပြန်လည်ဖြေကြား ဆွေးနွေးညွှန်ပြခြင်း နှင့် ရုရှားလူမျိုး တရားနာပရိတ်သတ်များနှင့်လည်း သီးသန့် တွေ့ဆုံခဲ့ပြီး ဗုဒ္ဓဓမ္မနှင့် ပတ်သတ်သည်များကို ဆိုဆုံးမတော်မှုခဲ့ပါသည်။သံရုံးတွင် ပြုလုပ်ကျင်းပခဲ့သည့် တရားပွဲတွင် ကြုံတောင့်ကြုံခဲ ဖူးတွေ့ခွင့်ရသောအချိန်မှာ ဓမ္မရေးရာနှင့်ပတ်သက်သည့်မေးခွန်းများကို လျှောက်တင်ခဲ့မိပါသည်။

အာကာမိုးတိမ်။ ။ဆရာတော်ဘုရား ဘုရားတပည့်တော်ကို မေးလျှောက်ထားခွင့်ပြုတော်မှုပါ ဘုရားပထမဦးဆုံးမေးခွန်းကတော့တပည့်တော်တို့ လူပုဂိုလ် ပုထုဇဉ်များအနေဖြင့် ရှစ်ပါးသီလကို တနေ့တာ ခံယူဖို့ ရည်မှန်းထားလျှင် ၀ိကာလ ဘောဇနာ ဆိုတဲ့ သီလကို ဘယ်ကာလ အပိုင်းအခြားထိ စောင့်ထိန်းနိုင်ရင် အကောင်းဆုံးပါလဲဘုရား။

ဆရာတော်။ ။သား အဲ့ဒါကတော့ အာရုံတက် (သို့ ) အာရုံမတက်ခင် အချိန်ထိ စောင့်ထိန်းနိုင်ရင် အကောင်းဆုံးဘဲသား။

(* ၀ိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊ နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏၊ ဆိုတဲ့ သီလကို တချို့လူအများစုက ည ၁၂ ကျော်ရင် စားလို့ရနိုင်ပြီလို့ ထင်ကြတဲ့သူတွေရှိပါသည်။ မဟာဗောဓိမြိုင် ဆရာတော်ကြီးကလည်း ဒီကိစ္စဖြင့် ပတ်သတ်ပြီး မိန့်ကြားဆုံးမတာ ကြားဖူးခဲ့ပါသည်။ တနေ့တာဟု ရည်မှန်းထားရင် စောင့်တဲ့အချိန်မှ နောက်နေ့ အဲ့အချိန်လောက်ရောက်သည်ထိ အတက်နိုင်ဆုံးစောင့်ထိန်း နိုင်ရင် အကောင်းဆုံးဖြစ်ပြီး၊ အသင့်တော်ဆုံးကတော့ အာရုံတက်သည်အထိ စောင့်ထိန်းသင့်ကြောင်းကို ဆရာတော်ဘုရားကြီးနှင့် ထပ်တူညီစွာသော အဖြေကို ရရှိခဲ့ပါသည်။)

အာကာမိုးတိမ်။ ။ နောက်မေးခွန်းတစ်ခုက ဆရာတော်ဘုရားကြီးအနေနဲ့လည်း ခုလက်ရှိ ပြည်တွင်းမှာ သက်ကြီး၊ သက်ငယ်၊ သက်လတ် ဟူပြီး အသက်အရွှယ် အတန်းအစားလိုက် တရားစခန်းများဖွင့်လှစ် ပေးထားခဲ့တယ်ဟု တပည့်တော် သတင်းကြားသိရပါတယ် ဘုရား။

ဆရာတော်။ ။ ဒါတင်မကဘူး အပျိုကြီး၊ လူပျိုကြီးတွေကော အတွက်ပါဖွင့်လှစ်ထားသေးတယ်။ (ပရိတ်သတ်..သဘောကျလျှက်)။

အာကာမိုးတိမ်။ ။ တပည့်တော် သိချင်တာက ဆရာတော်ဘုရားကြီး လက်ရှိကျင့်ကြံအားထုတ်နေခဲ့တဲ့ အာနာပါန ကမ္မဌာန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြသ လမ်းညွှန်ပေးတော်မှုပါအရှင်ဘုရား။

ဆရာတော်။ ။ ခုဒီနေရာမှာ အကုန်ရှင်းပြရမှာလား။

အာကာမိုးတိမ် ။ ။လိုရင်းတိုရှင်းပါဘုရား (ပရိတ်သတ်..သဘောကျလျှက်)။

ဆရာတော်။ ။အာနာပါန ကိုမေးတယ်ဆိုကတည်းက ကြားဖူးနားဝ နှင့် အားထုတ်ဖူးလို့ပါ။ လိုရင်းတိုရှင်းကို ပဓာနပြောပါမယ်။ အာနာပါန ထွက်လေ၊ ၀င်လေကိုကြည့်တဲ့ ကမ္မဌာန်းကို အားထုတ်တဲ့အခါမှာ နှာသီးဝ နှင့် နှခမ်းဖျားကို တိုးတာ၊ ထိတာ သိတဲ့နည်းရှိတယ်။ရင်ဘတ်မှာ ဒုတ်ဒုတ်ခုန်တာကို ကြည့်တဲ့နည်းရှိတယ်။ ၀မ်းဗိုက်မှာ ပိန်တာ၊ ဖောင်းတာကို ကြည့်တဲ့နည်းရှိတယ်။ ဒါအကြမ်းအားဖြင့်ပေါ့ ဒါဖြင့် ဘယ်ဟာက နည်းမှန်သလဲလို့ ပြောရရင် ဒီထွက်လေ ၀င်လေဟာ နှခေါင်းနှင့်လည်းဆိုင်တယ်၊ ရင်ဘတ်နဲ့လည်း ဆိုင်တယ်၊ ၀မ်းဗိုက်နဲ့လည်း ဆိုင်တော့ ဒါတွေက နေရာတွေ ပဓာနမဟုတ်ဘူး၊ ဘယ်နည်းနဲ့ အားထုတ် အားထုတ် ဘုန်းဘုန်းတို့ ကြည်ညိုတယ်၊ သဘောကျတယ် အားထုတ်၊ ဒါက နေရာဘဲ နေရာကွဲလို့ ရန်ဖြစ်စရာမလိုဘူး ဟုတ်ပြီလား။ နောက်တစ်ခု နှာခေါင်းကိုဘဲ လွယ်လွယ်ပြောမယ် နှာခေါင်းမှာ ထွက်လေလေး ထွက်သွားတယ်၊ ၀င်လေလေးဝင်သွားတယ်။ ထွက်လေ ၀င်လေနဲ့ နှာခေါင်းမှာ မတိုးဘူးလား။ (တိုးပါတယ် ဘုရား) အဲ့ဒီတိုးတာလေးကို သိအောင်မကြည့်ရဘူးလား၊ ကြည့်ရသလား၊ (ကြည့်ရပါတယ်ဘုရား)။ အခုကြည့်လို့မရဘူးလား အခုမတိုးဘူးလား (တိုးပါတယ်ဘုရား) တိုးတာလေး သိတာပဲ ရှင်းလား ဒါကိုရှင်းလား၊ တိုးတာလေးသိအောင်ကို ဟိုလိုကြီး ဒီလိုကြီး သီးခြားလုပ်စရာမလိုတော့ဘူး။ တင်ဗင်ခွေထိုင်နေလည်းရတယ်၊ တကယ်အပါးဝသွားရင် လမ်းလျှောက်ရင်းနဲ့တောင်ရတယ်၊ တခြားနေရာမှာ ထိုင်နေလည်းရတယ်၊ အိပ်နေလည်းရတယ်။ ဒါလည်းလက်ခံတယ်နော် (လက်ခံပါတယ် ဘုရား) ဒါနဲ့ အဲ့လိုတိုးတာလေးကို သိအောင်ကြိုးစားနေတာ၊ သိတာကို တရားအားထုတ်တယ် ဆိုပါစို့၊ တိုးတဲ့အခိုက်မှာ တိုးတာလေးကို သိဖို့ရာကခက်တာလား၊ သိအောင်လုပ်ဖို့ သတိပေးဖို့ကခက်တာလား၊ (သတိပေးဖို့ကခက်တာပါဘုရား။) တိုးတာလေးကို သိအောင်လုပ်ဖို့ဆိုတာရှိတယ်လေ တိုးတာ ကိုယ်လုပ်တာလား သူ့ဖာသာသူလုပ်ရတာလား၊ (သူ့ဖာသာသူ လုပ်တာပါဘုရား)။ တိုးတဲ့အခိုက်လေး သိအောင်လုပ်ရတာ ပင်ပန်းလား (မပင်ပန်းပါဘူးဘုရား)၊ တိုးတာလေးကို သိအောင်လုပ်ဖို့ခက်တာလား တိုးတာလေးကို သိအောင်လုပ်ဖြစ်ဖို့ သတိပေးတာကခက်တာလား (လုပ်ဖြစ်ဖို့သတိပေးတာကခက်ပါတယ် ဘုရား)။ သိအောင်လုပ်ဖြစ်ဖို့ ဘယ်သူကပြောမှာလဲ (သတိကပြောမှာပါ ဘုရား) အေး အဲ့ဒီသတိလေးရှိဖို့အရေးကြီးတယ်။ အဲ့ဒီသတိလေးရှိလိုက်ရင် ခုသိတာဘဲ။ ဒါပေမဲ့ များသောအားဖြင့်က တိုးတာလေး သိဖို့က ခက်တယ်ထင်နေတာ၊ အဲ့ဒါကမခက်ဘူး စိတ်ကလေး ဘတ်ဆိုသတိပေးလို့ ရောက်သွားတာနဲ့ သိရော။ စိတ်ကလေး ဘတ်ဆို သတိပေးလို့ရောက်သွားတာနဲ့ သိရော၊ အဲ့ဒီ သတိပေးဖို့က ခက်နေတာ အက်ဒါကြောင့်မို့ မဟာသတိပဌာနလို့ ခေါ်တယ် ကဲ ရှင်းပြီလား သတိလေးက ပဓာနကျလို့၊ ဟုတ်ပြီလားသား အဲ့ဒါလိုရင်းတိုရှင်းပဲ။ (တင်ပါ့ဘုရား)။

မေးခွန်းများကို ဘုရားတပည့်တော်တို့အပေါ် စေတနာထားပြီး တိကျစွာ ရှင်းလင်းမိန့်ကြားပေးခဲ့သော၊ ဆရာတော်ဘုရား အား ကျေးဇူးအထူးပင်တင်မိပါသည်။ မိမိမေးမြန်းခဲ့သည်များကို တရား၊ ဓမ္မရေးရာလုပ်ဆောင် ကြိုးပမ်းနေကြတဲ့၊ မလုပ်ဆောင်ရသေးတဲ့၊ လုပ်ဆောင်ပြီးတဲ့ လူငယ်လူကြီး အပေါင်းကို ပြန်လည်မျှဝေ ပေးမိပါသည်။ ဆရာတော်သည် ပြည်တော်ပြန်ရန်အတွက် အောက်တိုဘာ (၆) ရက်နေ့ နေ့လည်ခင်း (၃) နာရီခန့်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် သံရုံး မှ မော်စကိုမြို့ Domodedovo လေဆိပ်သို့ ခရီး ပြန်လည် ထွက်ခွာတော်မှုခဲ့ပါသည်။ ဓမ္မရေးရာ ဆောင်းပါးလေးဖြင့် ဆရာတော်ဘုရားကြီးအား တပည့်တော် ဦးခိုက်ပူဇော် လိုက်ပါသည်ဘုရား။

Sunday, 28 July 2013

မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးယူမယ်




မျက် နှာသစ်တဲ့အခါမှာတော့ ကုသိုလ်ငါးမျိုးကို ရအောင်ယူရပါမယ်။ မနက်အိပ်ရာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့ မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကိုကိုင်ထားပါ။ ရေဖလားကို အပေါ်တော့မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့ ''မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို
သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား''လို့ဆို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွား ပါပြီ။ မြတ်စွာဘုရားရှင် မျက်နှာသစ်တော်ရေ အသုးံ ပြုနေတုန်းမှာ အရဟံကို အနက်သုံးခုနဲ့ ပွားလိုက်ပါ။
ဒါဆို ဗုဒ္ဓါနုဿတိကုသိုလ် ဖြစ်သွားပါပြီ။ ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ''ဤရေအေးမြ
သလို အဖေနဲ့ အမေ စိတ်ကော ရုပ်ကော အေးမြပါစေ''၊ ''ဤရေအေးမြသလို ငါရဲ့အလုပ်ရှင် စိတ်ကော ရုပ်ကော အေးမြပါစေ''၊ ''ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေ စိတ်ကော ရုပ်ကောအေးမြကြပါစေ''၊
''ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကော ရုပ်ကော အေးမြကြပါစေ''လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာ ကုသိုလ် ဖြစ်သွားပါပြီ။ ဒါကြောင့် ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး
မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။ မျက်စိအတွင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိ နေတဲ့ အညစ်အကြေးတွေကိုအာရုံပြုပြီး ''ငါ့ရဲ့ခန္ဓာ ကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ်ပါတကား'' လို့ အသုဘဘာဝနာပွားလိုက်ပါ။ ဒါဆို အသုဘဘာဝနာကုသိုလ်ဖြစ်သွားပါပြီ။ အသုဘဘာဝနာပွားရတာ အိပ်ရာထဆိုတော့ အသုဘရဲ့ လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွားရတာ ပိုတောင်ထင်သာမြင်သာ ရှိပါသေးတယ်။
အပြင်သွားခါနီး ဖြီးလိမ်းပြင်ဆင်ပြီးတဲ့ အခါ၊ လှလှပပဝတ်ဆင် ထားတဲ့ အခါ၊ အသုဘ ပွားရတာအဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ၊ အဝတ်တွေနဲ့ ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွားတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ပြီးရင် ''ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီ။ ဝင်လေမဆုံးခင်၊ ထွက်လေမဆုံးခင် နံနက် နေ့ည အချိန်မရွေး သေသွားနိုင်သည်''လို့ မရဏာနုဿတိ ပွားလိုက်ပါ။ ဒါဆို မရဏာနုဿတိကုသိုလ် ဖြစ်သွားပါပြီ။
အားလုးံ ပြီးမှ " မြတ်စွာဘုရား မျက်နှာသစ်ပြီးပြီဖြစ် လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင်း ကုသိုလ် ငါးမျိုးရသွားပါပြီ။ ဒါပေမဲ့ ဆောင်းတွင်းဆိုရင်တော့ သိပ်အေးနေတဲ့ အတွက် ကုသိုလ်ငါးမျိုးယူနိုင်ဖို့ နည်းနည်း ခက်ချင် ခက်ပါလိမ့်မယ်။ ကုသိုလ် ငါးမျိုးမရရင်တောင် မျက်နှာသစ်တော်ရေကပ်တာရယ်၊ မေတ္တာပို့တာရယ် ကုသိုလ် နှစ်မျိုးလောက်တော့ ရအောင်ယူနိုင်ရပါမယ်။
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးယူတာက ဘာမှကြာမယ်လည်း မထင်ပါဘူး။ ပိုက်ဆံလည်း မကုန်ပါဘူး။
ပိုက်ဆံမရှိလို့ ကုသိုလ်မလုပ်နိုင်ဘူးလို့ ပြောပြောနေတဲ့သူတွေအတွက် တကယ့်ကျင့်သုံးစရာတွေပါ။ ဝတ်တစ်ခုလိုထားပြီး ပြုသွားရုံပါပဲ။
မနက်အိပ်ရာထ ကုသိုလ်ငါးမျိုးယူပုံလေးကို ကိုယ့်သားသမီးလေးတွေကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားသင့်ပါတယ်။ ငယ်တုန်းမှာ မရဏာနုဿတိတွေ၊ အသုဘတွေ မသိသေးပေမယ့်
အရွယ်ရောက်လာတဲ့အခါ သူ့အလိုလို သိသွားပါလိမ့်မယ်။ ငယ်တုန်းမှာ လေ့ကျင့်ပေးထားရင် ကြီးတဲ့ အထိ စွဲသွားတာများပါတယ်။ အရွယ်ရောက်လာလို့ကိုယ့်အထုံလေးကိုကြည့်ပြီး ''ငါတို့မိဘတွေဟာကောင်းတဲ့အလေ့အကျင့်လေးကို သင်ပေးခဲ့တာပါလား" ဆိုပြီးမိဘတွေကို ကျေးဇူးတင် တချစ်တခင်ရှိနေ တော့မှာပါ။ သူတို့ကလည်း သူတို့သားသမီးတွေကို ဆက်ပြီး လက်ဆင့်ကမ်းတော့မှာပါ။

အဲဒီလို ဘာဝနာလေးခုကို နေ့တိုင်းပွားနေရင် တစ်ဖက်က ကုသိုလ်တွေရနေသလို တစ်ဖက်ကလည်း အကုသိုလ်တွေ ကင်းစင်ပပျောက်နေပါတယ်။ ဘယ်လို ကင်းစင်ပပျောက်သလဲ ဆိုရင်
(၁) ဗုဒ္ဓါနုဿတိပွားရင် ရတနာသုံးပါး၊ ကံ ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားရွှင်လန်းလာ
ပါတယ်။ သဒ္ဓါတရား ရွှင်လန်းလာရင် ဒိဋ္ဌိကင်းစင်ပပျောက်ပါတယ်။
(၂) မေတ္တာပွားရင် အားလုံးသိကြတဲ့အတိုင်းဒေါသကင်းစင်ပပျောက်ပါတယ်။
(၃) မရဏာနုဿတိပွားရင် မာနကင်းစင်ပပျောက်ပါတယ်။ မာနကလည်း လူကို သိပ်ဒုက္ခပေး
တာပါ။ မရှိတဲ့သူကလည်း မရှိတဲ့မာန၊ ရှိတဲ့သူကလည်း ရှိတဲ့မာန။ မာနကိုယ်စီနဲ့ပါ။ အဲဒီမာန ကြောင့်ပဲ ဘ၀နဲ့ယှဉ်တဲ့ ဆုံးဖြတ်ချက်တွေ မှားသွားတာ။ ဘ၀နဲ့ယှဉ်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာသွားတာတွေ အများကြီးပါ။ ဒါကြောင့် မာနမရှိဖို့လည်း သိပ်အရေးကြီးပါတယ်။
(၄) အသုဘပွားရင် ရာဂကင်းစင် ပပျောက်ပါတယ်။ အဲဒီရာဂကလည်း လူကိုဒုက္ခပေးတာပါပဲ။ ရာဂကြောင့်ပဲ ခံစားရ၊ ကြေကွဲဝမ်းနည်းရ၊ အိပ်မရ၊စားမရ၊ ဘဝပျက်ရ၊ ပညာရေးဆုးံ ရှးုံ ရ၊ စီး ပွား ရေးတွေ ဆုံးရှုံးရစသဖြင့် အများကြီးပါပဲ။
(၅)ဒီ ဒိဌိ ၊ဒေါသ၊ မာန၊ ရာဂ ဆိုတဲ့ အကုသိုလ် ကြီးလေးခုက လူတိုင်းပယ်ချင်နေကြတဲ့ အကုသိုလ်တွေပါ။ ဘယ်သူမှ ကြာရှည်လက်ခံမထားချင်ပါဘူး။ အမြစ်ပြတ်မပယ်နိုင်သေးရင်တောင် တဒင်္ဂအခိုက် အတန့်အနေနဲ့ ပယ်နိုင်ရင်ပဲ တော်တော်ဟုတ်နေပါပြီ။ အကျိုးရလာဒ်ကတော့ ပါရမီတစ်ခုအနေနဲ့ နောက်ဘဝ နောက်ဘဝတွေအထိ အတူပါသွားတော့မှာပါ။

•    ဗုဒ္ဓါနုဿတိပွားလျှင်၊ ဒိဋ္ဌိပင်၊ ကင်းစင်ပပျောက်သည်။
•    မေတ္တာပွားလျှင်၊ ဒေါသပင်၊ ကင်းစင် ပပျောက်သည်။
•    မရဏာနုဿတိပွားလျှင်၊ မာနပင်၊ ကင်းစင်ပပျောက်သည်။
•    အသုဘပွားလျှင်၊ ရာဂပင်၊ ကင်းစင်ပပျောက်သည်။

ဘဝမှာ စွဲနေတဲ့ ဘာဝနာတစ်ခုခုတော့ ကိုယ်စီရှိထားသင့်ပါတယ်။ သူများက မေးမလာရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့အခါ ဖြေနိုင်အောင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့လောကဓံတွေက အမြဲကြုံနေ ရလို့ပါ။ ကြုံလာရတဲ့အခါ ကိုယ်ထုံထားတဲ့ ဘာဝနာ လေးနဲ့ ဖြေဆည်နိုင်အောင်ပါ။ဘဝတစ်ခုကို အနုပညာတစ်ခုလိုပဲ ခံစားစေချင်ပါတယ်။ အနုပညာတစ်ခုဖြစ်တဲ့အတွက် ကျေနပ်ခြင်း၊ မကျေနပ်ခြင်း ရသတွေကတော့ အစဉ်သဖြင့်ရှိနေမှာပါ။ အဲဒီ ကျေနပ်ခြင်း၊ မကျေနပ်ခြင်းရသတွေကိုပဲ ပါရမီအဖြစ် ပြောင်းယူရမှာပါ။အရဟံဂုဏ်တော်ရယ်၊ ဝိပဿနာရယ်ကိုဝတ်တစ်ခုလိုထားပြီး ပွားဖြစ်နေမယ်ဆိုရင် ဘဝကတော်တော်နေပျော်နေပါပြီ။

ဘာပဲပြောပြော ဂုဏ်တော်ရယ်၊ ဝိပဿနာရယ်ကို နေ့စဉ်ပွားဖြစ်နေရင် တစ်ဖက်က စိတ်အေးချမ်းမှုကို ရနေသလို၊ တစ်ဖက်ကလည်း သံသရာအတွက် ပါရမီဖြည့်နေတာပါပဲလေ။

ရဝေနွယ် (အင်းမ) (The Voice 9-28)

၁။ နိဗ္ဗာနမဂ္ဂဒီပီပနီ (စစ်ကိုင်းပထမဂန္ဓာရုံဆရာတော်)်)
၂။ ရတနာ့ဂုဏ်ရည် (ဆရာတော်အရှင်ဇနကာဘိဝိဝံသ)
၃။ ဗုဒ္ဓါနုဿတိဘိဘာဝနာ (ဆရာတော်အရှင်ဇနကာဘိဝိဝံသ)
၎။ စတုရာရက္ခကျမ်း(သင်္ဂဇာဆရာတော်ဘုရားကြီး)
၅။ ပရမတ္ထသရူပပဘေဒနီကျမ်း (မဟာဝိသိသုဒ္ဓါရုံဆရာတော်)
၆။ ဂုဏ်တော်အရသာ (ညောင်လေးပင်တောရဆရာတော်)
၇။ သပြေကန်ပရိတ် ကြီးနိဿယသစ် (အရှင်ဝါသေဋ္ဌာဘိဝံသ)
၈။ မဟာဗုဒုဒ္ဓဝင်ဓမ္မရတနာခန်း (မင်းကွန်းတိပိဋကဓရဆရာတော်)
၉။ သဗ္ဗမ္ဗမင်္ဂလာဓမ္မဒေသနာ (အရှင်ဝါသဝါဘိဝံသ)
၁ဝ။ မထေရ်မြတ်တို့စကားဝိုင်း (၄) (ဓမ္မဘေရီအရှင်ဝီရီယ - တောင်စွန်း)
၁၁။ ညောင်တုန်းပါဠိတက္ကသိုလ် ရွှေရတုမုမဂ္ဂဇင်း
၁၂။ ရတနာသုံးပါးကျေးဇူး (ဓမ္မာစရိယဦးဌေးလှိုင်)
၁၃။ ဗုဒ္ဓါနုဿတိဘာဝနာ (ဓမ္မာစရိယ ဦးအေးနိုင်)

Saturday, 27 April 2013

ရုပ်လှချင်ရင် ဂုဏ်တော်ပွားပါ

တကယ်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာရုံတင် မကပါဘူး။ ရုပ်ကိုလည်း လှစေတာပါ။ ဂုဏ်တော်ကို နေ့စဉ်ပွားနေ ရင် စိတ်သဘောထားတွေ မွန်မြတ်လာမယ်။ စိတ်သဘောထားတွေ မွန်မြတ်လာရင် စိတ်သဘောထားတွေ ပြောင်...းလဲ ကြည်လင်လာမယ်။ စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာရင် သွေးသားတွေ ပါ ပြောင်းလဲကြည်လင်လာတော့တာပါ။ သေွး သားတွေ ပြောင်း လဲကြည်လင်လာတဲ့ အတွက် မျက်နှာရုပ်အဆင်းပါ ပြောင်းလဲ ကြည်လင်လာတော့တာပါ။ ရုပ်ကိုလှလို၊ ဂုဏ်တော်ကို ပွားကိုပွားရမယ်။ ဆိုလိုတာက ဂုဏ်တော်နဲ့ ကိုယ့် ရုပ်ကို ပြောင်းလဲယူလို့ရပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက တပည့်တွေကို ပြောပြထားတာ ရှိပါတယ်။ ဆရာတော်ဘုရားက သူ့ဘဝမှာတစ်ဘဝတည်းနဲ့ ရုပ်သုံးမျိုး ထွက်နေပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပထမအရွယ် ဆရာတော်ဘုရား ရဟန်းငယ်ငယ်ဘဝ အသက် ၂ဝ အရွယ်အထိ မျက်နှာကကြည်ပြီးချိုနေပါတယ်တဲ့။ ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်၂ဝ ကျော်ဘဝမှာဆရာတော်ဘုရားရဲ့ မိဘတွေက စီပွားရေးတွေ လျှောကျဆုံးရှုံးကုန်ပါတယ်။ အဲဒီတော့ ဆရာတော်ဘုရားရဲ့ မိဘတွေကိုပတ်ဝန်းကျင်က ခပ်တင်းတင်း၊ ခပ်ထန်ထန်ဆက်ဆံလာပါ တယ်။ မိဘတွေကို ဆက်ဆံရုံတင်မကပါဘူး။ ဆရာတော်ဘုရားကိုပါ ခပ်တင်းတင်း ဆက်ဆံလာပါတယ်။ တစ်ဆင့်တက်ပြီး သီတင်းသုံးဖော်တွေကပါ ဆရာတော်ဘုရားကို စီးစီးပိုးပိုး ဆက်ဆံလာတယ်။ ဒါကြောင့် ဆရာတော်ဘုရားကလည်း မခံချင်စိတ်နဲ့ မျက်နှာကိုခပ်ထန်ထန် တည်ထား၊ တင်းထားလိုက်ပါတယ်တဲ့။ ဒီတော့ ဆရာတော်ဘုရားရဲ့မျက်နှာက အမြဲတမ်း တင်းနေပါတော့တယ်။ ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်အရွယ်ကလေးလည်းရလာတော့ ဆရာတော်ဘုရားက သူ့မျက်နှာကလေး ကိုပြန်ကြည့်ပြီး ''ဟယ်... ငါ့မျက်နှာကတင်းနေတာပဲ။ မဖြစ်သေးပါဘူး။ ငါ့ရဲ့ဥပဇ္ဈာယ်ဆရာဖြစ်တဲ့ စစ်ကိုင်းဂန္ဓာရုံ ဆရာတော်ဘုရားက ဗုဒ္ဓါနုဿတိဘာဝနာတွေ ပွားများပြီးတော့မှ မျက်နှာကြည်လင် အောင်လုပ်ခဲ့တယ်။ ငါလည်းပဲ ဗုဒ္ဓါနုဿတိကို ပွားပြီးတော့မှ မျက်နှာကြည်လင်အောင်ပြန်လုပ်ဦးမှပဲ''လို့ ဆိုပြီး ဗုဒ္ဓါနုဿတိကိုပွားလည်းပွားရော မျက်နှာက ပြန်ကြည်ပြီးဝင်းလာခဲ့တယ်။ ဘဝတစ်ခုနာါဒမှာ ပထမအရွယ်မှာမျက်နှာကချိုနေတယ်။ ဒုတိယအရွယ်မှာမျက်နှာက တင်းလာတယ်။ တတိယအရွယ်မှာ မျက်နှာက ပြန်ချိုလာတယ်။ ပြန်ပြီးတော့ ကြည်လာတယ်။ ဆရာတော်ဘုရားကကိုယ်တိုင်ပြောပြထားတာပါ။ ဆရာတော် ဘုရားရဲ့ ဓာတ်ပုံတွေကို သတိထားကြည့်ရင် သိသာပါတယ်။ သက်တော်ငယ်ငယ်ကပုံဆိုရင် မျက်နှာက ချိုနေပါတယ်။ အလယ်အလတ်ဆိုရင် မျက်နှာကတင်းနေပါတယ်။ သက်ကြီးပိုင်းရောက်လာတော့ ဆရာတော့်မျက်နှာက ချိုပြီးတော့မှ ကြည်လင်နေပါတယ်။ မျက်နှာတော်မြင်လိုက်ရတာနဲ့ စိတ်ကို အေးချမ်းသွားတော့တာပါ။ ညောင်ပင်အောက်မှာ တင်ပျဉ်ခွေထိုင်ပြီး ရိုက်ထားတဲ့ဓာတ်ပုံဆို မြင်ရသူတိုင်းစိတ်အေးချမ်းသွားကြတာပါ။ ဆရာတော်ဘုရားက ဂုဏ်တော်ပွားပြီး မျက်နှာကိုပြောင်းလဲခဲ့ပါတယ်။ ဂုဏ်တော်ပွားရင်ရုပ်လှစေတယ်ဆိုတာ ဆရာတော်ဘုရားရဲ့ကိုယ်တွေ့ သာဓကတစ်ခုပါ။ ဆရာတော်ဘုရားရဲ့ မျက်နှာကိုကြည့်ရင် သိနိုင်ပါတယ်။ နောက် ဝိပဿနာအခြေခံသမာဓိရစေတယ်ဆိုတာက ဂုဏ်တော်ပွားရင်ဥပစာရသမာဓိအထိ ရပါတယ်။ ခဏိကသမာဓိရရင်ပဲ ဝိပဿနာတရားအားထုတ်လို့ ရပြီဆေို တာ့  ဥပစာရသမာဓိဆို အထူးပြောစရာ မလို တော့ပါဘူး။ ပိုလို့တောင်ကောင်းပါသေးတယ်။ ဝိပဿနာ တရားအားထုတ်သူ တွေအတွက်လည်းပဲ အလိုအပ်ဆုံး ၀ိပဿနာအခြေခံ သမာဓိကို ရသွားတော့တာပါ။ Crd : ရဝေနွယ် (အင်းမ) Monday, April 22 - 28 , The Voice JournalSee More

Saturday, 13 April 2013

တုံ့လှည့် ကျေဇူးဆပ်နိုင် ထူးစေ








မနက်မိုးလင်းထဲက ကျင့်ကြံအားထုတ်နေတဲ့ ဘာဝနာကမ္မဌာန်းကို ခေတ္တနားကာ လိုဏ်ဂူတော်အတွင်းကနေ ပတ်ဝန်းကျင်ကို ကြည့်မိသည် နောက်များမကြာမှီမှာ နေ့ခင်းဆွမ်းစားချိန်ရောက်တော့မည်မို့ ဆွမ်းခံကြွရန် ပြင်ဆင်လိုက်၏။ ကျေးဌက် တိရစ္ဆာန်များ၏ တွန်ကျူးသံများ၊ စမ်းရေစီးကျသံများဖြင့် သာယာ ရှုမောဖွယ်ကောင်းတဲ့ တောအုပ်လေး မှ တောလမ်းလေးကနေ ရွှာငယ်လေးဆီသို့ ကမ္မဌာန်း စီးဖြန်း၍ ဆွမ်းခံကြွလာခဲ့ ၏။ ရွှာအ၀င် ရောက်ခါနီး အသံ တိုးတိုးလေးတစ်ခုကို မိမိနားဖြင့် ကြားမိသည်၊ ပိုသေချာအောင် ဒိဗ္ဗသောတအဘိဥာဏ်နားဖြင့် စိုက်ပြီးကြည့်လိုက်လေတော့ ဆွမ်းလောင်းနေကျ အလှူရှင် ဒါယိကာမ အမယ်အိုကြီး နှင့် သူ့သမီးတို့ စကားပြောသံ လေးတွေဘဲဖြစ်၏။
    ရွှာလယ်အတွင်းရှိ တဲအိုလေး တစ်အုံးတွင် သားအမိ နှစ်ဦး အေးချမ်းစွာ နေထိုင်ကြပါသည်။ အသက်အရွှယ်ကြီးရင့်သော်လည်း ဘာသာတရား ကိုင်းရှိုင်းမှု၊ မေတ္တာဘာဝနာ ပွားများပြီး နေထိုင်သော ဖြစ်သည်ကြောင့် ရုပ်အဆင်းမှာ တည်ငြိမ်တင့်တယ် နေကြ၏။ အလှူအတန်း၊ စေတနာ သဒ္ဒါအားကြီးသော သူတို့ကို ရပ်မိ ရပ်ဖများကလည်း လေးစား ကြင်နာကြ၏။ မိခင်ကြီး၏ ချစ်လှစွာသော ခင်ပွန်းလည်း ဘ၀တပါးသို့ တိမ်းပါးသွားသည်မှာ ကြာလေပြီ သို့သော် သူ့မှာ အလွန်တရာမှ ယဉ်ကျေးလိမ္မာသော သမီးငယ် တစ်ယောက်တော့ ရှိချေသေးသည်။ သို့သော်လည်း သားငယ် တစ်ဦးလောက် လိုချင်တောင့်တ မိသည့် ဆန္ဒတစ်ခုတော့ရှိသည်။ ထိုဆန္ဒတစ်ခုက သူ့ခင်ပွန်းလောင်း ရှိကတည်းမှာ ဖြစ်တည်လာသည်မှာ အမှန်၊ သူဖြစ်ချင်သော လိုအင် ကိုဖြေသိမ့်နိုင်လိုက်သည့်နေ့ ထူးကို သူကြုံတွေ့ခဲ့၏။ ထိုနေ့က မှတ်မှတ်ရရပင်
" မေကြီးရေ ဒီမှာ ကိုယ်တော်လေး တစ်ပါး အိမ်ရှေ့ မှာ ဆွမ်းခံရပ်တော် မှုနေတယ် " ဟု အိမ်အပြင်မှာ ဆန်ဖွတ်နေတဲ့ သမီးငယ်ရဲ့  အော်သံလေးကို ကြားမိ၏်။ ဒီအရပ် ဒေသက ခေါင်တော့ သာသနာပြုပုဂိုလ်မျိုးတွေ့ရဖို့က ခက်သည်မဟုတ်လား။ အိမ်ရှေ့ လေးကို ပြတင်းပေါက်ကနေ လှမ်းမျှော်ကြည့်မိသည်။ ဟုတ်ပါ့ ကိုယ်တော်လေး တစ်ပါးပါလား ကိုယ်တော်လေးကို အဝေးကနေ မြင်မြင်ခြင်း လှူချင်တန်းချင်စိတ် ချက်ချင်း ဖြစ်ပေါ်မိသွားသည်.။ ဒါနဲ့ ချက်ထားတဲ့ ဟင်း၊ ထမင်းကို ခူးခပ်ပြီး ကိုယ်တော်လေးဆီသို့ သမီးကိုပါ ခေါ်ကာ လှမ်းလာခဲ့တော့၏။ ကိုယ်တော်လေးကို ဦးခိုက်ဖူးမော်ပြီး ဆွမ်းဟင်း များကို ဆပ်ကပ်လှူဒါန်းပြီးနောက် ကိုယ်တော်လေး၏ သာဓုအနုမောဒနာတရား ကိုနာယူပူဇော်နေမိသည်။ ကိုယ်တော်လေးကလည်း ထိုနေ့အတွက် ဆွမ်းဟင်းပြည့်စုံပြီမို့ ကြွလာရာလမ်းအတိုင်း ပြန်ကြွဖို့ပြင်လိုက်သည်။ ထိုအချိန် တွင် " အရှင်ဘုရား ခေတ္တဆိုင်းငံတော်မှုပါအုံး ဘုရား၊ တပည့်တော်မ မှာ အရှင်ဘုရားကို မြင်မြင်တွေ့ခြင်း မိမိသားတော် တစ်ဦးကဲ့သို့ ခံစားမိရုံမျှမက၊ အရှင်ဘုရားရဲ့ တည်ကြည်တင့်တယ်သော အမှုအရာ အကျင့်မြတ်တို့ကိုလည်း ကြည်ညိုမိပါသည် ဘုရား၊ ထို့အတွက်ကြောင့် တပည့်တော်မရဲ့  နေအိမ်မှာ နေ့စဉ် ဆွမ်းအလှူခံပေးတော်မှုပါ ဘုရား" မိမိနှုတ်ကနေ ဖွင့်လျှောက်ထားလိုက်၏။ ကိုယ်တော်လေးထံမှ " ဒါယိကာမကြီး ဆန္ဒအတိုင်း ပြည့်မြောက်အောင် နေ့တိုင်းဆွမ်းခံကြွတော်မှုမယ်" ဟု မိန့်ဆိုသံကို ကြားလိုက်ရရင် ရင်တွင် ကြည်နှုးပီတိ ဖြစ်ရသည်မှာ ပြောမပြတက်အောင်ပင်။ သားတော်လေးတစ်ပါး ရလိုက်ပြီဟု စိတ်ထဲက အသိနဲ့ တကွ လောင်းလှူခွင့်ရလိုက်သော ဒါနကုသိုလ် ပီတိအရှိန်တို့ကြောင့် မိမိအိမ်ထဲကို မည်သို့ လျှောက်လှမ်းလာမိမှန်းကို မသိတော့ ပေ။ အိမ်ထဲရောက်တော့ သမီးငယ်မျက်နှာကို လှမ်းကြည့်မိတော့ သူလည်း ပြုံရွှင် ပျော်မြူးကျေနပ်နေသည်ကို တွေ့မြင်ရတော့ ထိုနေ့အတွက် နှစ်ဦးသား ထမင်းစားဖို့တောင် သတိမရချင်တော့ ကြည်နှုးပီတိတွေက သူတို့ရင်ထဲမှာ အပြည့်ဖြစ်နေသည်မို့..။
    တစ်နေ့တော့ သူ တောထဲကိုသွားခါနီးလေးကို အိမ်ထဲမှာရှိနေတဲ့ သမီးငယ်ဖြစ်သူကို လှမ်းပြောလိုက်တယ်။ " ချစ်သမီး ဟိုနေရာမှာကတော့ နှစ်ချို့ ဆန် ဆန်ဟောင်းကလေး တွေရှိလေရဲ့ ၊ ဟိုနေရာမှာကတော့ နွားနို့ တွေ့ရှိတယ်၊ ဟိုနေရာမှာ ထောပတ်ရှိတယ်၊ ဟိုမှာတော့ တင်လဲခဲတွေရှိတယ်။ သင်၏မော်တော်ကြီး ဆွမ်းခံကြွလာတဲ့ အချိန်မှာ ဆွမ်းကို ချက်ပြီး နွားနို့ ထောပတ် တင်လဲတို့ဖြင့် ရောစပ်ပြီးတော့ လှူဒါန်းပူဇော်လိုက်နော်၊  သမီးလည်း လှူဒါန်းပြီး ပိုတာကို စားလိုက်နော် " ဟု မှာကြားလိုက်တယ်။ ဒီလို ဒါယိကာမကြီးပြောတဲ့ စကားသံလေးကို ကိုယ်တော်လေးကြားမိခြင်းပါ။
    မိမိကြားမိတဲ့ နေရာက ရဟန်းတော်များအတွက် သင်္ကန်းရုံဖို့ ထားရှိထားတဲ့ ရွှာအ၀င်နေရာလေးမှာပါ။ သင်္ကန်လေးရုံပြီးတော့ သင်္ကန်းရုံပြီးစမှာ သပိတ်အိတ် အတွင်းကနေ သပိတ်ကို ထုတ်ပြီးတော့ ဆွမ်းခံဖို့ရန် ပြင်လိုက်တဲ့ အချိန်အခါမှာ လှမ်းပြီးကြားမိတာပါ။ ဆက်ပြောမည့် စကားလေးကို ဆက်ပြီးတော့ စူးစိုက် အာရုံခံလိုက်မိတယ်။ " အမေရော ဘာစားမလဲ။ အမေ့အတွက် ဘာပြင်ဆင်ထားလိုက်ရမလဲ " ဟု သမီးငယ် ဖြစ်သူက မေးလိုက်၏။
"ငါကတော့ မနေ့တုန်းက ကျန်တဲ့ ထမင်းကြမ်းလေးကို ပအုန်းရည်နဲ့ ခုစားပြီးပြီ " လို့ အမေကြီးကလှမ်းပြောပြန်တယ်။ ဒီအခါ သမီးကထပ်ပြီး "နေ့အခါကျရင်ကော အမေဘာစားမလဲ " လို့မေးလိုက်တဲ့ အချိန်အခါကျတော့ "နေ့အခါတော့ကွယ် ဟင်းရွှက်ကလေးနဲ့ ဆန်ကွဲလေးနဲ့ ရောပြုတ်ထားတဲ့ ချဉ်စပ်စပ်ရှိနေတဲ့ ယာဂုလေးကိုပဲ ငါ့အတွက် စီစဉ်ထားလိုက်ပေတော့ " လို့ ဒီလိုပြောလိုက်ပြီး တောလမ်းလေးဆီသို့ ထွက်ခွာသွားတာကို မြင်လိုက်တယ်။
  

.    .ဒီပြောနေတဲ့ စကားသံကို မိမိ ကြားလိုက်မိလေတော့ စိတ်ထဲမှာ တော်တော်လေးမကောာင်းဖြစ်သွားမိတယ်။ ပြီးတော့ မိမိတစ်ကိုယ်တည်း အတွေးထဲဝင်လာတာကတော့ " ဥပါသိကာမကြီးက မအုန်းရည်နဲ့ ရောထားတဲ့ ယမန်နေ့က ကျန်နေတဲ့ ထမင်းကြမ်းကိုတော့ စားပြီး၊ နေ့အခါကျတော့လည်း ဆန်ကွဲလေးနဲ့ ဟင်းရွှက်နဲ့ရေပြုတ်ထားတဲ့ ချဉ်စပ် အရသာရှိနေတဲ့ ယာဂုလေးကို စားမယ်လို့ပြောနေတယ်၊ သင့်အတွက်ကျတော့ ဆန်ကောင်းတွေ ထောပတ်တွေ တင်လဲတွေ ပျားတွေ ဒါတွေနဲ့ ရောစပ်ပြီးတော့ ဆွမ်းကို ကျကျနန လှူခိုင်းနေပြီ။ ဘာအတွက်လှူနေတာလည်းလို့ ဝေဖန်ဆန်းစစ်တော့လည်း ဒီ ဒါယိကာမကြီးက သင့်ကို အမှီပြုပြီးတော့ လယ်တွေ ရဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်လည်း မရှိဘူး။ ယာတွေ ထမင်းတွေ ရဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်တွေလည်း မရှိပြန်ဘူး ဘာကိုမျှော်လင့်သလဲ ဆိုတော့ လူချမ်းသာ နတ်ချမ်းသာ နိဗာန်ချမ်းသာ ဆိုတဲ့ လူနတ် နိဗာန် သုံးတန်သော စည်းစိမ်ချမ်းသာတို့ကို မျှော်လင့်တောင့်တ ပြီးတော့ လှူဒါန်းပူဇော် နေပါသကောဟု သုံးသပ်မိလိုက်တယ်။ ထပ်ပြီးတော့ " သင်သည် ဒီဒကာမကြီး မျှော်လင့်တောင့်တနေတဲ့ လူနတ် နိဗာန် သုံးတန်သော စည်းစိမ်ချမ်းသာ တွေကို သမ္ပတိတွေကို ပေးဖို့ရန်အတွက် စွမ်းအားရှိပါရဲ့ လား စွမ်းအားမရှိ ဖြစ်နေလေရော့သလားလို့ " မိမိကိုယ်ကို မေးကြည့်တယ်။ ပြီးတော့ မိမိတစ်ကိုယ်တည်း စိတ်ထဲကနေပြီး " ဤဆွမ်းကို ရာဂတန်းလန်းနဲ့ ဒေါသတန်းလန်းနဲ့ မောဟ တန်းလန်းနဲ့ သင်ကဲ့သို့သော ပုဂိုလ်မျိုးကတော့ မစားသုံးထိုက်တော့ဘူး" ဟု နှလုံးပိုက်ပြီးတော့ သပိတ်ကို သပိတ်အိပ်ထဲထည့်၊ နားပတ်ကွင်းအိမ်ထဲမှာ တပ်ထားတဲ့ နားပတ်သီးကို ဖြုတ်လိုက်တယ်၊ ဖြုတ်ပြီး သင်္ကန်းရုံကို ဖျက်ပြီး ပြန်လှည့်လာခဲ့တော့တယ်။ မိမိ သီတင်းသုံး ကျင့်ကြံရာ ကဿကလိုဏ်ဂူကို ပြန်ကြွလာလိုက်တော့တယ်။ လိုဏ်ဂူအတွင်း ရောက်တဲ့ အချိန်အခါမှာတော့ သပတိကို ကုဋ္ဋင်ညောင်စောင်းအောက်မှာ ထားလိုက်တယ်။ အပေါ်ရုံ ဧကသီကိုလည်း သင်္ကန်းတန်းပေါ်မှာ တင်ထားလိုက်ပြီးနောက် ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက့်တယ်။ အရဟတ္တဖိုလ် မရောက်မချင်း ဒီလိုဏ်ဂူအတွင်းမှ ငါဘယ်တော့မှ မထွက်တော့ဘူးလို့ စိတ်ကနေ ဆောက်တည်လိုက်တယ်။ ဒီလိုဆောက်တည်ပြီးတော့ တကယ်လက်တွေ့ သမထ-၀ိပဿနာ ဘာဝနာတွေကို ပွားများအားထုတ်တော်မှုလိုက်တယ်။ နောက်ဆုံး ကျင့်ကြံအားထုတ်လိုက်တာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့  အာသဝေါကုန်ခမ်းတဲ့ ရဟန္တာ အဖြစ်ကို ဆိုက်ရောက်တော်မှုပြီး လိုဏ်ဂူတော်ထဲမှာဘဲ ထိုင်ပြီးတော့ သီတင်းသုံးနေတော်မှုလိုက်တယ်။ အဲ့ဒီအချိန်မှာ လိုဏ်ဂူတံခါးဝ သစ်ပင်မှာအုပ်စိုးပြီး နေထိုင်တဲ့ နတ်က မိမိရှေ့မှောက်မှာ လာရောက်ဖူးမြော်လာတာကို တွေ့လိုက်၏။ ပြီးတော့ ထိုနတ်သားက လျှောက်ထားလေရဲ့  " ယောက်ျားမြတ်၊ ယောက်ျား အာဇာနည် ဖြစ်တော်မှုပါပေသော အရှင်ဘုရားအား တပည့်တော် ရှိခိုးပါတယ်။ ဆင်းရဲခြင်း ကင်းတော်မှုသော အရှင်မြတ်ဘုရား ၊ အရှင်မြတ်ဘုရား၏ သန္တာန်မှာ အာသဝေါတရားတွေ ကုန်ခန်းသွားပြီ ဖြစ်တယ်။ ဒါကြောင့် အရှင်ဘုရားသည် ကံ နှင့် အကျိုးတရားကို မျှော်လင့်တောင့်တပြီးတော့ လှူဒါန်းပူဇော်နေတဲ့ အလှူကောင်း အလှူမှန်ဟူသမျှကို စိုးယူပိုင်သ ခံယူတော်မှုထိုက်တဲ့ ဒက္ခိဏေယျပုဂိုလ်အစစ် ဖြစ်တော်မှုပါပေတယ် " လို့ ဒီလိုလျှောက်ထားပြီး ထပ်ပြီး တိုက်တွန်းပြန်သေးရဲ့ ။
" အရှင်ဘုရား…ဆွမ်းအလို့ဌာ ရွှာအတွင်းသို့ ကြွဝင်တော်မှုကြတဲ့ အရှင်ဘုရားကဲ့သို့သော ရဟန္တာပုဂိုလ်တွေကို ဆွမ်းလှူဒါန်းပူဇော်ရခြင်း တည်းဟူသော အကြောင်းကြောင့် အသက်အရွှယ် ကြီးရင့်နေတဲ့ အိုမင်းမစွမ်းဖြစ်တဲ့ အမျိုးသမီးကြီးတွေသည် သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ပြီး သွားနိုင်ကြပါတယ်။ ဒါကြောင့် အရှင်ဘုရား ဆွမ်းကို ကြွရောက်ပြီး ချီးမြှင့်အလှူခံပေးတော်မှုပါ" ဆိုပြီးတော့ လျှောက် ထားတိုက်တွန်းခြင်းပါ။
ထိုလျှောက်ထားပြီး အပြီးမှာတော့ မိမိလည်း ဆွမ်းစားချိန် မှီသေးသည့် အတွက်ကြောင့် ဆွမ်းအလှူခံ ကြွလာလိုက်တော့တယ်။ ဒါယိကာမကြီး သမီးလောင်းလှူသည့် ဆွမ်းအလှူကို ခံယူပြီးနောက် သာဓု အနုမောဒနာ တရားဟောကြားက တည်ငြိမ်ရင့်ကျက်သော ခြေလှမ်းများဖြင့် မိမိသီတင်းသုံးရာဆီသို့ ကြွလှမ်းတော်မှုခဲ့လိုက်တော့၏်။
    မထေရ်မြတ်ကြီး ဆွမ်းအလှူခံပြီးနောက် ဒါယိကာမကြီးလည်း တောထဲကနေ ပြန်ရောက်လာတယ် ပြီးတော့ သူ့သမီးကို " ချစ်သမီး အမေပြောတဲ့အတိုင်း လောင်းလှူလိုက်လားသမီး" ဟု ခရီးရောက်မဆိုက်မေးလိုက်တယ်။ ထိုအခါမှာ သမီးက " ဟုတ် မေကြီး သမီးလောင်းလှူပြီးပါပြီ ဒီနေ့ အကိုတော်ကို ဖူးရတာ ခါတိုင်းနေ့တွေနဲ့ မတူဘူးအမေ ပိုပြီး ရွှင်ပြ တင့်တယ် တည်ငြိမ်သွားသလိုဘဲ အမေ၊ သမီးတောင် ဖူးဖော် ကြည်ညိုလို့ မ၀နိုင်အောင်ဘဲ အမေရယ်" ဟုပြောလိုက်တယ်။ ထိုအခါမှာ မိမိလည်း " သမီးရဲ့  အကိုတော်ကတော့ ရဟန်းကိစ္စပြီးမြောက် သွားပြီ ထင်တယ်၊ ကြည်နှုးပီတိ ဖြစ်လိုက်တာ သမီးရယ်" ဟုဆိုကာ မြေပြင်တွင် ပဆစ်တုပ်ကွေး ထိုင်ချလိုက် ကာ တလှမ်းခြင်း တရွှေ့ ရွှေ့ ပြန်ကြွသွားတော်မှုသော ကိုယ်တော်မြတ်ကို ဖူးမော်ရှိခိုး ပူဇော်လိုက်လေတော့၏………………..။။။။။။။။။။။။။။။ 
စာကြွင်း။ ။ ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏ (သေရာညောင်စောင်း လျောင်းစက်သောအခါ) တရားတော်မှ ဆွမ်းကို တုံ့လှည့် တဖန် ပူဇော်တဲ့ လုပ်ငန်းရပ်မှာ စံပြဖြစ်တဲ့ မဟာမိတ္တ (အယျမိတ္တ) မထေရ်မြတ်ကြီးအကြောင်းကို ဟောပြထားသည်ကို ၀တ္တုသဖွယ် ခံစားတင်ပြထားခြင်းဖြစ်ပါသည်။ တော်တော်များများကို ဆရာတော် ဘုရားကြီး၏ တရားတော်မှ မှုရင်းအတိုင်း ကောက်နှုတ် တင်ပြထားပါသည်။ တချို့ အမှားအယွင်းများ ရှိပါက မိမိတွင် မှုတည်ပါသောကြောင့် နားလည် ခွင့်လွတ် ပြင်ဆင်ပေးကြဖို့လည်း တောင်းဆိုပါသည်။ မိမိအနေနဲ့တော့ ကိုယ်တော်မြတ်ကြီး၏ မိမိဆွမ်းဒါယိကာမ တို့အပေါ်ထားရှိသော စေတနာ၊ သုံးသပ်နားလည် သိမြင်တက်သော ခံယူချက် နှင့် ဥာဏ်ပညာ၊ မလျော့သော လုံ့လ ၀ီရိယ ရှိမှုတို့အား လေးစားပူဇော် ဦးခိုက်မိပါတော့သည်။ ပြီးတော့ " ငါကော ငါလုပ်နေရတဲ့ အလုပ်နဲ့၊ ရနေတဲ့ လစာနဲ့  ထိုက်တန်တဲ့ တုံ့ပြန်မှုမျိုးတွေ ပေးစွမ်းနိုင်ပြီလား " ဆိုတာကို မိမိကိုယ်ကို ထပ်ခါထပ်ခါ ပြန်မေးကြည့်မိ၏။ တုံ့လှည့်တဖန် ကျေးဇူးဆပ်ဖူးချင်စိတ်တို့ ဖြစ်ပေါ်လာမိသည်တော့ အမှန်။ မိတ်ဆွေအေပါင်းအသင်းတို့လည်း မိမိတို့ ရပ်တည်နေသောအသင်းအဖွဲ့ ၊ မိမိတို့ အပေါ်တွင် ထားရှိခဲ့ကြသော မိတ်ဆွေ အပေါင်းအသင်းတို့များ၏ မေတ္တာစေတနာ ကျေးဇူးတရားများကိုလည်း ပြန်လည်ပြီးတော့ တုံ့ပြန် ကျေးဇူးဆပ်နိုင်ကြစေကြောင်း ဆုမွန် ကောင်းဖြင့် နှစ်သစ်မှာ တောင်းဆုချွေလိုက်မိပါတော့သည်.။
                             ငြိမ်းအေးထွန်း ၁၃.၄.၂၀၁၃ (သင်္ကြန်အကြိုနေ့)